ဘာကြောင့်အလေးထားသင့်သလဲ
အဆောက်အအုံအတွင်းရှိ လေထုညစ်ညမ်းမှုဟာ အချိန်မတိုင်ခင် သေဆုံးရခြင်းရဲ့ အဓိက အကြောင်းအချက် ဖြစ်ပါတယ်။ အဆောက်အအုံအတွင်း လေထုညစ်ညမ်းမှုကို အသံတိတ် လူသတ်သမားလို့တောင် ဝိဂြိုဟ်ပြုကြပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အဆောက်အအုံအတွင်းရှိ လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူပေါင်း ၄ ဒသမ ၆ သန်းခန့် သေဆုံးရတယ်လို့ ဆိုပါတယ်။ ဝင်ငွေနိမ့်ပါးတဲ့ တိုင်းပြည်များမှာ ပိုမိုဆိုးရွားပြီး ၎င်းနိုင်ငံများတွင် နှစ်စဉ်အကြောင်း အမျိုးမျိုးဖြင့် သေဆုံးမှုအားလုံးရဲ့ ၆ ရာခိုင်နှုန်းခန့်သည် အဆောက်အအုံအတွင်းရှိ လေထုညစ်ညမ်းမှုများကြောင့် ဖြစ်ပါတယ်။ ဝင်ငွေနိမ့်တိုင်းပြည် များနဲ့ ဝင်ငွေမြင့်မားတဲ့ တိုင်းပြည်များ နှိုင်းယှဉ်ကြည့်ပါက အဆောက်အအုံအတွင်း လေထုညစ်ညမ်းမှုကြောင့် သေဆုံးရမှုများဟာ အဆ ၁၀၀၀ ခန့်တောင် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ၁၉၉၀ ပြည့်နှစ်များနှင့် နှိုင်းယှဉ်လျှင်တော့ အဆိုပါ အဆောက်အအုံအတွင်း လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှုဟာ ကမ္ဘာပေါ်မှာ တစ်နှစ်ကို တစ်သန်းခန့်လျော့ကျ လာကြောင်းလည်းသိရပါတယ်။ အဆောက်အအုံအတွင်း လေထုညစ်ညမ်းမှု အများစုဟာ ထင်းမီးသွေး အသုံးပြုချက်ပြုတ်ကြတာကြောင့် ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ စွမ်းအင် အသုံးပြု ချက်ပြုတ်နိုင်မှုဟာ ကမ္ဘာပေါ်မှာ ၆၀ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။ အဆိုပါ သန့်ရှင်းစွမ်းအင် အသုံးပြုနိုင်မှုဟာ တဖြေးဖြေးနဲ့တော့ တိုးတက်လာနေတယ်လို့ ဆိုပါတယ်။
လေထုညစ်ညမ်းမှုတွေဟာ နှလုံးနှင့်သွေးလည်ပတ်မှုဆိုင်ရာ ရောဂါများနဲ့ ပန်းနာရင်ကျပ်စတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ အချိန်တော်တော် များများကို နေအိမ်များ၊ အဆောက်အအုံများ အတွင်း၌သာ နေထိုင်ရင်း ကုန်ဆုံးကြပါတယ်။ အချို့သုတေသန ပြုချက်များမှာ တွေ့ရှိချက်များအရ နေ့တစ်နေ့၏ ၉၀ ရာခိုင်နှုန်း လောက်ဟာ အဆောက်အအုံများ အတွင်းတွင်သာ နေထိုင်ကြကြောင်း သိရပါတယ်။ ဒါ့ကြောင့် နေအိမ် အဆောက်အအုံများ အတွင်းရှိ လေထုရဲ့ အရည်အသွေးဟာ အထူးအရေးကြီးပါတယ်။
အဆောက်အအုံများ အတွင်းရှိ လေထုထဲမှာရှိနေတဲ့ လေထုညစ်ညမ်းမှု ဖြစ်စေနိုင်သော မျက်စိနဲ့ မမြင်နိုင်တဲ့ အမှုန်အမွှား (particulate matter PM)တွေက ဘယ်ကလာသလဲ
နေအိမ်တွင်း နေထိုင်စဉ်ရှူသွင်းလိုက်တဲ့လေထဲမှာ ပါဝင်တဲ့အမှုန်အမွှားတွေရဲ့ အဓိကအရင်းအမြစ်ကတော့ လောင်ကျွမ်းမှု ဖြစ်စဉ်များ အထူးသဖြင့် ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း စတဲ့ဖြစ်စဉ်တွေကနေ ထွက်လာတာ ဖြစ်ပါတယ်။ မီးဖိုများမှ ထွက်ရှိတဲ့ အလွန်သေးငယ်သော အမှုန်များ၊ ဖယောင်းတိုင်ထွန်းခြင်း၊ အမွှေးတိုင်ထွန်းခြင်းနဲ့ ခြင်ဆေးထွန်းခြင်း စတဲ့လောင်ကျွမ်းမှု ဖြစ်စဉ်များမှ ထွက်လာတဲ့ အမှုန်များဟာ လေထုညစ်ညမ်း စေမှုရဲ့ အရင်းအမြစ်များပဲဖြစ်ပါတယ်။ အဝတ်များခါခြင်း ခေါက်သိမ်းခြင်း၊ တံမြက်စည်းလှည်းခြင်း၊ ဖုန်ခါခြင်း စတဲ့အိမ်မှုဝေယျာဝစ္စများ ပြုလုပ်ရာမှ ထွက်ပေါ်လာတဲ့ အမှုန်များဟာ ဆိုရင်လည်း ကျွန်ုပ်တို့ နေ့စဉ်ရှူသွင်းနေတဲ့ လေထုကို ညစ်ညမ်းမှု ဖြစ်စေတဲ့ အထဲမှာ ပါဝင်နေပါတယ်။ အဲ့ဒီလို လေထုထဲ ရောက်ရှိလာတဲ့ သေးငယ်တဲ့အမှုန်များ၊ မျက်စိနဲ့မမြင်နိုင်တဲ့ အလွန်သေးငယ်တဲ့ အမှုန်များဟာ ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။ ကျွန်ုပ်တို့ရဲ့ နေအိမ် အဆောက်အအုံများဟာ ပြင်ပမှ ဝင်လာနိုင်တဲ့ လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ အမှုန်အမွှားများကို ကာကွယ် ပေးထားသော်လည်း အိမ်ထဲမှ ထွက်ပေါ်လာတဲ့ အဆိုပါ အမှုန်အမွှားများဟာတော့ အိမ်ထဲ အဆောက်အအုံထဲမှာပဲ စုစည်းနေစေသလို ဖြစ်တယ်ဆိုတာလည်း သတိပြုသင့်ပါတယ်။
သတိမထားမိသော နေအိမ်တွင်းလေထု ညစ်ညမ်းစေမှုများ
နေအိမ်တွင်း လေထုညစ်ညမ်းမှုလို့ဆိုလိုက်တာနဲ့ ချက်ပြုတ်ရာမှထွက်တဲ့မီးခိုးများ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များနဲ့ ခြင်ဆေးခွေ စတဲ့နေ့စဉ်သုံးမီးခိုးထွက်စေတဲ့ ပစ္စည်းများကိုပဲ ပြေးမြင်တတ်ကြပါတယ်။ စက္ကူများ ပရင့်ထုတ်ရာမှာ သုံးတဲ့မင်များ၊ အိမ်သုတ်ဆေးများ၊ ကပ်ခွာကော်များ၊ သန့်ရှင်းရေး လုပ်ရာမှာ သုံးတဲ့ဓာတုပစ္စည်များ၊ တစ်ကိုယ်ရေသုံးသန့်ရှင်းရေးနဲ့ အလှပြင်ပစ္စည်းများမှလည်း လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ အမှုန်အမွှားများကို ထွက်ရှိစေပါတယ်။ အထူးသဖြင့် ရေချိုးခန်းသုံး ပစ္စည်းများဖြစ်တဲ့ ရနံ့ပါတဲ့ ဆပ်ပြာအရည်များ၊ ခေါင်းလျှော်ရည်များနဲ့ ချွေးနံ့ပျောက်ဖျန်းဆေးကဲ့သို့သော အလှပြင်ပစ္စည်းများ၊ ဘော်ဒီစပရေးများ စသည်တို့မှအငွေ့ပြန်ပြီးထွက်လာတဲ့ အမှုန်အမွှားများဟာ ဆိုရင်လည်း နေအိမ်တွင်း လေထုညစ်ညမ်းမှုကိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ၎င်းပစ္စည်းများကို ဝယ်ယူမယ်ဆိုပါက ပါဝင်တဲ့အမယ်များကို သေချာစိစစ်ပြီးမှ သုံးသင့်ပါတယ်။ အထူးသဖြင့် အငွေ့ပြန်စေသော ဓာတုပစ္စည်းများ ပါဝင်နေမှုကို သတိထားသင့်ပါတယ်။
ကျန်းမာရေးအပေါ်သက်ရောက်မှုများ
ယေဘုယျအားဖြင့် အမှုန်အမွှားအနံ့အသက်များဟာ ပန်းနာရင်ကျပ်ဖြစ်စေတယ် ဆိုတာကိုတော့ လူအတော် များများက သတိပြုမိကြပြီး ဖြစ်ပါလိမ့်မယ်။ လေ့လာသုတေသနပြုမှုများအရ ယာဉ်အသွားအလာမှ ထွက်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုဟာ အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါနဲ့ ဆက်နွှယ်နေကြောင်း ဖော်ပြနေပါတယ်။ လူအများစုသတိမပြုမိတာကတော့ အဆိုပါလေထုထဲမှာရှိနေတဲ့ အမှုန်အမွှားများဟာ နှလုံးနဲ့ သွေးလှည့်ပတ်မှုဆိုင်ရာ ရောဂါများကိုဖြစ်စေနိုင်တယ် ဆိုတာကိုပါ။ ဘယ်လောက်ပမာဏလောက်ကို ရှူမိရင် ဘေးဥပဒ်မဖြစ်စေနိုင်ဘူးဆိုတဲ့ သတ်မှတ်ချက်မျိုးလည်းမရှိပါဘူး။ ဆိုလိုတာက လေထုထဲကအမှုန်အမွှားအနည်းငယ်ရှူမိရင်တောင် ရောဂါရစေနိုင်တာမျိုးပဲဖြစ်ပါတယ်။ နေအိမ်တွင်းမှာ လေထုညစ်ညမ်းမှုရှိနေမယ်။ ပြီးတော့ အဆိုပါ လေထုကို ရှူသွင်းနေရမယ်ဆိုရင် အဆုတ်ကို ရောင်ရမ်းစေလာနိုင်ပါတယ်။ အဆုတ်ရောင်တဲ့ လက္ခဏာတွေကတော့ ရင်ဘတ်နဲ့ ပခုံးများနာခြင်း၊ အသက်မျှဉ်းမျှဉ်း ရှူနေရခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမျက်နာခြင်းနဲ့ အသက်ရှူရ ခက်ခဲခြင်း စသည်တို့ပဲဖြစ်ပါတယ်။ ထို့ပြင် အဆိုပါ လေထုထဲက မျက်စိနဲ့မမြင်နိုင်တဲ့ အမှုန်အမွှားများဟာ သွေးကြောထဲကိုလည်း ပျော်ဝင်ရောက်ရှိသွားနိုင်ပြီးတော့ သွေးဆဲလ်များနဲ့ သွေးကြောနံရံများကို ဒုက္ခပေးနိုင်ပါသေးတယ်။ ဒါ့ကြောင့် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများလည်း ဖြစ်ပွားနိုင်ပါတယ်။
အလေးထားဂရုမူရမည့်အချက်များ
အရေးကြီးဆုံးကတော့ နေအိမ်အဆောက်အအုံအတွင်း မီးခိုးထွက်စေတဲ့ အလေ့အကျင့်များကို ရှောင်ရှားပါ။ အမွှေးတိုင်ထွန်းခြင်း၊ ဖယောင်းတိုင်ထွန်းခြင်း၊ ခြင်ဆေးခွေများထွန်းခြင်း စတဲ့ကိစ္စရပ်များကို တနည်းနည်းဖြင့် အစားထိုးနိုင်အောင် စီစဉ်ဆောင်ရွက်ပါ။ ဥပမာ ခြင်ဆေးခွေထွန်းခြင်းအစား အခြားသော ခြင်နှိမ်နင်းနည်းများကိုသုံးပါ။ ထင်းမီးသွေးများဖြင့် ချက်ပြုတ်ခြင်းကိုလည်း ဖြစ်နိုင်ပါကအစားထိုးနိုင်အောင် စီစဉ်ပါ။ မဖြစ်မနေချက်ပြုတ်ရပါကလည်း နေအိမ်အတွင်း ချက်ပြုတ်ခြင်းမပြုသင့်ပါ။ ဓာတုနည်းဖြင့် ပြုလုပ်ထားတဲ့ ဖျန်းဆေးအမျိုးမျိုး၊ စပရေးအမျိုးမျိုးအသုံးပြုခြင်းကို ရှောင်ပါ။ မီးဖိုနဲ့အိပ်သည့်နေရာ နီးကပ်စွာရှိမနေသင့်ပါ။ ထို့ပြင် မီးဖိုခန်းသည် လေဝင်လေထွက် ကောင်းမွန်စေရပါမယ်။ တတ်နိုင်ပါက အနံ့စုပ်ပန်ကာလိုဟာမျိုးကို တပ်ဆင်ထားသင့်ပါတယ်။ နေအိမ်ကို သန့်သန့်ရှင်းရှင်းနေနိုင်အောင် အမြဲဆောင်ရွက်ပါ။ လေဝင်လေထွက်ကောင်းမွန်စေရန် စီစဉ်ဆောင်ရွက်ပါ။ ဖိနပ်များကို တံခါးဝမှာပဲ ချွတ်ထားပါ။ ပြတင်းပေါက်ဘောင်အောက်ခြေများ၊ တံခါးများ၊ ဖုန်စုနေနိုင်တဲ့ ချောင်ကြိုချောင်ကြား နေရာများ၊ ကြမ်းခင်းများ၊ ကော်ဇောများ စသည်တို့ကိုအစဉ်သန့်ရှင်းရေးလုပ်ဆောင်ပါ။ တိရစ္ဆာန်များရှိပါက သန့်ရှင်းရေး အထူးဂရုပြုပြီး ၎င်းတို့လှောင်အိမ်များကိုပါ သန့်ရှင်းရေးပုံမှန်လုပ်ဆောင်ပေးပါ။ တတ်နိုင်ပါက လေသန့်စင်စက်များထားရှိခြင်း၊ နေအိမ်တွင်း လေထုအခြေအနေတိုင်းတာစက်များ ထားရှိကာ စောင့်ကြည့်မှုများလည်း ပြုလုပ်နိုင်ပါတယ်။ မိမိတို့နိုင်ငံဟာလည်း ဝင်ငွေနိမ့်တိုင်းပြည်ဖြစ်တာနှင့်အညီ နေ့စဉ်စားဝတ်နေရေး လုံးပန်းနေရသောကြောင့် အများစုအနေဖြင့် နိစ္စဓူဝကျန်းမာရေးဆိုင်ရာ ဂရုမူရမဲ့ အချက်တွေကို မေ့လျော့နေတတ်ကြပါတယ်။ အထူးသဖြင့် ရောဂါဖြစ်မှသာ ဆေးရုံဆေးခန်းသို့ သွားရောက်ရပါက ကုန်ကျစရိတ် အလွန်မြင့်မားပါတယ်။ ထို့ကြောင့် အနည်းငယ်သတိပြုလိုက်နာ ဆောင်ရွက်ရုံမျှဖြင့် ကြီးမားတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ရရှိနိုင်တဲ့ အချက်များကို အလေးထားလိုက်နာ ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ပါတယ်။ ။
ကိုဇေ