မြိတ်မြို့နယ်ရှိ ကျေးရွာများ၌ မိရိုးဖလာ တောင်သူလုပ်ငန်းအပြင် ဓနိရက်လုပ်ခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိနေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အတွင်းရှိ ကျေးရွာများ၌ မိရိုးဖလာ တောင်သူလုပ်ငန်းအပြင် တစ်နိုင်တစ်ပိုင် ဓနိရက်လုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ များရရှိနေကြောင်း ဓနိရက်လုပ်သူ ဦးထွန်းထွန်း၏ ပြောကြားချက်အရ သိရသည်။
''တစ်နိုင်တစ်ပိုင် ဓနိရက်လုပ်လာတာ အနှစ် ၂ဝ နီးပါးရှိပါပြီ။ မိသားစုငါးဦး စလုံး လုပ်ကိုင်တယ်။ နံနက် ၆ နာရီကနေ ဖက်တောထဲမှာ လှေနဲ့သွားခုတ်တယ်။ ရေတက်ချိန်ကသွားပြီး ရေပြည့်ချိန်မှာ ပြန်လာတယ်၊ ဖက် ၁ဝ ပေါရပြီး ပြန်လာတယ်။ ၁ဝ ပေါမှာဆိုရင် ပိုင်ရှင်ကို သုံးပေါပေးရတယ်။ တစ်ရက်ကို ခုနစ်ပေါ ဆိုရင် ဓနိဖက် ၃၅ဝ ရတယ်။ ဖက်ထိုးခ၊ ဖက်ထိုးတန်းနဲ့ ဝါးဖိုးနုတ်ပြီး ငွေကျပ် ၁၆ဝဝဝ ကျော်ရတယ်။ ရွာမှာက တောင်သူ လုပ်ငန်းနားတဲ့အချိန်မှာ အပိုဝင်ငွေရအောင် လုပ်တဲ့သူရှိသလို မိရိုးဖလာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်တဲ့သူလည်း ရှိပါတယ်။ ကျွန်တော်တို့မိသားစုလည်း အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်တာပါ။ အခု ဒီလုပ်ငန်းက နေ့စဉ်ပုံမှန်လုပ်နေရတဲ့အတွက် မိသားစုစားသောက် ဖို့အတွက်ကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ရေသေရက်ဆိုရင် ဖက်ခုတ် ရတာအဆင်မပြေပါဘူး။ အဲဒီအချိန်ဆိုရင် နားရပါတယ်။ တစ်လမှာ ရက်ပေါင်း ၂ဝ လောက်ပဲ ဓနိရက်လုပ်ရတယ်။ တစ်လမိသားစု ငါးဦးရက်လုပ်ရင် ငွေကျပ် သုံးသိန်းကျော်လောက်ရပါတယ်။ နားတဲ့ ၁ဝ ရက် လောက်မှာတော့ လယ်ယာမြေပြုပြင်တာနဲ့ တခြားအလုပ်လုပ်ပါတယ်''ဟု တောင်ဖီလာ ကျေးရွာမှ ဓနိရက်လုပ်သူ ဦးလွင်အေးကပြောသည်။
ဓနိရက်လုပ်သည့်အခါ အသုံးပြုသော ဓနိဖက်များကို ကိုယ်ပိုင်ဓနိတောများမှ ခုတ်ယူလုပ်ကိုင်လျက်ရှိပြီး ကိုယ်ပိုင် ဓနိတော မရှိသူများက နံနက်စောစောတွင် လှေငယ်များ ငှားရမ်းကာ ရိုးချောင်းတစ်လျှောက်နှင့် ပင်လယ်ကမ်းစပ်များ တစ်လျှောက် သွားရောက်ခုတ်ယူခြင်း၊ တချို့မှာ ဓနိတောပိုင်ရှင်များထံမှ နှစ်ချုပ် ငှားရမ်းခြင်းတို့ဖြင့် လုပ်ကိုင်ကြကြောင်း သိရသည်။