ငြိမ်းချမ်းရေးကုန်းမှခေါင်းလောင်းသံချို

“အချင်ချင် အမျက်အဤ

တစိယ်မဟိယ် ချတ်သမ္လက်စိဖ္လင်

ရှုကြရစိယ်ဧအ်။”

                   သိင်္ခသူ့သမီး ကျောက်စာ

သက္ကရာဇ်-၆၂၈ ပိသျှက်နှစ် နံကာလဆန်း ၇ ရက် ကြာသပတေးပုဂံခေတ်ဦးက ရေးထိုးခဲ့သည့် အထက်ကျောက်စာပါ စာသား၏အဓိပ္ပာယ်မှာ-

အချင်းချင်း အမျက်ဒေါသ တစ်စေ့မရှိ ချစ်သောမျက်စိဖြင့် ရှုကြရစေ၏ ဟုဖြစ်ပါသည်။

ငြိမ်းချမ်းရေး ကိုဖော်ဆောင်သည့် မွန်မြတ်ပြီး တန်ဖိုးကြီးမားလှသော စကားစုပင်ဖြစ်၏။

ချစ်သောမျက်စိဖြင့်ကြည့်လျှင် ညီညွတ်ရေးကိုလည်း ရစေ၏။ ချစ်ကြည်ရေးကိုလည်း ရစေ၏၊ အပြန်အလှန်ယုံကြည်လေးစားမှုကိုလည်း ရစေ၏၊ ကိုယ်ချင်းစာတရား၊ မေတ္တာတရားကိုလည်း ရစေ နိုင်သည်။  တစ်နည်းအားဖြင့် ငြိမ်းချမ်းရေး ကိုဦးတည်သော ဖော်ပြချက်ဖြစ်သည်။

ငြိမ်းချမ်းရေးမှသည် ဖွံ့ဖြိုးတိုးတက်ရေးသို့

ငြိမ်းချမ်းရေးရဲ့ အခြေခံသည် ညီညွတ်ရေးဖြစ်ပါသည်။ ညီညွတ်ရေးရဲ့အခြေခံသည် ချစ်ကြည်ရေးဖြစ်၏။ ချစ်ကြည်ရေးရဲ့ အခြေခံသည် အပြန်အလှန် ယုံကြည်လေးစားမှု၊  ကိုယ်ချင်းစာတရားထားရှိမှုဖြစ်သည်။ ငြိမ်းချမ်းရေးဆိုသည်မှာ လူသားတိုင်း ပူပင်သောက ကြောက်လန့်မှုကင်းပြီး အေးချမ်းစွာ နေထိုင်နိုင်ခြင်း ဟု အဓိပ္ပာယ်ဖွင့်ဆိုရမည်ဟုထင်ပါ

သည်။ ငြိမ်းချမ်းပြီး အေးချမ်းသာယာ ဘေးကင်းမှုသည် လူသားများအတွက်၊ နယ်မြေတစ်ခုအတွက်၊ နိုင်ငံတစ်ခုအတွက် အလိုအပ်ဆုံးနှင့် အဓိကအကျဆုံး အခြေခံလိုအပ်ချက်ပင်ဖြစ်သည်။

ငြိမ်းချမ်းရေး ၏တန်ဖိုးကို ငြိမ်းချမ်းလျက်ရှိသောနိုင်ငံ၊ ဒေသ၊ မြို့၊ ရွာများတွင် နေထိုင်ကြသူ များအနေဖြင့်  သာမန်အားဖြင့်  မသိနိုင်ကြပေ။ ငြိမ်းချမ်းမှုမရှိသေးသောနိုင်ငံ၊ ဒေသ၊ မြို့၊ ရွာတွေမှာ နေထိုင်ကြသောသူများမှသာလျှင် ငြိမ်းချမ်းရေး၏တန်ဖိုးကို လေးလေးနက်နက် သိရှိနိုင်ကြပါလိမ့်မည်။ ငြိမ်းချမ်းရေးမရှိသေးသောဒေသတစ်ခုတွင် ဖွံ့ဖြိုးရေး၊ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဂီတနဲ့ အနုပညာများ ဆောင်ရွက်ရန် အလွန်မှ ခက်ခဲလှပေသည်။

ထို့ကြောင့် နိုင်ငံတစ်ခုတွင် တရားဥပဒေစိုးမိုးရေး၊ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ရိက္ခာဖူလုံရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ နယ်မြေများ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံလိုအပ်ချက် ဖြစ်ပေသည်။

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဆက်စပ်နေပေရာ မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ရယူပြီး နောက်ပိုင်းမှစ၍ နိုင်ငံတော်၏ဖွံ့ဖြိုးမှုအား ဒေသအသီးသီးတွင် ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်အောင်ပြောင်းလဲ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ကတ်မာဟင်လန်ခေါ် ကျောက်မဲ

စာရေးသူသည် ၁၉၈၄ မှ ၁၉၈၇ ထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ တာဝန်အရ လားရှိုးမြို့သို့ ရထားဖြင့်လည်းကောင်း၊  မော်တော်ကားဖြင့် လည်းကောင်း သွားခဲ့ရဖူးသည်။   လမ်းတစ်လျှောက်၌ ကမ္ဘာ့ဒုတိယအမြင့်ဆုံး  ဂုတ်ထိပ်တံတား အပါအဝင် နောင်ပိန်၊ သီပေါ၊ ကျောက်မဲ၊ စသော မြို့၊ ရွာတို့ကို ဖြတ်သန်းရပါ၏။

ရွှေဖီမြို့တော်ဟု အမည်တွင်သည့်  ကျောက်မဲဒေသသည် နတ်တောင်၊ လွယ်ခွန်တောင်၊ စိန်ကျောက်တောင်၊ အင်ကြင်းတောင်၊ ရန်ကင်းတောင်၊ နမ့်စလင်းတောင်၊ မကုဋတောင် စသည့် တောင်ညိုညိုများ ဝိုင်းပတ်၍ တည်ရှိနေသည်။ ဒေသအတွင်း နမ့်စောင်ငေါင်းချောင်း ကလည်း အေးချမ်းစွာ စီးဆင်းနေလေ၏။ စိမ့်စိမ့်လေး အေးမြနေတဲ့ရာသီနဲ့အတူ ပန်းတံတွေ ထိုးထွက်၊ ပန်းဖူးများငုံဆင့်၍ တောပန်းရောင်စုံပွင့်လေးများ ပွင့်လေ့ရှိသည့် နွေဦးပေါက်ရာသီမှာ ကျောက်မဲဒေသ၏ရှုခင်းများသည် အလှပဆုံးလို့ ဆိုရပေမည်။

ဤဒေသကား မင်းတုန်းမင်းလက်ထက် ၁၈၆၀ ပြည့်နှစ်ဝန်းကျင်ခန့်က ဗမာနှင့် ရှမ်းကုန်သည်များ ချစ်ကြည်ရင်းနှီးစွာ ကုန်သွယ်ဖလှယ်ကြသော နေရာဖြစ်ခဲ့လေသည်။ ကျောက်တုံးအမဲများရှိနေသည့် ကုန်းကလေး၌ ဖြစ်တည်နေသောဈေးကို ရှမ်းဘာသာဖြင့် ကတ်မာဟင်လန် ဟု ခေါ်ကြလေသည်။ ကတ် သည် ဈေး ၊ မာဟင်လန်သည် ကျောက်မဲ ဟု အဓိပ္ပာယ်ရပြီး နှစ်ခုပေါင်းလျှင် ကျောက်မဲဈေး ဟုခေါ်တွင် ခဲ့ကြသည်ဟု တချို့အထောက်အထားများက ဆိုကြလေ၏။ တချို့ကလည်း ယင်းနေရာတွင် ကုန်သည်များ၏ ဝန်တင်နွားများ ရုန်းကန်ခုန်ပေါက်၍ ကုန်းနှီးများလျော့ရဲသဖြင့် ပြန်လည်ချည်နှောင်ရသည့် နေရာဖြစ်သဖြင့် ပန်ကျောက်မဲ့ဟု ခေါ်ရာမှ ကျောက်မဲ ဟု ခေါ်တွင်လာရခြင်းဖြစ်သည်ဟု ဆိုပြန်ပါသည်။

၁၉၀၂ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ရွာအဆင့်မှမြို့ပန္နက် ရိုက်နိုင်ခဲ့သော ကျောက်မဲမြို့ သည် သက္ကရာဇ် ၂၀၂၂ တွင် နှစ်ပေါင်း ၁၂၀ ပြည့်တော့မည် ဖြစ်သည်။

ဤကျောက်မဲဒေသတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်သော တောင်ကုန်းတစ်ကုန်းရှိလေသည်။

ငြိမ်းချမ်းရေးတောင်ကုန်းမှစာသင်ကျောင်းဆောင်သစ် အောင်မြေသာယာကျေးရွာ သည် ကျောက်မဲမြို့ခိုမုန်းကျေးရွာအုပ်စုတွင် တည်ရှိ၏။ မိုးကုတ်-ကျောက်မဲ-မိုင်းငေါ့သွားကားလမ်းပေါ်မှ  အောင်မြေ သာယာ ကျေးရွာလေးရှိသောကုန်းကို ငြိမ်းချမ်းရေးကုန်း ဟု အားလုံးက အမည်သညာပြုကြပေသည်။

နှင်းမှုန်ပြပြ လွှမ်းခြုံဆဲ ၂၀၂၁ ခုနှစ် နွေနံနက်ခင်းတစ်ခု၌ ၎င်းင်းငြိမ်းချမ်းရေးကုန်းပေါ်တွင် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျောင်းကော်မတီများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများ  စုံလင်စွာ စုစည်း ရောက်ရှိနေကြလေသည်။ ၎င်းတို့၏မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာဖူးပွင့်နေကြ၏။ ဝမ်းသာကြည်နူးမှု၊ ကျေးဇူးတင်ပျော်ရွှင်မှုများသည် ဖုံးမရ၊ ဖိမရ အထင်းသားပေါ်လွင်နေကြသည်။

ကျောင်းဆောင်သစ်လွှဲပြောင်းပွဲ အခမ်းအနားပင်ဖြစ်ပေသည်။

ပန်းကလေးများ၊  ပွင့်တော့မည်၊    ဖူးတံဝင့်လို့ချီနေခြည်မှာရွှေရည်လောင်း၊ ငါတို့စာသင်ကျောင်းဆိုသည့် ဆရာပျဉ်းမနားမောင်နီသင်း၏ ကဗျာပါစာသားအတိုင်း ကျောင်းဆောင်သစ်ကြီးမှာ နံနက်နေရောင်ခြည်အောက်တွင် ခံ့ထည်သစ်လွင်တောက်ပနေလေသည်။ ကျောင်းဆောင်ကြီးမှာ အလျားပေ ၁၂၀၊ အနံပေ ၃၀၊ အမြင့် ၁၂ ပေရှိ ခံ့ထည်ခိုင်ခံ့လှသော ျွနငည်သမခနိ ဃသညခမနအန တစ်ထပ်ကျောင်းဆောင်ဖြစ်၏။  ကုန်ကျငွေကျပ်သန်းပေါင်း  ၁၁၄ ဒသမ ၁၂၇ သန်းဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုစာသင်ကျောင်းမှ ခေါင်းလောင်းသံ ချိုချိုလွင်လွင်ကို မကြာခင်စတင်ကြားရပေတော့မည်။

ဒေသခံတိုင်းရင်းသားမျိုးဆက်သစ်ကလေးငယ်တို့၏  က ကာ ကိ ကီ စာအံသံကို ကြားရပေတော့မည်။

ကြည်နူးချမ်းမြေ့ဖွယ် ကောင်းလေစွ။ ......

ဟောင်းနွမ်းခြင်းမှသစ်လွင်ခြင်းသို့

ပလောင်ငြိမ်းချမ်းရေးကုန်း၌ ရွာသစ်အဖြစ် တည်ထောင်ခဲ့စဉ်က ဆောက်လုပ်ခဲ့သော မူလတန်းကျောင်းဆောင်လေးမှာ ပလောင်ငြိမ်းချမ်းရေးအဖွဲ့က ကိုယ့်အားကိုယ်ကိုးဖြင့် တည်ဆောက်ခဲ့သော ကျောင်းဆောင်ဖြစ်သည်။ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်၍ ကျောင်းဆောင်၏ ဥပဓိရုပ်မှာ တဖြည်းဖြည်းနှင့် အိုမင်းယိုယွင်းပျက်စီးခဲ့ပေပြီ။ ကျောင်းဆောင်အား ပြုပြင်ပေးနိုင်ရန် ကျေးရွာမှ ကျောက်မဲခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးအား တင်ပြခဲ့သောကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ယခုကဲ့သို့ ကျောင်းဆောင်အသစ် ပြန်လည် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ခံသမိုင်း

 ငြိမ်းချမ်းရေးကုန်း ဟု ခေါ်တွင်ရသည့်နောက်ခံသမိုင်း အခိုင်အခံ့ရှိပါသည်။

၁၉၈၉ ခုနှစ် နှစ်လယ်ကာလအတွင်း ကိုးကန့်၊ ရှမ်း၊ ဝ၊ ပအိုဝ်း၊ ကချင် စသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်  ရှေ့ဆင့်နောက်ဆင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့  တပ်မတော်အစိုးရနှင့် ညှိနှိုင်းပြီး ငြိမ်းချမ်းရေးကို စတင်ရယူလျက်ရှိသောအချိန်ဖြစ်ပေသည်။

၎င်းနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် Palaung State Liberation Army (PSLA)မှ ဦးကျော်ရင် (အတွင်းရေးမှူး)၊ ဦးသိန်းအောင်(ဗဟိုအုပ်ချုပ်ရေးမှူး)တို့နှစ်ဦး ဦးဆောင်သော ပလောင်လက်နက်ကိုင် အင်အား ၈၇ ဦးသည် လက်နက်မျိုးစုံ ၄၆ လက်ဖြင့် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ကာ  တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၍ ငြိမ်းချမ်းရေးရယူခဲ့သည်။

နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးတပ်ဖွဲ့များနှင့် မိသားစုဝင်များအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပြီး လှိုက်လှဲစွာ နွေးထွေးပျူငှာစွာ  ဆက်ဆံခဲ့သည်။

စားဝတ်နေရေးအတွက် အစစအရာရာ ချက်ချင်းတာဝန်ယူဆောင်ရွက်ပေးခဲ့သည်။   နိုင်ငံတော်မှ ပလောင်ငြိမ်းချမ်းရေးအဖွဲ့ (ကျောက်မဲ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်အင်အား ၃၀၀ ကို လုံခြုံစွာအခြေချနေထိုင်ရေးအတွက်   မြေနေရာအား စိတ်ကြိုက်ရွေးချယ်စေခဲ့ရာ နမ့်ဆန်နယ်မြေ အတွင်း နေထိုင်ခြင်း မပြုတော့ဘဲ ကျောက်မဲမြို့အနောက်ဘက် ကျောက်မဲ-မိုးကုတ်သွား ကားလမ်းအနီး ခိုမုန်းကျေးရွာအုပ်စု တောင်နောက်ကျေးရွာအဆုံး မြေနေရာကို ရွေးချယ်ခဲ့သည်။

၎င်းင်းနေရာတွင် လူနေအိမ်များ၊ သ/မ အသင်းရုံး၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ စိုက်ပျိုးမွေးမြူရေးမြေနေရာများ သတ်မှတ်ပေးလျက် “အောင်မြေသာယာ” ကျေးရွာဟု အမည်ပေးပြီး ၂၉-၅-၁၉၉၀ နေ့တွင် ကျေးရွာတည်ဆောက်ရေးကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်ပေးခဲ့သည်။

အောင်မြေသာယာကျေးရွာ စတင်တည်ဆောက်ခဲ့ရာ အိမ်ထောင်သည် ၂၂ ဦး၊ လူပျို ၁၈ ဦးတို့ အတွက် အိမ်ရာများ၊ မြေကွက် ၄၁ ကွက်၊ ပေ ၃၀ အကျယ်လမ်းမများ အပါအဝင် ရုံးခန်းနေရာ၊ စာသင်ကျောင်းမြေနေရာ၊ မွေးမြူရေးမြေနေရာ၊ စိုက်ပျိုးရေးမြေနေရာများကိုလည်း စနစ်တကျအကွက် ဖော်ထုတ်ချထားပေးခဲ့လေသည်။

PSLA ခေါ်ပလောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် တစ်ဖွဲ့တည်းသာဖြစ်သော်လည်း ငြိမ်းချမ်းရေးယူသည့်အခါ ကနဦးငြိမ်းချမ်းရေးယူသည့် PSLA အဖွဲ့နှင့် နောက်ပိုင်းမှငြိမ်းချမ်းရေးယူသည့် PSLA အဖွဲ့အဖြစ် နှစ်ဖွဲ့ကွဲသွားခဲ့သည်။ ထိုစဉ်က PSLA အဖွဲ့ ဥက္ကဋ္ဌမှာ ဦးအိုက်မုန်းဖြစ်ပြီး  အတွင်းရေးမှူးမှာ ဦးကျော်ရင်ဖြစ်သည်။  ဗဟိုအုပ်ချုပ်ရေးမှူးမှာ ဦးသိန်းအောင်ဖြစ်သည်။  အတွင်းရေးမှူး ဦးကျော်ရင်နှင့် ဗဟိုအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်တို့က တစု တစည်းငြိမ်းချမ်းရေးရယူရန်  ညှိနှိုင်းကြိုးပမ်း ခဲ့သော်လည်း ခေါင်းဆောင်ပိုင်းအချို့မှာ ပြည်ပတွင် ရှိနေပြီး   ဆက်သွယ်ရန် ခက်ခဲနေသောကြောင့် လည်းကောင်း၊  အချို့မှာ အချိန်ဆွဲလျက်စောင့်ဆိုင်း လိုသောကြောင့်လည်းကောင်း ဆုံးဖြတ်ချက် မချနိုင်ဘဲ နှောင့်နှေးကြန့်ကြာနေချိန် ဖြစ်သည်။

ထို့ကြောင့် ဦးကျော်ရင်နှင့် ဦးသိန်းအောင်တို့သည် ကြန့်ကြာနေမှုကို မစောင့်ဆိုင်းတော့ဘဲ စုစည်းမိသမျှ အဖွဲ့အင်အားကို ဦးဆောင်ပြီး တပ်မတော်ခေါင်းဆောင်များနှင့် အချိန်မီ ချိတ်ဆက်ဆွေးနွေး၍ ငြိမ်းချမ်းရေးရယူခဲ့ခြင်း ဖြစ်သည်။ ပလောင်လက်နက်ကိုင် (PSLA)အဖွဲ့နှင့်   တပ်မတော်တို့ လက်နက်နှင့်ငြိမ်းချမ်းရေး အလဲအလှယ်လုပ်ရန်ဆောင်ရွက်ခဲ့သည့် ယခုကုန်းမြေအား ပလောင်ငြိမ်းချမ်းရေးကုန်း ဟု ယခုတိုင် ခေါ်ဆိုနေကြခြင်း ဖြစ်ပေသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ အမြန်ဖွံ့ဖြိုးတိုးတက်ရမည်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ချိန်မှ စတင်ပြီး   နယ်စပ်ရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်းရှိ လက်လှမ်းမမီနိုင်သော သို့မဟုတ် သွားလာရန်ခက်ခဲသော သွေးချင်းတိုင်းရင်းသား လူမျိုးများ နေထိုင်ရာဒေသများ လူနေမှုအဆင့်အတန်းမြင့်မားပြီး  ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်  ပညာရည် မြင့်မားပြီး လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်မှန်းချက် ၇ ရပ်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ယခင်ကအခြေအနေ အမျိုးမျိုးကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မပေးနိုင်ခဲ့သည့်နေရာဒေသများ၌ နယ်မြေအေးချမ်း လာသည်နှင့်အမျှ “ပြည်ထောင်စုအတွင်းရှိ နယ်မြေများ အကြားအလပ်မရှိ  မျှတအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်ရေး” ဟူသည့် ရည်မှန်းချက်နှင့်အညီ လမ်း^တံတား၊ သောက်သုံးရေရရှိရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သာသနာရေးဆိုင်ရာ  လိုအပ်သော အခြေခံအဆောက်အဦများကို ပံ့ပိုးတည်ဆောက်ပေးလျက်ရှိပေသည်။

ငြိမ်းချမ်းရေး စတင်ချိန်မှစ၍ ယနေ့အထိ ပလောင်တိုင်းရင်းသားညီနောင်များ၏ ဒေသအတွင်း ဆောင်ရွက်ပေးခဲ့သော ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ မြေလမ်း ၃၄၄/၃ မိုင်၊ ကျောက်ခင်းလမ်း ၂၁၇/၇ မိုင်၊ ကတ္တရာလမ်း ၄၈/၁ မိုင်၊ ကွန်ကရစ်လမ်း ၁/၂ မိုင်၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း ၉၈ မိုင်၊ ကွန်ကရစ်ရေမြောင်း ၅၄၈၀ ပေ၊ တံတားငယ် ၁၀၈ စင်း၊ ကြိုးတံတား တစ်စင်း၊ Box Culvert ၂၇၆ စင်း၊ ရေပြွန် ၁၉၅ ခု၊ ဆေးရုံ နှစ်ရုံ၊ ဆေးပေးခန်း နှစ်ခန်း၊ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ ခြောက်ခု၊ အခြေခံပညာကျောင်းပေါင်း ၁၇ ကျောင်း၊ ဆည်တစ်ခု၊ စိုက်ပျိုးမြေဖော်ထုတ်ခြင်း ၂၀၀ ဧက၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းငါးခု၊ မွေးမြူရေးခြံနှစ်ခြံ၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း ၁၇ ခု၊ ဆိုလာ ၁၃၀၆ စုံ၊ မီးသွယ်တန်းခြင်း နှစ်ခု၊ ရုပ်မြင်သံကြားထပ်ဆင့်ထုတ်လွှင့်စက် သုံးရုံ၊ စာကြည့်တိုက်နှစ်လုံး၊ ကြေးနန်းရုံး တစ်ရုံး၊ တယ်လီဖုန်းလုပ်ငန်း တစ်ခု၊ မြို့တည် ဆောက်ရေး နှစ်ခု၊ ရေရရှိရေးလုပ်ငန်း ၃၄ ခု၊ တန်ဖိုးနည်းအိမ်ရာ ၁၆၄ လုံး၊ နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာ ၁၄ လုံး၊ ဘုန်းကြီးကျောင်း ၁၂ ကျောင်း၊ အခြားသာသနိကအဆောက်အအုံ ၁၆ လုံးနှင့် ပြုပြင်မွမ်းမံခြင်း လေးခုတို့ဖြစ်ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၂၂၇၆၉ ဒသမ ၂၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်သည်။

ပညာရေးကဏ္ဍ

ပညာရေးကဏ္ဍနှင့် ပတ်သက်၍လည်း ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးနိုင်ခဲ့သည့် ကျောင်းဆောင်ပေါင်း များစွာရှိပြီ ဖြစ်ပေသည်။ 

ထို့ပြင် INGO အဖွဲ့အစည်းတစ်ခု ဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း(စေတနာ) အဖွဲ့မှလည်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း (EPD Project) စီမံကိန်း အစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်အတွင်းမှာပင် တည်ဆောက်ပေးခဲ့သော စာသင်ကျောင်း ကျောင်းဆောင် ၁၀ ဆောင်ရှိခဲ့ပေပြီ။ နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာတွင် တစ်ကျောင်း၊ ကွတ်ခိုင်မြို့နယ် ပန်ကိုင်ကျေးရွာ တွင် တစ်ကျောင်း၊ သီပေါမြို့နယ် နောင်လျှံနှင့် ပန်မိတ်ကျေးရွာ တို့တွင် နှစ်ကျောင်း၊ နမ့်ဆန်မြို့နယ် ထီဆိုင်နှင့် အုမ်းစွမ်ကျေးရွာတို့တွင် နှစ်ကျောင်း၊ ကျောက်မဲမြို့နယ် မက်မန်းကုန်းသာနှင့် မန်လွယ်မော်အောက်ကျေးရွာတို့တွင် နှစ်ကျောင်း၊ နောင်ချိုမြို့နယ် ရေတွင်းကြီးနှင့် နောင်သခေါကျေးရွာတို့တွင် နှစ်ကျောင်းတို့ဖြစ်သည်။

ပညာရေးနှင့်  လေ့ကျင့်ရေးဦးစီးဌာနမှလည်း  ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေအတွင်း နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ငါးကျောင်း၊  အမျိုးသမီးအိမ်တွင်းမှု အသက်မွေး ဝမ်းကျောင်းပညာ သင်တန်းကျောင်း   သုံးကျောင်းနှင့် စက်မှု/လက်မှုသင်တန်းကျောင်း    နှစ်ကျောင်းတို့ကို ဖွင့်လှစ်ကာ   အခမဲ့သင်ကြားရေး စနစ်ကို အောင်မြင်စွာ ဖော်ဆောင်လျက်ရှိသည်။

အဆိုပါကျောင်းများမှ တိုင်းရင်းသားမျိုးဆက်သစ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် မူလတန်း၊ အလယ်တန်းပညာမှစ၍ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက်   ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တို့တွင် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူကာ ပညာရေးဘွဲ့၊ ဝိဇ္ဇာ/သိပ္ပံဘွဲ့နှင့်ဒီပလိုမာများ အပ်နှင်းနိုင်သည်အထိ ပညာရေးကဏ္ဍကိုများစွာ အထောက်အကူပြုသည့် လုပ်ဆောင်ချက်များကို  ဆောင်ရွက်ပေးလျက်ရှိနေပေသည်။

ဆက်လက်၍လည်း ဆောင်ရွက်ပေးနေဦးမည်ဖြစ်သည်။

ပလောင်တို့ဌာနေ

ပလောင်တိုင်းရင်းသားတို့  အဓိကစုစည်းနေထိုင်ရာ  ဒေသမှာ ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်လေ၏။  တောင်ဘက်တွင်  မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲ သီပေါနယ်အစပ်၊ အရှေ့ဘက်တွင် လားရှိုး၊ မိုင်းရယ်၊ သိန္နီ၊ မြောက်ဘက်တွင် ကွတ်ခိုင်၊ မူဆယ်၊ နန့်ဖတ်ကာ၊ အနောက်ဘက်တွင် ရွှေလီမြစ်အကြားရှိ တောင်တန်းဒေသများတွင် ပလောင်တိုင်းရင်းသားအများစု စုစည်းနေထိုင်ကြသည်။ ထို့ပြင် လားရှိုး-မူဆယ်ကားလမ်းနှင့် တရုတ်နယ်စပ်ကြားအပြင်  ကိုးကန့်ဒေသတွင် လည်းကောင်း၊  မိုင်းလုံ၊ မိုင်းရှူး၊ မိုင်းကိုင်၊ ကလော၊ ရပ်စောက်မြို့နယ်တို့တွင်လည်းကောင်း ပလောင်တိုင်းရင်းသားကျေးရွာများ ပျံ့နှံ့

နေထိုင်ကြပါသည်။ ထို့ကြောင့် ပလောင်တိုင်းရင်းသားအများစု စုစည်းနေထိုင်ကြသည်မှာ နမ့်ဆန်၊ မန်တုန်၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ တာမိုးညဲ၊ လားရှိုး၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်တို့တွင်ဖြစ်သည်။

များသောအားဖြင့်  ပလောင်ကျေးရွာများသည် မြင့်မားသောတောင်ထိပ်တွင်ရှိကြပြီး ယင်းတောင်ကို အခြေပြု၍ လက်ဖက်ခင်းများ၊ တောင်ယာများစိုက်ပျိုး၍အသက်မွေးဝမ်းကျောင်း ပြုကြလေသည်။ ပလောင်တိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၏။ မြင့်မားတောင်ထိပ်ရှိ ပလောင်ရွာကြီး များတွင် ဟိန်းနေအောင် ဆောက်လုပ်ထားသည့် ဘုန်းတော်ကြီးကျောင်းများကို တွေ့ရှိနိုင်သည်။ ဘာသာရေးကိုင်းရှိုင်းကြသည်။ မိမိအိမ်သို့ လာရောက်သည့် ဧည့်သည်များအား ဖော်ရွေပျူငှာစွာဖြင့် ဧည့်ဝတ်ကျေပွန်တတ်ကြသည်။ ရှမ်းပြည်မြောက်ပိုင်းရှိ တောင်တန်းများပေါ်တွင် ရိုးသားဖြူစင်၍ ဘာသာရေးကိုင်းရှိုင်းသော ပလောင်တိုင်းရင်းသားတို့သည် စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းဖြင့် ဘဝကိုပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပေသည်။ သို့သော် သူတို့၏နယ်မြေကားလက်ရှိကာလတွင် ရာနှုန်းပြည့် မငြိမ်းချမ်းနိုင်သေးပေ။

နိုင်ငံသားအားလုံး၏တာဝန်

ရာနှုန်းပြည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် နိုင်ငံတော်၊ နိုင်ငံတော်အတွင်းရှိ အဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး၌တာဝန်ရှိပေသည်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အတွက် ဘက်ပေါင်းစုံမှ ဆက်လက်ဆောင်ရွက်ရပေဦးမည်။

ငြိမ်းချမ်းရေးသည် လက်နက်ကြီးငယ်တို့၏ ပစ်ခတ်ပေါက်ကွဲသံများ အစား အနာဂတ်မျိုးဆက် ကလေးငယ်တို့၏   စာအံသံ၊  ဘာသာ၊  သာသနာစောင့်ရှောက်သူတို့၏ဓမ္မတေးသံ၊ တိုင်းရင်းသားတို့၏ ရိုးရာသီချင်းသံချိုချိုတို့ကို ငြိမ့်ငြိမ့်ညောင်းညောင်း သံစဉ်များအဖြစ် ပြောင်းလဲပေးနိုင်စွမ်း၏ . . .

ငြိမ်းချမ်းရေးသည် အန္တရာယ်ရှိသောလက်နက်တို့အစား စားနပ်ရိက္ခာတို့ကို ပေါကြွယ်ဝစေ၏။ လမ်းပန်းဆက်သွယ်ရေးတို့ကို လျင်မြန် ကောင်းမွန်စေ၏။  အခြေခံအဆောက်အဦတို့  တိုးတက်ခေတ်မီစေ၏ . . .

ငြိမ်းချမ်းရေးသည် အမုန်းတို့အစား အပြုံးတို့ကို ပေး၏။ ကြမ်းတမ်းမှုအစား နူးညံ့မှုတို့ကို ဆောင်ကြဉ်းပေး၏။ ရိုင်းစိုင်းသော အပြုအမူအစား ယဉ်ကျေးသော နှစ်လိုဖွယ်ဆက်ဆံမှုကို ပေးစွမ်း၏ . . .

ဆိုရသော် ငြိမ်းချမ်းရေးအလင်းရောင်သည်သာ နိုင်ငံသားတို့၏ အရည်အသွေး၊ ကြီးမြတ်မှု၊ အစွမ်းသတ္တိ၊ အသိဉာဏ်ပညာတို့ကိုဖန်ဆင်းကာ နိုင်ငံတော်၏ဂုဏ်အဆင့်အတန်း၊ ဖွံ့ဖြိုးတိုးတက်မှု တို့ကို ပိုမိုလင်းလက်တောက်ပစေမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။  ။