ခရစ္စတီယန်ဆန်အနီကတ်က ပွဲအဖြေကိုထုတ်ပေးခဲ့သည်ဟု လမ်းပတ်နှင့်ကလော့ဆို အနီ ကတ်ထိသည်ကို လက်ခုပ်တီးသော နည်းပြအဖွဲ့ဝင်များကို ကလော့မာန်မဲ

လန်ဒန်၊ ဘောလုံး

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၌  စက်တင်ဘာ ၂၀ ရက်ညက  ချယ်လ်ဆီးနှင့်လီဗာပူးတို့  ယှဉ်ပြိုင် ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပထမပိုင်းပြီးခါနီး ချယ်လ်ဆီးခံစစ်မှူး ခရစ္စတီယန် ဆန်သည် လီဗာပူးတိုက်စစ်မှူး မာနေးဂိုးသွင်းရန် ကြိုးပမ်းမှုကို နောက်မှ ဖက်သိုင်းလှဲချ သလိုဖြစ်ခဲ့၍ အနီကတ်ထိခြင်းမှာ ပွဲအဖြေကို ပြောင်းလဲစေခဲ့သည်ဟု နှစ်သင်းစလုံးမှ နည်းပြများက ပြောသည်။ ထိုပွဲတွင် မာနေးသည် နှစ်ဂိုးစလုံးသွင်းခဲ့ပြီး ဒုတိယသွင်းဂိုးမှာ လည်း ချယ်လ်ဆီးခံစစ်မှူး ကီပါ လူပေးသည်ကို မာနေးက ကြားဖြတ်တားပြီး သွင်းယူခဲ့ခြင်း ဖြစ်သည်။

တစ်ယောက်လျော့နှင့် ဒုတိယပိုင်းတစ်ပိုင်းလုံး ကစားခဲ့ရသည့် ချယ်လ်ဆီးအတွက် ကံဆိုး စေသည်မှာ ပွဲချိန်နှောင်းပိုင်းရရှိသော ပယ်နယ်တီကို ဂျော်ဂျင်ဟိုကန်သွင်းခြင်းအား လီဗာပူး ဂိုးသမား အယ်လစ်ဆန်က ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် ချယ်လ်ဆီးနည်းပြ လမ်းပတ်က ရူဒီဂါကို ပွဲထွက်စာရင်းမှ နှစ်ပွဲဆက်တိုက် ချန်လှပ်ခဲ့ခြင်းနှင့် ပွဲအကြောင်း   သုံးသပ်ပြောခဲ့သည်။ လမ်းပတ်က “ကျွန်တော်တို့ခံစစ်မှာ ဗဟိုခံစစ်မှူး ငါးဦးအထိရှိတယ်။ ဒါကြောင့် လေ့ကျင့်ရေးကွင်းမှာ စွမ်းဆောင်မှုနဲ့ ပြိုင်ဘက်ပေါ်မူတည်ပြီး ပွဲထွက် ဗဟို ခံစစ်မှူးအဖြစ်   ခရစ္စတီယန်ဆန်နဲ့  ဇူးမားတို့ကို သုံးခဲ့တယ်။ အရန်ခုံတန်းမှာ ဗဟိုခံစစ်မှူး သုံးဦးအထိထားဖို့ နေရာလွတ်မပေးနိုင်ပါဘူး။ ပွဲအဖြေကတော့ ခရစ္စတီယန်ဆန် အနီကတ် ကြောင့် ပြောင်းလဲခဲ့ရတာပါ။ ကျွန်တော့် ဂိုးသမား ကီပါ အမှားတစ်ခုကို ထပ်ကျူးလွန်ပြန် တယ်။ ဂိုးသမားတစ်ဦးအတွက် ယုံကြည်မှုရဖို့က အရေးအကြီးဆုံးပဲလို့ ပြန်ပြောရမှာပဲ။ သူ့ကို ယုံကြည်မှုအပြည့်ရအောင် ကျွန်တော်တို့ ထောက်ခံပေးရမယ်” ဟု ပြောသည်။

ထိုအနီကတ်ဖြစ်စဉ်တွင် လီဗာပူးအရန်ခုံတန်းမှ ကစားသမားတချို့နှင့် နည်းပြအဖွဲ့ဝင်တချို့ အောင်ပွဲခံပြီး လက်ခုပ်တီးခဲ့ခြင်းကို လီဗာပူးနည်းပြကလော့က ဒေါသတကြီးမာန်မဲခဲ့သည်။ ပွဲအပြီးတွင် ကလော့က “အရန်ကစားသမားထဲက မဟုတ်တဲ့ နည်းပြအဖွဲ့ဝင်က လက်ခုပ်တီး တယ်။ ဒါမျိုးမလုပ်ရဘူး။ မကြိုက်ဘူး။ ဒီပွဲမှာ အနီကတ်ထိလိုက်တဲ့အတွက် ကျွန်တော်တို့ ကစားဖို့အတွက်တော့ ပိုကောင်းသွားတာပေါ့” ဟု ပြောသည်။      

 Ref:Dailymail