ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု၏ နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်နေရသည့် သီရိလင်္ကာ
သီရိလင်္ကာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားချိန်မှ စ၍ နိုင်ငံ၏ လူဦးရေသန်းဝက်ခန့် ဆင်းရဲတွင်းနက်မှုနှင့် ရင်ဆိုင်နေရသည့်အပြင် ယခုအခါ ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်သူအများစုမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် နိုင်ငံ၏ ခရီးသွားလာရေး လုပ်ငန်းများအပေါ် အကြီးအကျယ် ထိခိုက်ခဲ့သည့်အပြင် မြင့်တက်လာသော ငွေကြေးဖောင်းပွမှုများကြောင့်လည်း လက်ရှိတွင် ပြည်သူအများအပြားသည် ငွေကြေးအခက်အခဲအပြင် လူသားချင်း စာနာမှုဆိုင်ရာပြဿနာများနှင့်ပါ တွေ့ကြုံနေရသည်။ သီရိလင်္ကာနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝ၂၂ ခုနှစ်အတွင်း စံချိန်တင်မြင့်တက်လာခဲ့ရာ ယင်းနိုင်ငံသည် ယခုနှစ်အတွင်း ဒေဝါလီခံရမည့် အခြေအနေနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေရသည်။
လက်ရှိတွင် သမ္မတ ဂိုတာဘာယာရာ ဂျာပတ်စကာ ဦးဆောင်သည့် အစိုးရသည် နိုင်ငံအတွင်းဖြစ်ပွားနေသော ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ရုန်းကန်နေရသည့် အခြေအနေတွင်ရှိနေသည်။ထို့ပြင် အစိုးရက လုပ်ဆောင်သည့် အသုံးစရိတ်တိုးမြှင့်ခြင်းနှင့် အခွန်ကောက်ခံမှု လျှော့ချခြင်းတို့ကြောင့် နိုင်ငံ၏ ဘဏ္ဍာ၌ မလိုအပ်ဘဲ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် နိုင်ငံအတွင်း အရန်ထားရှိသည့် နိုင်ငံခြားအရန်ငွေကြေး ပမာဏမှာလည်း ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။ အလားတူအစိုးရက ငွေစက္ကူများ ထပ်မံရိုက်နှိပ်ခြင်းကလည်း ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားလာစေသည်ဟု ဆိုနိုင်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ချိန်မှ ပြည်သူငါးသိန်းခန့်မှာ ဆင်းရဲသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
သီရိလင်္ကာအစိုးရသည် နိုင်ငံအတွင်းဖြစ်ပွားနေသည့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း နိုင်ငံက အားထားနေရသော ခရီးသွားလုပ်ငန်းမှာ ရောဂါကူးစက်မှုကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည့်အတွက် နိုင်ငံ၏ ဘဏ္ဍာအများအပြား ဆုံးရှုံးခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းမှာပင် ၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ ကုန်ပစ္စည်းဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာခဲ့သည်။ အကျိုးဆက်အားဖြင့် ပြည်သူထောင်ပေါင်းများစွာမှာ ၎င်းတို့ပုံမှန် စားသုံးနေသည့်ပမာဏထက် လျှော့၍ စားသုံးခဲ့ရသည်။ ငွေကြေးဖောင်းပွမှုသည် နိုင်ငံအတွင်းရှိ ငွေကြေး အတော်အတန် ချမ်းသာသူများကိုပါ အထိနာစေခဲ့သောကြောင့် ဆင်းရဲသည့်မိသားစု အများအပြားမှာ ဆင်းရဲတွင်း ပိုမိုနက်လာခဲ့သည်။
တစ်နည်းအားဖြင့်ဆိုရပါမူ လူသားများ အတွက် လိုအပ်သော အခြေခံစားသောက်ကုန်များကိုပင် ဝယ်ယူနိုင်သည့် အခြေအနေမရှိတော့ဟု ဆိုနိုင်သည်။
ထို့ကြောင့် သီရိလင်္ကာနိုင်ငံသည် လောလောဆယ် စီးပွားရေးအရ အရေးပေါ် အခြေအနေ ဆိုက်ရောက်နေ၍ ပြည်သူများအတွက် လိုအပ်သည့် ဆန်နှင့်သကြားအပါအဝင် မရှိမဖြစ် လိုအပ်သော စားသောက်ကုန်များကို အစိုးရက သတ်မှတ်ပေးထားသည့် ဈေးနှုန်းဖြင့်ရောင်းချပေးရန် စစ်ဘက်ကို အာဏာလွှဲပေးထားသည်။ သို့သော် အစိုးရ၏ လုပ်ဆောင်ချက်မှာ ပြည်သူများ တွေ့ကြုံနေရသည့်ဒုက္ခကို ဖယ်ရှားနိုင်ခြင်း မရှိပေ။ အကြောင်းမှာ ငွေကြေးဖောင်းပွမှုကြောင့် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းမှာ ယခင်ကထက် ၅ဝ ရာခိုင်နှုန်းကျော် မြင့်တက်လာသည့်အတွက် ပြည်သူထောင်ပေါင်းများစွာမှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းရခြင်းသည် သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးအပေါ် အကြီးအကျယ် ဆိုးကျိုးသက်ရောက်စေခဲ့သည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံဂျီဒီပီ ပမာဏ၏ ၁ဝ ရာခိုင်နှုန်းကို ရှာဖွေပေးနေသည့် ကဏ္ဍဖြစ်၍ ရောဂါကူးစက်မှုကြောင့် ခရီးသွားလုပ်ငန်း ရပ်ဆိုင်းသွားခြင်းသည် ယင်းကဏ္ဍတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းနှစ်သိန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် စီးပွားရေးအကျပ်အတည်းကို ရှောင်ရှားနိုင်ရေး အတွက် အထူးသဖြင့် ငယ်ရွယ်ပြီး ပညာတတ် လူတန်းစားဖြစ်သော လူငယ်အများအပြားမှာ တခြားနိုင်ငံများသို့ သွားရောက်ရန် ကြိုးပမ်းလာကြသည်။
နိုင်ငံအတွင်းရှိ အခြေခံ လူတန်းစားများ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းသည် ဘဏ္ဍာရေး အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း ယခင်က လုပ်ကိုင်ခဲ့ဖူးသည့် သီရိလင်္ကာ ဗဟိုဘဏ် လက်ထောက်အုပ်ချုပ်ရေးမှူး ဝီယေဝါဒီနာက သတိပေး ပြောကြားထားသည်။ အကယ်၍ စီးပွားရေးအကျပ်အတည်း ပိုမိုဆိုးရွားလာပါက နိုင်ငံအတွင်း အစားအစာ ဖူလုံမှုအပေါ် ဆိုးကျိုးသက်ရောက် လာစေနိုင်သည့်အပြင် ကုန်ထုတ်လုပ်မှုကိုပါ လျော့ကျစေပြီး နိုင်ငံခြားငွေကြေး ပြတ်လပ်မှုကြောင့် နိုင်ငံအတွင်းသို့ တင်သွင်းသည့် သွင်းကုန်လျော့ကျမှုကိုပါ ဖြစ်ပေါ်လာစေနိုင်ကြောင်း ၎င်းကထောက်ပြထားသည်။ ထိုသို့သော အခြေအနေမျိုးတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်လာနိုင်သည်။
သီရိလင်္ကာနိုင်ငံသည် အစားအစာနှင့် တခြားကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် အဓိက အမှီသဟဲပြုနေရသည့် နိုင်ငံဖြစ်သောကြောင့် နိုင်ငံအတွင်း လိုအပ်နေသည့် ကုန်ပစ္စည်းများကို ဝယ်ယူရန် နိုင်ငံခြားငွေ လိုအပ်လျက်ရှိသည်။ အစိုးရအနေဖြင့် လာမည့် ၁၂ လအတွင်း အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ပြည်တွင်းနှင့်ပြည်ပ ချေးငွေများကို ပြန်ဆပ်ရန် ရုန်းကန်နေရသည်။ သို့ရာတွင် နိုင်ငံ၏နိုင်ငံခြား အရန်ငွေပမာဏမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံသာ ရှိသည်။
ထို့ကြောင့် သီရိလင်္ကာနိုင်ငံသည် ဒေဝါလီခံရမည့် ကိန်းဆိုက်နေသည်ဟု အတိုက်အခံ လွှတ်တော်အမတ် တစ်ဦးလည်းဖြစ်၊ စီးပွားရေးပညာရှင် တစ်ဦးလည်းဖြစ်သည့် ဟာရှာဒီဆေးလ်ဗားက ပြောကြားသည်။
လက်ရှိတွင် အစိုးရသည် နိုင်ငံအတွင်းရှိ ပြည်သူများ တွေ့ကြုံနေရသည့် အခက်အခဲများ အနည်းငယ် လျော့ပါးစေရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည်။
အစိုးရက လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များတွင် ပြည်တွင်း၌ လိုအပ်နေသော အစားအစာနှင့် ကုန်ပစ္စည်းများ တင်သွင်းနိုင်ရေးအတွက် စီးပွားရေး လုပ်ငန်းများကို ချေးငွေများ ပေးအပ်ခြင်း၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ လောင်စာနှင့် ဆေးဝါးများ တင်သွင်းရန်စီစဉ်ခြင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့် ငွေကြေးလဲလှယ်ခြင်းနှင့် အိုမန်နိုင်ငံမှ ရေနံများ ဝယ်ယူတင်သွင်းရန် စီစဉ်ခြင်းတို့ ပါဝင်သည်။
အစိုးရအနေဖြင့် နိုင်ငံအတွင်းဖြစ်ပွားနေသည့် အခက်အခဲများ လျော့ကျလာစေရန်နှင့် ပြည်သူများရင်ဆိုင်နေရသော စီးပွားရေး ကျပ်တည်းမှုများကို ကျော်လွှားနိုင်စေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသော်လည်း မည်သည့် အတိုင်းအတာအထိ ထိရောက်မှုရှိနိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။ ။