ကိုယ်ခံအားကောင်းစေဖို့ဆိုရင် ဘယ်အရာတွေက အကောင်းဆုံးဖြစ်မလဲ

ကိုယ်ခံအားကောင်းစေဖို့ဆိုရင် ဘယ်အရာတွေက အကောင်းဆုံးဖြစ်မလဲ

လူသားတွေဟာ ကိုဗစ်-၁၉ ဆိုတဲ့ ကပ်ရောဂါကြီးကို နှစ်နှစ်တိုင်တိုင် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရပြီးပါပြီ။ အဲဒီနှစ်နှစ်အတွင်း ကိုယ့်ရဲ့ကိုယ်ခံအားနဲ့ ပတ်သက်လို့ ဘယ်လို သင်ခန်းစာတွေ ရရှိခဲ့ပြီးပြီလဲ။

ဒီနှစ်သစ်မှာတော့ ကိုဗစ်ရောဂါက အကင်းမသေသေးတဲ့အပြင် ဖလူလို့ခေါ်တဲ့ တုပ်ကွေးရောဂါကပါ ထပ်ဆင့်ဖြစ်ပွားလာတာကို တွေ့နေရပါတယ်။

ဒီအချိန်မှာ မိမိတို့အတွက် အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံးအရာက ကိုယ်ခံအား ကောင်းမွန်မြင့်တက်နေဖို့ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားက ဘာလဲဆိုတာကို အရင်ရှင်းပြပါရစေ။

ကိုယ်ခံအားဆိုတာ ခန္ဓာကိုယ်ကနေထွက်ရှိတဲ့ သဘာဝ အတားအဆီးတစ်မျိုးဖြစ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုတည်းကနေ အလုပ်အားလုံးကို လုပ်နေတာမျိုး မဟုတ်ပါဘူး။

တကယ်တမ်းတော့ ကိုယ်ခံအားဆိုတာ အလွန်ရှုပ်ထွေးလှတဲ့ ကွန်ရက်ကြီးတစ်ခုဖြစ်ပြီး သူ့ထဲမှာ သွေးဖြူဥတွေ၊ ပဋိပစ္စည်းတွေ၊ သရက်ရွက်၊ ရိုးတွင်းချဉ်ဆီနဲ့ သိုင်းမတ်တို့ ပါဝင်နေပါတယ်။

ပြီးတဲ့အခါ သူ့ကိုဖြည့်စွက် ထောက်ကူပေးတဲ့စနစ်နဲ့ သွေးပြန်ရည်စနစ်တို့ကလည်း ကိုယ်ခံအားထဲမှာ ပါဝင်နေပါတယ်။ ဖြည့်စွက်ထောက်ကူပေးတဲ့စနစ်မှာ ပဋိပစ္စည်း

များရဲ့တိုက်ခိုက်ရေး စွမ်းရည်ကို ပိုမိုတိုးတက်စေမယ့် ပရိုတင်းတွေ ပါဝင်ပြီး  သွေးပြန်ရည်စနစ်ကတော့ အဏုဇီဝရုပ်တွေကို   ထောင်ချောက်ဆင်ဖမ်းကာ ကလာပ်စည်းတွေနဲ့ ဟန်ချက်ညီညီ လှုပ်ရှားတဲ့စနစ် ဖြစ်ပါတယ်။

ဒါ့အပြင် တခြားကာကွယ်ရေး စနစ်တွေလည်း များစွာ ရှိပါသေးတယ်။ အဲဒီထဲမှာ အဆုတ်၊ အစာခြေလမ်းကြောင်း၊ အရေပြားနဲ့ ခန္ဓာကိုယ်က ထွက်တဲ့အရည်များ ပါဝင်ပါတယ်။

အဆုတ်ရဲ့လုပ်ဆောင်ချက်က ပြင်ပအမှုန်တွေကို ပိတ်လှောင်ပြီးဖမ်းဖို့ သလိပ်တွေကို ထုတ်ပေးပါတယ်။ အစာခြေလမ်းကြောင်းထဲမှာ အစာခြေအက်စစ်က အဏုဇီဝရုပ် အများအပြားကို သေစေပါတယ်။ အရေပြားကတော့ ရေစိုခံအတားအဆီးကဲ့သို့ ဖြစ်ပြီး ဗက်တီးရီးယားတွေကို သတ်ဖြတ်နိုင်စွမ်းရှိတဲ့ အဆီကိုထုတ်ပေးပါတယ်။ ခန္ဓာကိုယ်က ထွက်တဲ့ အရည်များထဲမှာတော့ တံတွေး၊ မျက်ရည်၊ ဆီး စတာတွေပါဝင်ပါတယ်။

အားလုံးကိုခြုံငုံပြီးကြည့်ရင် အထက်မှာ ဖော်ပြခဲ့တဲ့ အရာတွေက  မွေးရာပါ ကိုယ်ခံအားတွေဖြစ်ပြီး မျိုးရိုးဗီဇအပေါ်လိုက်လို့ ပြောင်းလဲနိုင်ပါတယ်။

နောက်ထပ်အကာအကွယ် တစ်လွှာကတော့ ဖြစ်ပေါ်လာတဲ့ ကိုယ်ခံအားဖြစ်ပါတယ်။ ဆိုလိုတာက ယခင်ရောဂါဖြစ်ဖူးလို့ ဒါမှမဟုတ် ကာကွယ်ဆေးထိုးဖူးလို့ ထွက်ရှိနေတဲ့ ကိုယ်ခံအားပါ။

ဒီနေရာမှာကျတော့ ကိုယ်ခံအားစနစ်က အခြေအနေတွေကို သင်ယူပြီး မှတ်ဉာဏ်ကို ဖန်တီးဖြစ်ပေါ်စေပါတယ်။ အရှင်းဆုံးပြောရရင်  မိမိတို့ရဲ့ ကိုယ်ခံအားစနစ်က သူ့အနေနဲ့ အနိုင်တိုက်ခဲ့ဖူးတဲ့  ရောဂါပိုးမွှားတွေ၊ အဏုဇီဝရုပ်တွေကို  မလွတ်တမ်း မှတ်မိနိုင်စွမ်းရှိတယ်လို့ဆိုနိုင်ပါတယ်။

ဒါပေမဲ့ အဲဒီမှတ်ဉာဏ်စနစ်မှာလည်း ချို့ယွင်းချက်တစ်ခု ရှိနေပြန်ပါသေးတယ်။ အဲဒါကတော့ မိမိတို့ရဲ့ကိုယ်ခံအားစနစ်ဟာ အမျိုးမတူတဲ့ တုပ်ကွေးရောဂါပိုး တစ်မျိုးနဲ့ရင်ဆိုင်တွေ့ချိန်မှာ ဘယ်လိုတိုက်ခိုက်ရမှန်း မသိတော့တာပါပဲ။

ဒါကြောင့် အဲဒီမှတ်ဉာဏ်စနစ်အနေနဲ့ နောက်ဆုံးအခြေအနေနဲ့ အညီအမြဲတမ်းဖြစ်နေစေဖို့ လူသားတွေဟာ တုပ်ကွေးရောဂါ ကာကွယ်ဆေး ဒါမှမဟုတ် ကိုဗစ်-၁၉ ရောဂါထပ်တိုး ကာကွယ်ဆေးတွေကို နှစ်စဉ်ထိုးနေရတာပါ။

ဒီလို ကာကွယ်ဆေးထိုးခြင်းကနေ ကိုယ်ခံအား ရရှိနိုင်တာမှန်ပေမယ့် တကယ့်အရေး အကြီးဆုံးကဘာလဲ။ လူအများစု ယေဘုယျလက်ခံထားတဲ့ အတွေးကတော့ ကိုယ်ခံအားစနစ်က ပိုမိုခိုင်မာအားကောင်းလေ မိမိတို့ကိုရောဂါပိုးတွေရဲ့ ကူးစက်မှုကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်လေပဲဖြစ်ပါတယ်။

ဒါဆိုရင် ကာကွယ်ဆေးမထိုးရဘဲ ကိုယ်ခံအားကောင်းဖို့အတွက် ဘယ်လိုအရာတွေက ဖေးမထောက်ကူပေးနိုင်မလဲ။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေလား၊ ဖြည့်စွက်စာတွေလား။  သူတို့ကရော အမှန်တကယ် အလုပ်ဖြစ်ပါ့မလား။

ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုမှတ်ချက်ပြု စကားတွေပြောထားတယ်ဆိုတာကို အခုတင်ပြလိုပါတယ်။

 

-  အိပ်ရေးဝအောင်အိပ်ခြင်းက ကိုယ်ခံအားမြင့်တက်စေဖို့ အမှန်တကယ် ကူညီပေးနိုင်မလား

-  ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အိပ်ရေးဝအောင် အိပ်ခြင်းက ကိုယ်ခံအားမြင့်တက်စေဖို့ ကူညီပေးနိုင်တယ်လို့ ဆိုရပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ မိမိတို့အနေနဲ့ကောင်းစွာ အိပ်စက်ရခြင်းက မိမိတို့ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ တီကလာပ်စည်း အရေအတွက်ကို တိုးပွားစေပါတယ်။ တီကလာပ်စည်း ဆိုတာ ရောဂါပိုးကူးစက်မှုကို တိုက်ထုတ်ရာမှာ အလွန်အရေးကြီးတဲ့ အရာပါ။

နောက်တစ်ချက်က မိမိတို့ရဲ့ဦးနှောက်ဟာ မလိုလားအပ်တဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းဖယ်ရှားလေ့ ရှိပါတယ်။ အဲဒီလိုရှင်းလင်း ဖယ်ရှားတာကလည်း မိမိတို့အနေနဲ့ နှစ်ခြိုက်စွာ အိပ်မောကျချိန်မှာသာ လုပ်ဆောင်တာဖြစ်ပါတယ်။

ပြန်ရည်ကြောစနစ်အတု ဖြစ်ပေါ်ရခြင်းရဲ့ ရည်ရွယ်ချက်က ပဋိဇာတ်ပစ္စည်းတွေနဲ့ တခြားကိုယ်ခံအား ကလာပ်စည်းတွေကို ဦးနှောက်တစ်လျှောက် ပေးပို့ပြီး တစ်နေ့တာလုံး ဦးနှောက်ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဆေးကြောပေးခြင်း ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးခြင်းကြောင့် ခန္ဓာကိုယ်မှာ ရောဂါပိုးကူးစက်မှုကို တိုက်ထုတ်ဖို့ မှတ်ဉာဏ်ဖြစ်ပေါ်စေသလို ကောင်းစွာအိပ်စက်ခြင်းကလည်း ပြင်ပကနေ ခန္ဓာကိုယ်အတွင်း ဝင်လာတဲ့အရာတွေနဲ့ ရောဂါဖြစ်စေတဲ့ အရာတွေကို မှတ်မိနိုင်စွမ်း တိုးတက်မြင့်မားစေပါတယ်။

ဒီအတွက်ကြောင့် လူတစ်ယောက်ဟာ ညစဉ်ညတိုင်း သင့်လျော်တဲ့ အိပ်စက်ချိန်ရှိရမှာဖြစ်ပြီး အနည်းဆုံးအနေနဲ့ အိပ်ချိန် ခုနစ်နာရီနဲ့ ကိုးနာရီကြားရှိခြင်းဟာ အကောင်းဆုံးပါပဲ။

ဒါ့အပြင် တုပ်ကွေးကာကွယ်ဆေး ဒါမှမဟုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးထားတဲ့နေ့ဆိုရင် စောစောစီးစီး အိပ်ရာဝင်ခြင်းက ကိုယ်ခံအား တုံ့ပြန်မှုကို ပိုမိုကောင်းမွန်စေတယ်လို့ သုတေသနတွေမှာ တွေ့ရှိထားပါတယ်။

ဆက်လက်ဖော်ပြပါမည်။