လျှပ်စစ်မီးအိမ် အပူရှိန်လွန်ကဲပြီး နေအိမ် မီးလောင်မှုဖြစ်ပွား

လျှပ်စစ်မီးအိမ် အပူရှိန်လွန်ကဲပြီး နေအိမ် မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် ဇန်နဝါရီ ၁၆ ရက်က လျှပ်စစ်မီးအိမ်အား အားသွင်းထားရာမှ အပူရှိန်လွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း နမ္မတီးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က နမ္မတီးမြို့ မြို့လှရပ်ကွက် အိမ်အမှတ်(မလ/၇ဝဝ)၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ နယ်မြေရဲတပ်ဖွဲ့ စခန်းမှူး  ရဲအုပ် နေယုမောင်နှင့် တပ်ဖွဲ့ဝင်များ၊ နမ္မတီးမြို့ မီးသတ်စခန်းမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးယမ်မီဒီးစီနှင့် တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုဖြစ်စဉ်အား စုံစမ်းရာ အိမ်ရှင်စိုးသူ ၃၇ နှစ်သည် နေအိမ်ရှိမီးပလတ်ခုံ၌ လျှပ်စစ်မီးအိမ်အား အားသွင်းထားရာမှ အပူရှိန်လွန်ကဲ၍ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိကာ မီးလောင်မှုကြောင့် ငွေကျပ် ၄၅ဝဝဝဝ တန်ဖိုးရှိ ၁၈ ပေပတ်လည် နှစ်ထပ်နေအိမ်မှ ပျဉ်ခင်းနှင့်ဝါးထရံများ   မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားသည်အထိ လျှပ်စစ်မီးအား သုံးစွဲခဲ့သူ  စိုးသူ၃၇ နှစ်အား နမ္မတီးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ (ပ)၂/၂ဝ၂၂၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ   အမှုဖွင့် အရေးယူထားကြောင်း  သိရသည်။