မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြားရှိ "ရွှေလွယ်အင်း" ကုမ္ပဏီ(ငွေအပ်နှံ/ထုတ်ပေးဌာန)မှ လုယက်ခံရမှုမှ  ကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြားရှိ "ရွှေလွယ်အင်း" ကုမ္ပဏီ(ငွေအပ်နှံ/ထုတ်ပေးဌာန)မှ လုယက်ခံရမှုမှ  ကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁၃
    
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြား၊ မင်္လာမန္တလေးအိမ်ရာဝင်း၊ တိုက်(၃)၊ အခန်း(၃)မြေညီထပ်ရှိ ရွှေလွယ်အင်း (ငွေအပ်နှံ/ထုတ်ပေး) ကုမ္ပဏီ သို့ Mask တပ်ဆင်လျှက် လက်နက်ကိုင်ဆောင်ထားသည့် လူ(၄)ဦးမှ ဝင်ရောက်လာကာ ဝန်ထမ်းများအား ခြိမ်းခြောက်၍ ကုမ္ပဏီရှိ ငွေကျပ် သိန်း ၃၀၀၀ ခန့်အား လုယူကာ MDY/xxxx နံပါတ်ပါ ESTIMA အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်းပွားခဲ့သည်။ 

အထက်ပါဖြစ်စဉ်မှ လုယက်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက အချိန်နှင့်တစ်ပြေးညီ စုံစမ်းပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ (၁၁၁)လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျုး လမ်းအတွင်းရှိ ကန္တာရခြုံများကြား၌ ပြစ်မှုကျုးလွန်သူများရပ်ထားခဲ့သော MDY/9C-4145 နံပါတ်ပါ ESTIMA အမျိုးအစား အဖြူရောင်ယာဉ်နှင့် ၎င်းယာဉ်ပေါ်၌ ကျပ်သိန်း ၃၀၀ ထည့်ထားသော ဆာလာအိတ်ဖြူ တစ်အိတ်၊ သေနတ်အတု အရှည် ၃ လက်၊ အတို ၂ လက်၊ ပျောက်ကြား အနက်ရောင်ကျည်ကာအင်္ကျီ ၅ ထည်၊ နိုင်ငံတော်တံဆိပ်တပ်ဆင်ထားသော ဦးထုပ် ၄ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိသော မော်တော်ယာဉ်အား စိစစ်ခဲ့ရာ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး အဆိုပါယာဉ်အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နေ သက်ပိုင်စိုး ဆိုသူ ပိုင်ဆိုင်ကြောင်းစုံစမ်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် သက်ပိုင်စိုး (၂၈)နှစ်အား ငွေကျပ် ၇၆၀ သိန်း၊ မော်တော်ယာဉ် ၂ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ကျောက်ပန်းတောင်းမြို့နယ်၊ တက်မရေနံမှော်၊ လုပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်။

တရားခံ သက်ပိုင်စိုး၏ ထွက်ဆိုချက်အရ “ရွှေလွယ်အင်း” ကုမ္ပဏီ(ငွေအပ်နှံ/ထုတ်ပေးဌာန)အား လုယက်မှုကို ၎င်းမှ ဦးဆောင်၍ သန့်ဇင်၊ မျိုးကိုကိုဝင်း(ခ)ကုလား၊ သန်းဇော်ထွန်း(ခ)လင်းလင်းကို နှင့် ဇင်မျိုးဦး(ခ)သားကြီး တို့အပါအဝင် ၅ ဦးမှ ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် တရားခံများ တိမ်းရှောင်လျှက်ရှိသည့် ဒေသအသီးသီးမှ လုံခြုံရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၁၁ ရက်နေ့  နံနက်ပိုင်းတွင် သန့်ဇင်(၂၈)နှစ်(ဘ)ဦးခင်ဇော်အား မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်၊ ရွှေဒုံးရပ်ရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း၊ မျိုးကိုကိုဝင်း(ခ) ကုလား(၁၉)နှစ်(ဘ)ဦးဝင်းမြင့်အား ငွေကျပ် ၄၅ သိန်းဖြင့် ဝယ်ယူထားသော မြေကွက် ၂ ကွက်၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ စစ်ကိုင်းမြို့၊ အထက်တကောင်းရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း၊ ဇန်နဝါရီလ ၁၂ ရက်တွင် သန်းဇော်ထွန်း(ခ)လင်းလင်းကို (၃၂)နှစ်(ဘ)ဦးဘိုဖြူ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ၊ ကျောင်းစုရပ်နေသူအား ငွေကျပ် သိန်း ၁၀၀ နှင့်အတူ မွန်ပြည်နယ်၊ သထုံမြို့၌ လည်းကောင်း၊ ဇင်မျိုးဦး (၃၂)နှစ်(ဘ) ဦးမြင့်တင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မရမ်းခုံကျေးရွာနေသူအား ငွေကျပ် ၁၄ သိန်း၊ မော်တော်ယာဉ် ၁ စီး၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် မော်တော်ဆိုင်ကယ် ၁ စီးတို့နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ စဉ့််ကူးမြို့နယ်၊ ပျဉ်းပင်ကျေးရွာ၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
    
ဖြစ်စဉ်တွင် တရားခံ ၅ ဦးနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ (၁၁၁)လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျုး လမ်းအတွင်း၌ ရပ်ထားခဲ့သည့်  ယာဉ်ပေါ်မှ တွေ့ရှိငွေကျပ် ၃၀၀ သိန်း၊ တရားခံများ ထံမှပြန်လည်သိမ်းဆည်းရမိငွေကျပ် ၈၇၄ သိန်း၊ ပြစ်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့်ဝယ်ယူထားသည့် မော်တော်ယာဉ် ၃ စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၀ သိန်းခန့်၊ ဆိုင်ကယ်  ၂ စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၇ သိန်းခန့်နှင့် ၎င်းတို့ ဝယ်ယူထားသည့် မြေနှင့်အခြားပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀ သိန်းခန့် စုစုပေါင်း ငွေကျပ် ၁၇၈၁ သိန်းခန့်အား ပြန်လည်သိမ်းဆည်းရမိခဲ့သည်။
    
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လုယက်မှုကျူးလွန်ရန်အတွက် သက်ပိုင်စိုး(ခ)စည်သူမှ ဦးဆောင်ကာ ဇင်မျိုးဦး(ခ)သားကြီး၊ သန်းဇော်ထွန်း(ခ)လင်းလင်းကို၊ သန့်ဇင်နှင့် မျိုးကိုကိုဝင်း(ခ)ကုလား တို့သည် စစ်ကိုင်းမြို့၊ မန္တလေးမြို့တို့၌ တွေ့ဆုံ၍ လုယက်ရာ၌ အသုံးပြုမည့် လိုင်စင်မဲ့မော်တော်ယာဉ်ဝယ်ယူခြင်း၊ လုံခြုံရေးတပ်ဖွဲ့သုံးပစ္စည်းများနှင့် သေနတ်အတုတို့အား ဝယ်ယူ ခြင်း၊ လုယက်မည့်  “ရွှေလွယ်အင်း” ကုမ္ပဏီအနီးနေရာ ပတ်ဝန်းကျင်အား လေ့လာစောင့်ကြည့်ခြင်းတို့ကို ကြိုတင်ပြင်ဆင်ခဲ့ပြီးမှသာ လုယက်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်သည်ကို ဖော်ထုတ်သိရှိရသည်။ 
    
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် MDY/9C 4145 ESTIMA အမျိုးအစား အဖြူရောင်ယာဉ်အား သန်းဇော်ထွန်း မောင်းနှင်၍ သက်ပိုင်စိုး(ခ)စည်သူ၊ သန့်ဇင်၊ မျိုးကိုကိုဝင်း(ခ)ကုလားနှင့် ဇင်မျိုးဦး(ခ)သားကြီးတို့ ၄ ဦးသည် လုံခြုံတပ်ဖွဲ့ဝင်များအသွင် ဝတ်ဆင်၍ စီးနင်းလိုက်ပါလာခဲ့ကြောင်း၊ လုယက်မည့်နေရာ ရောက်ရှိချိန်၌ သက်ပိုင်စိုး(ခ)စည်သူ၊ ဇင်မျိုးဦး(ခ)သားကြီး၊ မျိုးကိုကိုဝင်း(ခ)ကုလားနှင့် သန့်ဇင်တို့ ၄ ဦးသည် ကုမ္ပဏီ အတွင်းဝင်ရောက်လုယက်ခဲ့ကြပြီး ရရှိလာသည့် ငွေများအား ဆာလာအိတ်များအတွင်း ထည့်သွင်း၍ မော်တော်ယာဉ်ပေါ်သို့တင်ဆောင်ကာမောင်းနှင်ခဲ့ကြကြောင်းနှင့် ချမ်းမြသာစည်မြို့နယ်၊ (၁၁၁) လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျုးလမ်းအတွင်းရှိ ကန္တာရခြုံများကြားအရောက်တွင် ကားအားရပ်တန့် ထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
    
အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံများအနေဖြင့် ပြည်သူလူထု၏ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ အကြမ်းဖက်ဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများကြောင့် ဖြစ်ပေါ်နေသော စိုးရိမ်ထိတ်လန့်မှုအပေါ် အခွင့်အရေးအဖြစ် အသုံးချကာ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာနှင့် ငွေကြေးလိုအပ်ချက်များအရ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ လုယက်မှုကျူးလွန်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝတ်ဆင်အသုံးပြုသည့် ကျည်ကာအင်္ကျီ၊ ဦးထုတ်၊ နံပါတ်တုတ်၊ သေနတ်အတုနှင့် စကားပြောစက်အတုများ ကိုင်ဆောင်အသုံးပြု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန် အသွင်ယူကာ လုယက်မှုအား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
    
သို့ဖြစ်ပါ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းချိတ်ဆက် ဖော်ထုတ်မှုနှင့် ဒုစရိုက်မှုကိုမလို လားသည့် တာဝန်သိပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်မှုများကြောင့် “ရွှေလွယ်အင်း” ကုမ္ပဏီ လုယက်မှုကျူးလွန်ခဲ့သူများအား ကျူးလွန်ရာတွင်အသုံးပြုခဲ့သော သက်သေခံပစ္စည်းများ၊ ကျူးလွန်ရာမှရရှိသည့်ငွေကြေးများ၊ ဝယ်ယူထားသည့်ယာဉ်၊ မြေ၊ အခြားပစ္စည်းများနှင့်အတူဖော်ထုတ် ဖမ်းဆီးရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။