၂ဝ၂၁ ကမ္ဘာ့တစ်နှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ပွဲ အခမ်းအနားတွင် တစ်နှစ်တာ အမျိုးသားအကောင်းဆုံး ကစားသမားဆုကို မက်ဆီအား ကျော်ဖြတ်ပြီး လီဝန်ဒေါစကီး ဆွတ်ခူးရရှိ

၂ဝ၂၁ ကမ္ဘာ့တစ်နှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ပွဲ အခမ်းအနားတွင် တစ်နှစ်တာ အမျိုးသားအကောင်းဆုံး ကစားသမားဆုကို မက်ဆီအား ကျော်ဖြတ်ပြီး လီဝန်ဒေါစကီး ဆွတ်ခူးရရှိ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ရွေးချယ်ချီးမြှင့်သည့် ၂ဝ၂၁ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဆုများပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ  ၁၈ ရက် နံနက်က  ဆွစ်ဇာလန်နိုင်ငံ  ဇူးရစ်မြို့၌   Video Conferencing စနစ်ဖြင့် ကျင်းပရာ ၂ဝ၂၁ တစ်နှစ်တာ အမျိုးသား အကောင်းဆုံး ကစားသမားဆုကို မက်ဆီအား ကျော်ဖြတ်ပြီး  လီဝန်ဒေါစကီးက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

လီဝန်ဒေါစကီးသည် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့်  ပြင်သစ်မဂ္ဂဇင်းတို့ ပူးပေါင်း ချီးမြှင့်ပေးအပ်ခဲ့သည့် Ballon d'Or ဆုကို လွဲချော်ခဲ့သော်လည်း  ယခုအခါ  ကမ္ဘာ့တစ်နှစ်တာ အမျိုးသား အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် Ballon d'Or ဆုပေးပွဲအခမ်းအနားတွင်လည်း မက်ဆီနှင့်လီဝန်ဒေါစကီးတို့ အားပြိုင်ခဲ့ရာတွင် အဆိုပါဆုကို မက်ဆီက လီဝန်ဒေါစကီးအား ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ပြီး  ယခုအခါ လီဝန် ဒေါစကီးက မက်ဆီအား ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။ ၂ဝ၂၁ ကမ္ဘာ့တစ်နှစ်တာ အမျိုးသား အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် စာရင်းတွင်  လီဝန်ဒေါစကီး၊ မက်ဆီနှင့် ဆာလက်ချ် တို့ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

တခြားဆုများအဖြစ် အကောင်းဆုံး အမျိုးသမီး ဂိုးသမားဆုကို  လိုင်ယွန်အမျိုးသမီး အသင်းဂိုးသမား အန်ဒလာ၊ အကောင်းဆုံး အမျိုးသား ဂိုးသမားဆုကို ချယ်လ်ဆီးအသင်းမှ  မန်ဒီ၊  အကောင်းဆုံး သွင်းဂိုးဆုဖြစ်သည့် Puskas Award ဆုကို အာဆင်နယ်အသင်း နှင့်စပါးအသင်းတို့ ကစားသည့်ပွဲစဉ်မှ   သွင်းဂိုးဖြင့် လာမယ်လာ၊    အကောင်းဆုံး အမျိုးသမီးအသင်းနည်းပြဆုကို ချယ်လ်ဆီးအမျိုးသမီး အသင်းနည်းပြ အမ်မာဟေးယက်စ်၊ အကောင်းဆုံး အမျိုးသားအသင်း နည်းပြဆုကို  ဂွါဒီယိုလာနှင့်   မန်စီနီတို့အား ကျော်ဖြတ်ပြီး ချယ်လ်ဆီးအသင်း နည်းပြတူချယ်လ်၊  Fair  Play  Award   ကို  ဒိန်းမတ်အသင်း၊  အကောင်းဆုံး ပရိသတ်ဆုကို ဒိန်းမတ်နှင့် ဖင်လန်အသင်းပရိသတ် များက ရရှိခဲ့ပြီး တစ်နှစ်တာ အမျိုးသမီးအကောင်းဆုံး ကစားသမားဆုကို Ballon d'Or  ဆုရရှိထားသည့် ဘာစီလိုနာ အမျိုးသမီးအသင်းမှ  ပူတဲလက်စ်၊ သွင်းဂိုး မှတ်တမ်းကောင်းများ   ပိုင်ဆိုင်သည့်ဆုဖြစ်သော  အမျိုးသား အထူးဆုကို မန်ယူအသင်းမှ စီရော်နယ်ဒို၊  အမျိုးသမီး အထူးဆုကို ကနေဒါအမျိုးသမီးအသင်းမှ ဆင်ကလဲယား၊ နေရာလိုက် အကောင်းဆုံးအသင်းတွင် ဂိုးသမားနေရာ၌ ပီအက်စ်ဂျီအသင်းမှ ဒွန်နာရမ်မာ၊ ခံစစ်ကစားသမား သုံးဦးနေရာ၌ မန်စီးတီးအသင်းမှ ဒီယက်စ်၊ ရီးယဲလ်မက်ဒရစ်အသင်းမှ အလာဘာနှင့် ဂျူဗင်တပ်စ်အသင်းမှ ဘိုနူချီ၊ ကွင်းလယ် ကစားသမား သုံးဦးနေရာ၌   ချယ်လ်ဆီးအသင်းမှ   ကန်တီနှင့် ဂျော်ဂျင်ဟို၊ မန်စီးတီးအသင်းမှ  ဒီဘရိုင်း၊ တိုက်စစ် ကစားသမား လေးဦးနေရာ၌   ပီအက်စ်ဂျီအသင်းမှ မက်ဆီ၊  ဘိုင်ယန်မြူးနစ် အသင်းမှ လီဝန်ဒေါစကီး၊ ဒေါ့မွန်အသင်းမှ   ဟာလန်းနှင့်  မန်ယူအသင်းမှ စီရော်နယ်ဒိုတို့ ရရှိခဲ့ကြကြောင်း သိရသည်။