ရိုးရိုးကျင့် မြင့်မြင့်ကြံ မှန်မှန်ပြော

ကမ္ဘာပေါ်ရှိ လူသားအများစုမှာ ပုထုဇဉ်များသာ ဖြစ်ကြသည့်အတွက် မကြာခဏဆိုသလို လိမ်ညာလှည့်ဖြား အတုအယောင်များကိုသာ တွေ့မြင်ကြားသိနေရခြင်းမဟုတ်ပါလား။ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်လေးစားသည် ဆိုရာမှာလည်း ပစ္စည်းဥစ္စာကြောင့် ရာထူးကြောင့် ဘွဲ့ကြောင့် ချစ်ကြလေးစားကြသည် ဆိုပါက  အဲဒါတကယ်ချစ်တာ  လေးစားတာမဟုတ်ဘူး အတုအယောင်တွေသာဖြစ်တယ်လို့   ဆိုပါတယ်။  လူအများနှင့်ဆက်ဆံရာမှာလည်း  တစ်ဦးနှင့်တစ်ဦး မြှောက်ပင့်လိမ်ညာနေသော ဆက်ဆံရေးမျိုး မလုပ်ကြဘဲ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံရေးမျိုး ဖြစ်ပေါ်လာရန် ကြိုးစားကြဖို့လိုကြောင်း သိရပါတယ်။

မိမိကိုသူများရဲ့ အလိမ်အညာ မခံရစေရန်၊ မိမိကလည်း သူများကို မလိမ်မညာရန်နှင့်   မိမိကိုယ်မိမိလည်း မလိမ်မညာမိစေရန်မှာ အလွန်အရေးကြီးလှပါတယ်။ တကယ်လို့ လိမ်နေညာနေကြလျှင်တော့ တကယ်အဓိပ္ပာယ်ရှိတဲ့ဘဝ၊ အနှစ်သာရရှိတဲ့ဘဝ၊ ကျေနပ်စရာကောင်းတဲ့ဘဝကိုရဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

အဆိပ်နဲ့တူသည့် မှားယွင်းသောသဘောထား အတွေးအခေါ်အယူအဆရှိသူ၊ ဟန်ဆောင်ပြီး ဆက်ဆံရသူ၊ မရိုးသားသူများနှင့် ဆက်ဆံရပါက ကြာလာသည့်အခါ စိတ်ဓာတ်အဆိပ်သင့်မယ်။ စိတ်ဓာတ် အဆိပ်သင့်တော့ စိတ်မကျန်းမာနိုင်ဘူးပေါ့။ နောက်ပြီး အမြဲတမ်းလိမ်ညာပြောနေမှ အဆင်ပြေသည့် ဆက်ဆံရေးသည်လည်း အဆိပ်အတောက်ဖြစ်စေသော ဆက်ဆံရေးသာဖြစ်ပါသတဲ့။ နေ့စဉ် တွေ့နေရသူများနှင့် ဆက်ဆံရေးကောင်းလျှင် ကျန်းမာရေးကောင်းမယ်။  နေ့စဉ်တွေ့နေရသူများနှင့်  ဆက်ဆံရေးမကောင်းလျှင် ကျန်းမာရေးမကောင်းနိုင်တော့ပါ။   မိမိကိုယ်ကို အောင်အောင်မြင်မြင်ကြီး  လိမ်လို့ညာလို့မရနိုင်ဘူးဆိုတာ အမှန်အတိုင်း လက်ခံနိုင်လာပြီဆိုလျှင်၊ မိမိကိုယ်ကို တကယ်အလေးထား လိုက်ပြီဆိုလျှင် မိမိဘဝကို ပြန်ပြီးတော့ အဓိပ္ပာယ်ရှိလာအောင်၊ နာလန်ထူလာအောင်၊  မိမိရဲ့ စိတ်ဆင်းရဲမှုများ၊ သောကများ လွန်မြောက်သွားစေရန် လုပ်ပေးနိုင်သည့် အင်အားများ စွမ်းရည်များကို မိမိစိတ်ထဲမှာပဲ ပြန်တွေ့လာပါလိမ့်မယ်လို့ ဆိုပါတယ်။  တကယ်တော့  မိမိစိတ်ကို မိမိကိုယ်တိုင် ရာနှုန်းပြည့်သိရန် မလွယ်ပါ။ တစ်ခါတလေ ကိုယ့်ဟာကိုယ်တောင် နားလည်ရန်ခက်သော ကိစ္စများ ရှိတတ်သည် မဟုတ်ပါလား။ မိမိစေတနာက ရာနှုန်းပြည့် ဖြူစင်ပါသလား။ ဟုတ်ချင်မှဟုတ်မှာပါ။  အစကတည်းက ရာနှုန်းပြည့်ဖြူစင်နေရမည်ဟု မျှော်လင့်ထားလို့လည်းမရနိုင်ပါ။    “လွဲနေမှန်းသိလျှင် ပြင်မယ်။  ငါ့စေတနာမဖြူစင်ဘူးဆိုလျှင်  ဖြူစင်အောင်လုပ်မယ်။  မရိုးသားဘူးဆိုလျှင်  ရိုးသားအောင်လုပ်မယ်” ဆိုတဲ့ စိတ်ကိုမွေးရမှာ ဖြစ်ပါသတဲ့။

ဘက်လိုက်ခြင်းမရှိဘဲ  မိမိကိုယ်ကိုရိုးရိုးသားသားကြည့်ပြီး အမှန်အတိုင်းသိနိုင်သည်ဆိုသော၊ တကယ်စစ်မှန်သည့် စေတနာဖြင့် လူများအပေါ်မှာ ဆက်ဆံရန်လိုပါတယ်။ မိမိစိတ်ကို ရိုးရိုးသားသားမှ မကြည့်နိုင်လျှင်၊ မိမိကိုယ်ကိုမိမိညာပြီဆိုလျှင် သူများကိုလည်း လိမ်တော့ညာတော့မှာ သေချာသလောက် ဖြစ်နေပါပြီ။                                                                                                                    လှည့်စားချင်သူ၊ ကိုယ်ကျိုးရှာချင်သူဟာ သူပြောတာကို မယုံမှာကြောက်တယ်။  မလှည့်စားချင်သူ၊ ကိုယ်ကျိုး မရှာသူကတော့ သူပြောတာကိုမယုံမှာမကြောက်ဘူး။  ကိုယ်ကျိုးအတွက်မဟုတ်ဘဲ မှန်တာ၊  အကျိုးရှိတာကို သိစေချင်လို့ပြောတာ မယုံလည်းကိစ္စမရှိဘူးပေါ့။  တချို့လူများသည် မိမိကိုယ်ကို “ငါဘယ်လိုလူလဲ”ဆိုတာကို တိတိကျကျ မစဉ်းစားဘဲ “ငါ့ကို လူတွေ အထင်ကြီးအောင် ဘယ်လိုလုပ်ရမလဲ” ဆိုတာပဲစဉ်းစားလေ့ရှိပြီး လူအထင်ကြီးအောင်လုပ်တတ်နေတတ်ပါတယ်။  ဒီလိုသူများကျေနပ်အောင်၊ အထင်ကြီးအောင် လိုက်ပြီးနေပေးခြင်းကလည်း ကိုယ့်ရဲ့ပင်ကိုမဟုတ်ဘဲ ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်မဟုတ်တော့ စိတ်ထဲမှာကျေနပ်မှု တကယ်မရနိုင်ပါ။ အကြောင်းတစ်ခုခုကြုံသည့်အခါ  အမှန်အတိုင်းပြောပါက  ပြဿနာတစ်ခုခုဖြစ်နိုင်တယ်။ ဒုက္ခရောက်နိုင်တယ်ဆိုပါစို့။ ဒီအခါဘာလုပ်မလဲ။  တရားအားထုတ်ခြင်း အလေ့အကျင့်ရှိနေသူဆိုလျှင်တော့  အေးချမ်းသည့်တစ်နေရာမှာ အေးအေးဆေးဆေး ခဏသွားထိုင်ပါ။ အသက်ရှူခြင်းကို  သတိကပ်ပြီးမှတ်ပါ။   တစ်ကြိမ်သိလျှင်ပင် တော်တော်အေးချမ်းတာပါ။  နှစ်ကြိမ်၊  သုံးကြိမ်ဆက်တိုက်ဆက်တိုက်ဖြစ်လာပြီဆိုလျှင် ပိုပြီးအေးချမ်းလာတယ်။ ၁၀-မိနစ်၊ ၁၅- မိနစ်နေလို့ ရပြီဆိုလျှင် တော်တော်ကို စိတ်ကငြိမ်လာတယ်၊ အေးငြိမ်းလာတယ်။ ပိုပြီးကြည်လင်သန့်ရှင်းလာတယ်။ အဲဒီလို စိတ်တည်ငြိမ်အေးချမ်းပြီး    ကြည်လင်သန့်ရှင်းလာသောအခါမှာ  အသိဉာဏ်ပါပြောင်းသွားတာနော်။ တကယ်တော့ အသိဉာဏ်ဟာ စိတ်အခြေအနေကို လိုက်ပြီး အမြဲတမ်းပြောင်းနေတယ်လို့ ဆိုပါတယ်။

အေးအေးဆေးဆေးတရားရှုမှတ် နှလုံးသွင်းနေလိုက်သောအခါ စိတ်ကအေးချမ်းပြီး တည်ငြိမ်လာပြီး လောဘမရှိတော့ပါ။ ဒေါသ၊ မာနနဲ့ ဣဿာမစ္ဆရိယကင်းနေချိန်မှာ “ငါဘာလုပ်ရင်ကောင်းမလဲ” လို့ စဉ်းစားလျှင် အဖြေမှန် ထွက်လာပါလိမ့်မယ်။ ဒီလိုစိတ်အခြေအနေ ပြောင်းသွားတဲ့အခါ အသိအမြင်ပါ ပြောင်းသွားပြီး သဘောထားဆုံးဖြတ်ချက် အကုန်လုံးပြောင်းသွားပါလိမ့်မယ်။ သည်အခါ မလိမ်မညာဘဲ အမှန်အတိုင်းပြောလို့ ရတဲ့နည်းလမ်း၊ ပြောနည်းပြောဟန်ကိုစဉ်းစား၊ သိရှိလာလိမ့်မယ်လို့ မဟာမြိုင်တောရ ဆရာတော်ကြီး ဦးဇောတိကက ဟောကြားဆုံးမတော်မူထားပါတယ်။ ဒါ့အပြင် ရောင့်ရဲတင်းတိမ်ခြင်းသည်လည်း မင်္ဂလာဖြစ်ပြီး ရရန်ခဲယဉ်းပေမယ့် လူတိုင်း လိုချင်တဲ့အရာလေးမျိုးရှိတယ်လို့ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါတယ်။  အဲ့ဒီလေးမျိုးက- 

(၁) တရားသဖြင့် ချမ်းသာကြွယ်ဝခြင်း၊ (၂) အခြွေအရံပရိသတ်ပေါများခြင်း၊ (၃)  ကျန်းကျန်းမာမာဖြင့် အသက်ရှည်ရှည်နေရခြင်း၊  (၄)  ကွယ်လွန်ပြီးတဲ့နောက် နတ်ပြည်သို့ ရောက်ရခြင်းတို့ ဖြစ်ပါတယ်။ 

တကယ်တော့ လူသားအားလုံးသည်လည်း  လူ့ဘဝရလာသည်နှင့် စား၊ ဝတ်၊ နေရေးအတွက် မဖြစ်မနေ ကြိုးပမ်းဝန်ထမ်းကြရသည်ချည်း မဟုတ်ပါလား။

စားရေး၊ ဝတ်ရေး၊ နေရေးမှမပြည့်စုံပါက လူ့ဘဝလူချမ်းသာကိုရရန်   အတော့်ကို ခက်ခဲမှာဖြစ်ပါတယ်။

အမှန်တော့ လူချမ်းသာဆိုတာ ပကတိပင်ကို သဘောအရ တကယ်ချမ်းသာနေလို့ လူချမ်းသာဟု ခေါ်ခြင်းမဟုတ်ဘဲ အမြဲတမ်း ညှဉ်းပန်းနှိပ်စက်ဒဏ်ကို အလူးအလဲခံနေရသော ငရဲသားများ ဒုက္ခနှင့် နှိုင်းယှဉ်ပါက အဲ့ဒီဒုက္ခတွေက သက်သာခွင့်ရတာမို့ လူချမ်းသာရယ်လို့ ခေါ်ဆိုနေကြခြင်း ဖြစ်ပါသတဲ့။ လူ့ဘဝချမ်းသာခြင်းမှာ ရှိမှုချမ်းသာနဲ့ သိမှုချမ်းသာရယ်လို့ နှစ်မျိုးရှိပြီး  ရှိမှုချမ်းသာက အာရုံခံစားမှုသုခ၊ သိမှုချမ်းသာကတော့ အာရုံတွေက လွတ်မြောက်ပြီး ငြိမ်းအေးမှုသက်သက် “ဝိမုတ္တသုခ”  ဖြစ်ကြောင်း သိရပါတယ်။ သာမန်လူတွေက ရှိမှုချမ်းသာကို အလေးထားတတ်ကြသည့်အတွက် သိချင်လူထက် ရှိချင်လူက ပိုများတယ်လို့ ဆိုပါတယ်။ မြင့်မြတ်တဲ့ သူတော်စင်တွေနှင့် အရိယာအဆင့် တက်လှမ်းထားတဲ့ဘုရား အစရှိတဲ့ ပုဂ္ဂိုလ်တွေတော့ သိမှုချမ်းသာကို ပိုပြီးနှစ်သက် မြတ်နိုးတော်မူကြပါတယ်။   အမှန်စင် စစ်ရှိတိုင်းလည်း မချမ်းသာပါဘူးတဲ့။ ဘာတွေ ဘယ်လောက်ပဲရှိရှိ အဲ့ဒီအရှိရဲ့နောက်က အသိမလိုက်နိုင်လျှင် အပူလှိုင်းတွေ ကပ်ပါနေတတ်တာမို့ ရှိသည့်အတွက်ကြောင့်ပဲ  ပူရ

ဆွေးရ ငိုကြွေးရနှင့် ဆင်းရဲပင်ပန်းမှုကို ခံစားရတတ်သည်ဟု ဆိုပါတယ်။ လူရဲ့စိတ်ဆိုတာဟာ အတော်ဆန်းကြယ် လှတာမို့ ကိုယ့်မှာရှိတာထက် ကိုယ့်မှာမရှိတာကို ပိုပြီးသဘောကျ နှစ်သက် နေတတ်ကြတာပါ။

အဲ့ဒီလို အတောမသတ်နိုင်သည့် လောဘစိတ်သည်ကား လူသားများမှာ အစဉ်အမြဲ ရှိနေတတ်သည်မို့ ပုထုဇဉ်သတ္တဝါတွေသည် လောဘ၏သားကောင်များ ဖြစ်သွားကြရခြင်းပါ။ ဒါ့အပြင် “ရောင့်ရဲတင်းတိမ်မှုသည် အမြင့်မြတ်ဆုံး ဓနဥစ္စာဖြစ်၏”လို့ ဗုဒ္ဓမြတ်ဘုရား ဟောကြားတော်မူခဲ့ပါတယ်။  လိုချင်ခြင်းနှင့်  လိုအပ်ခြင်းကို ခွဲခြားသိရှိပြီး  လိုချင်ခြင်းကိုချုပ်တည်း၊ လိုအပ်ခြင်းကိုသာ ဖြည့်ဆည်း ပေးလေ့ ရှိခြင်းသည် လူတော်လူကောင်းများ၏ အကျင့်ဖြစ်သလို ချီးကျူးစရာကောင်းသော နည်းလမ်းတစ်ခု ဖြစ်ကြောင်း သိရပါတယ်။ လူ့ဘဝလူ့ခန္ဓာဆိုသည်ကလည်း ဒုက္ခသစ္စာ အဆောက်အအုံကြီးဖြစ်လို့ အဆိုးအပြစ်များကို အကျိုးအချစ်အနေနဲ့ အကောင်းဘက်ကိုဆွဲယူပြီး ချမ်းသာအောင် နေတတ်ပါမှ ကိုယ်လည်းချမ်းသာ စိတ်လည်းချမ်းသာနိုင်မယ်လို့ ဆရာတော်က ဟောကြားဆုံးမတော်မူထားပါတယ်။ ဒါ့ကြောင့် ယနေ့ လူသားအားလုံးသည်လည်း ဘယ်နေရာ ဘယ်အခါဖြစ်ဖြစ် ရိုးရိုးကျင့်မြင့်မြင့်ကြံ မှန်တာလုပ် မှန်တာပြောပြီး အဆိုးအပြစ်တွေကို အကျိုးအချစ်အနေနဲ့ အကောင်းဘက်ကို ဆွဲတတ်အောင် ကြိုးစားကာ အစဉ်ထာဝရ ရွှင်လန်းချမ်းမြေ့ကြပါစေ။   ။

မေကျော့ရှင်း