နေပြည်တော်၊ စက်တင်ဘာ - ၂၂
တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၁၉ ရက်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာရှိ နေအိမ် ၈ လုံး ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ နေအိမ်များ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာသို့ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများက သွားရောက်၍ ပြိုကျနေအိမ် ၈ လုံး၊ နေအိမ်တန်းလျား ၃ ခုနှင့် ရေခဲစက် ၁ လုံးတို့အား အပျက်အစီးများဖယ်ရှား ရှင်းလင်းခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းစသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၃၇ စု၊ လူဦးရေ စုစုပေါင်း ၁၈၈ ဦးတို့ကို ရေဘေးကင်းလွတ်ရာ ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ကူညီရွှေ့ပြောင်းပေးကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။