ယခုအခါ ကမ္ဘာကြီးဟာ အိုမီခရွန်ဟုခေါ်တဲ့ SARS- CoV-2 မျိုးကွဲအသစ်တစ်ခုနှင့် ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ လတ်တလော တွေ့ရှိချက်များအရတော့ အိုမီခရွန်သည် ကူးစက်မှုအလွန်မြန်ပြီး ကူးစက်ခံရသူအရေအတွက် အလွန်မြင့်တက်လာနေပါတယ်။
သို့နှင့်တိုင် ဆေးရုံတက်နှုန်းနဲ့ သေဆုံးနှုန်းတွေကတော့ အိုမီခရွန်နဲ့ ပတ်သက်ရင် အခြားမျိုးကွဲတွေထက် ပိုမိုမြင့်မားတယ် ဆိုတာမျိုး မတွေ့ရှိရသေးပါဘူး။ ဒီလိုတွေ့ရှိချက်တွေကြောင့် လူမှုကွန်ရက်များနှင့် အချို့သောဆေးပညာဆိုင်ရာ ဆောင်းပါးများမှာ ကိုဗစ်ကပ်ရောဂါသည် တစ်စတစ်စနှင့် ရောဂါပြင်းထန်မှု လျော့ကျလာကာ သာမန်အအေးမိ တုပ်ကွေးကဲ့သို့ ဖြစ်မည်လားဆိုသည့် ထင်ကြေးပေးရေးသားမှုများစွာ ထွက်ပေါ်လျက်ရှိပါတယ်။ ယေဘုယျအားဖြင့် ကြည့်ရင်တော့ မည်သည့်ဗိုင်းရပ်မဆို အချိန်ကြာ လာသည် နှင့်အမျှ ပိုမိုကူးစက်နိုင်စွမ်းမြင့်လာပြီး ရောဂါပြင်းထန်မှုမှာ ကျဆင်းသွားစမြဲသာ ဖြစ်တယ်လို့ အချို့ကယူဆကြပါတယ်။ ထို့ကြောင့် လူများများကူးစက်လေလေ ရောဂါပြင်းထန်မှု ကျဆင်းလေလေဟု မှတ်ယူကြတာ ဖြစ်ပါတယ်။
ဤယူဆချက်မှာ လက်ခံနိုင်ဖွယ်ရှိပြီး ယုံကြည်နိုင်ဖွယ်ကောင်းတဲ့ ယူဆချက်တစ်ခု ဖြစ်သော်ငြား ဗိုင်းရပ်ပိုးဟာ ဤယူဆချက်ကို စိတ်ဝင်စားပုံမရပါ။ ဗိုင်းရပ်များသည် မည်သူ့ကိုကူးစက်သည်၊ မည်မျှကြာအောင် ကူးစက်သည်၊ မည်သည့်ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည်ဆိုသည်ကို စိတ်မဝင်စားကြပါ။ ဤအချက်များမှာ ၎င်းတို့၏ အလုပ်မဟုတ်ပါ။
၎င်းတို့စိတ်ဝင်စားသည်မှာ ဆက်လက်ပြန့်ပွားနိုင်သော လက်ခံကောင်(လူ) အသစ်ကိုရှာဖွေရန်သာ ဖြစ်သည်။ ဤသည်သာ၎င်းင်းတို့ရဲ့အလုပ်ဖြစ်ပါတယ်။
ဗိုင်းရပ်ပိုးတစ်ကောင်အနေဖြင့် ၎င်း၏ဖြစ်တည်မှုတည်တံ့ရေးအတွက် အရေးအကြီးဆုံးအလုပ်မှာ လူတစ်ဦးမှ နောက်တစ်ဦးသို့ ဆက်လက်ပြန့်ပွားရေးပင်ဖြစ်သည်။ ၎င်းအတွက် ဆက်လက်ကူးစက်နိုင်စွမ်း အထောက်အပံ့ဖြစ်စေမယ်ဆိုရင်တော့ လက်ခံကောင်(လူ)အား မည်သည့်တိုက်ခိုက်မှုမျိုးမဆို ပြုလုပ်မည်သာ ဖြစ်ပါတယ်။
မည်သည့်ဗိုင်းရပ်မဆို ၎င်းင်းတို့ရဲ့ သဘာဝအလျောက် ဖြစ်ပေါ်တိုးတက်မှုအရ လက်ခံကောင်(လူ)အား ရောဂါတစ်မျိုး မဟုတ်တစ်မျိုး ဖြစ်ပေါ်စေသည်ချည်းသာဖြစ်ပါတယ်။ ဗိုင်းရပ်ကူးစက်ရာမှတစ်ဆင့် မတူညီသော ရောဂါလက္ခဏာများ ပေါ်ပေါက်ရတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိနိုင်ပါတယ်။ ဗိုင်းရပ်သည် ဆဲလ်တစ်ခုကို မှီတွယ်ရာမှတစ်ဆင့် နောက်ထပ်ဆဲလ် ရာပေါင်းများစွာကို ဆက်လက်မှီတွယ်ပွားများခြင်းကြောင့် ရောဂါဖြစ်ပွားရခြင်း မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဥပမာ-အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သောဗိုင်းရပ်ပိုးဆိုပါက ပုံမှန်အားဖြင့် နှာချေခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်စေပါတယ်။ အဆိုပါ ရောဂါလက္ခဏာများ အားလုံးဟာ ဗိုင်းရပ်အား လက်ရှိလက်ခံကောင်(လူ)ထံမှ နောက်ထပ်(လူ)တစ်ဦးဆီသို့ ထပ်မံကူးစက်နိုင်ရန် ကူညီပံ့ပိုးပေးပါတယ်။ ဒါကြောင့်အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သော အချို့ဗိုင်းရပ်များဟာ ရောဂါလက္ခဏာများ မပြမီပျံ့နှံ့နိုင်သော်လည်း ရောဂါလက္ခဏာများပေါ်လာသည့်အခါ ပိုမိုထိရောက်စွာပျံ့နှံ့နိုင်သည်ကို တွေ့ရှိရတာလည်း ဖြစ်ပါတယ်။
ဗိုင်းရပ်များအတွက်ဆိုလျှင် “သေနေသောလက်ခံကောင်(Host)သည် ကောင်းမွန်သောလက်ခံကောင် (Host)မဟုတ်” ဟူသောစကားစုသည် သိပ္ပံပညာရှင်များ ပြောလေ့ရှိသည့် ဗိုင်းရပ်များ၏ သဘောသဘာဝကို ဖော်ပြတဲ့အဆိုတစ်ခုပင် ဖြစ်သည်။ ဤအဆိုမှာ ဗိုင်းရပ်အများစုအတွက် မှန်ကောင်းမှန်ပါလိမ့်မယ်။
ဗိုင်းရပ်ကူးစက်ခံရသူတိုင်း သေဆုံးမည်ဆိုပါစို့။ ထိုသို့ဆိုလျှင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဗိုင်းရပ်ထပ်မံ၍ မပျံ့နှံ့နိုင်တော့တဲ့အတွက် လက်ခံကောင်(Host)ဟူ၍လည်း ကျန်တော့မည်မဟုတ်ပါ။ ဒါကြောင့် ကူးစက်ခံရသူတိုင်း သေသည်ဆိုပါမူ ဗိုင်းရပ်ဘက်က ကြည့်မယ်ဆိုရင်လည်း ၎င်းဆက်လက် တည်တံ့ရေးအတွက်အလားအလာ မကောင်းပါ။
သို့သော် အမှန်တကယ် အရေးကြီးသည့်အချက်မှာ ဗိုင်းရပ်သည်မည်မျှ ထိရောက်စွာနှင့် မည်မျှလုံလောက်စွာ ကူးစက်ပျံ့နှံ့သနည်းဆိုတဲ့ အချက်ပင်ဖြစ်တယ်။ လူတစ်ဦးကို အလွန်ပြင်းထန်စွာ နာမကျန်းဖြစ်စေခြင်းဟာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို အထောက်အကူ ဖြစ်စေပါသလား။ အထောက်အကူဖြစ်စေသည်ဆိုလျှင် ဤနည်းလမ်းဟာ အလုပ်ဖြစ်တဲ့အတွက် ဗိုင်းရပ်သည်လည်း ၎င်းကူးစက်ထားသူများကို အပြင်းအထန် ဖျားနာအောင် လုပ်နိုင်ပါတယ်။ သို့သော်လည်း ဤသည်မှာ သုတေသနတွေ့ရှိချက်တော့မဟုတ်ပါ။ မှန်းဆကြည့်ခြင်းသာ ဖြစ်ပါတယ်။
ဗိုင်းရပ်အားလုံးဟာ ဗီဇပြောင်းကြသည်ချည်းဖြစ်ပြီး ထိုဗီဇပြောင်းခြင်းသည်လည်း ကျပန်းဖြစ်ပေါ်တတ်ခြင်း ဖြစ်ပါတယ်။ ဗီဇပြောင်းလဲခြင်းတွင် ပြောင်းလဲလေ့မရှိသည်မှာ ဗိုင်းရပ်၏ ပုံတူပွားနိုင်စွမ်းနဲ့ ကူးစက်ပျံ့နှံ့နိုင်စွမ်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဤဗီဇမပြောင်းလဲခြင်းများဟာ မျိုးကွဲတစ်ခုကို ကိုယ်ပိုင်အမှတ်သရုပ်တစ်ခု ဖြစ်ပေါ်စေတဲ့အတွက် ကမ္ဘာအနှံ့အပြားမှာ ဗိုင်းရပ်မည်သို့ ကူးစက်ပျံ့နှံ့သည် ဆိုသည်ကို ခြေရာခံနိုင်ခြင်း ဖြစ်ပါတယ်။ ဗိုင်းရပ်၏ပုံတူပွားနိုင်စွမ်းအပေါ် ထိခိုက်မှုရှိလာတဲ့ ဗီဇပြောင်းလဲမှုများဟာ မူလဗိုင်းရပ်ရဲ့ ပျံ့နှံ့မှုနှုန်းကို မယှဉ်သာတော့တဲ့အတွက် အလျင်အမြန်ပင် မျိုးသုဉ်းပျောက်ကွယ်သွားသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
တစ်ပြိုင်နက်တည်းမှာပဲ ပျံ့နှံ့ကူးစက်မှုကို ပိုမိုအားကောင်းစေတဲ့ ဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်တတ်တာကိုလည်း တွေ့ရှိရပါတယ်။ ဗီဇပြောင်းလဲမှုများဟာဆိုရင် ကျပန်းဖြစ်ရပ်များပင် ဖြစ်ပါတယ်။
ထိုကဲ့သို့သော ဗီဇပြောင်းလဲမှုများ ဖြစ်လာပြီဆိုလျှင် ဗီဇပြောင်းဗိုင်းရပ်ဟာ မူလဗိုင်းရပ်ထက်ပင် ကူးစက်နိုင် စွမ်းပိုမို အားကောင်းတဲ့အတွက် ကူးစက်မှုများကို လွှမ်းမိုးထားနိုင်သော မျိုးဗီဇသစ် ဖြစ်လာပါတယ်။
ပုံမှန်အားဖြင့် နှစ်ပေါင်းထောင်နှင့်ချီ၍ ကူးစက်ရမည့် အရေအတွက်ကို ရက်ပိုင်း၊ လပိုင်းအတွင်း ကူးစက်နိုင်ခြင်း ဖြစ်တဲ့အတွက် ချားလ်စ်ဒါဝင်၏စကားနှင့် ပြောရမယ်ဆိုရင် သဘာဝ၏ ရွေးချယ်မှုဖြင့် ဖြစ်ပေါ်လာရသည့် ဆင့်ကဲဖြစ်စဉ်တစ်မျိုးပင် ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ဟာ အချိန်ကြာလာသည်နဲ့အမျှ ပိုမိုအားလျော့လာမလားဟု မေးလျှင် ဖြစ်နိုင်ခြေရှိသည်ဟု ဖြေရပါလိမ့်မယ်။ ယခုအခါ အိုမီခရွန်ဗိုင်းရပ်ဟာ ကူးစက်ခံရဖူးသူ သို့မဟုတ် ကာကွယ်ဆေးထိုးထားသူများကို ထပ်မံကူးစက်နိုင်ကြောင်း သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိထားပြီဖြစ်ပါတယ်။ ယခင်ကူးစက်ခံရဖူးသူများနဲ့ ကာကွယ်ဆေး ထိုးထားသူများက လူဦးရေတစ်ခုအတွင်း ကူးစက်ပျံ့နှံ့ခြင်းအတွက် ခုခံအားတစ်ခုကို တည်ဆောက် ပေးထားပါတယ်။ ဤခုခံအားစနစ်ဟာ ရောဂါပိုးကို လုံးလုံးလျားလျား မပိတ်ဆို့နိုင်တာကြောင့် ပြီးပြည့်စုံတဲ့ ကာကွယ်မှုစနစ်တစ်ခု မဟုတ်သော်လည်း ရောဂါပိုးကူးစက်မှု အချိန်ကာလကို တိုတောင်းစေကာ ပိုးထုတ်လွှတ်တဲ့ပမာဏကို လျော့ကျစေခြင်းဖြင့် ဗိုင်းရပ်ပိုးကို နှိမ်နင်းနိုင်သောကြောင့် ရောဂါလက္ခဏာ ပေါ်ပေါက်မှုနဲ့ ရောဂါပြင်းထန်မှုကို လျော့ကျစေနိုင်ပါတယ်။
ယခုပျံ့နှံ့နေသော အိုမီခရွန်မျိုးကွဲ အတွက်ဆိုရင် အခြားသော မျိုးကွဲများထက် ပိုပြီးတော့ အားကောင်းတဲ့ ခုခံမှုစနစ် လိုအပ်ပါလိမ့်မယ်။ ထိုသို့အဆင့်မြင့်သော ခုခံမှုစနစ် ရရှိရန်အတွက် ကာကွယ်ဆေးနှစ်ကြိမ်ထိုး ပြီးသူများအနေနဲ့ သြသျအနမ ထိုးခြင်း သို့မဟုတ် ကူးစက်ခံရဖူးသူများကို ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ယခုအခါမှာတော့ အိုမီခရွန်နဲ့ ပတ်သက်လို့ ကမ္ဘာတစ်ဝန်းစိုးရိမ်နေကြပါတယ်။ စောင့်ကြည့်လေ့လာ ထိန်းချုပ်မှုတွေ လုပ်နေကြပါတယ်။ ကူးစက်မှုဟာ ယခင်မျိုးကွဲတွေထက် ပိုမိုမြန်လာတာကြောင့် ကူးစက်မှု လျှော့ချနိုင်ရေးမှာ ခေါင်းခဲစရာဖြစ်နေပါတယ်။ လူတွေတတ်နိုင်သမျှ ခပ်ခွာခွာနေနိုင်မယ့်စီမံချက်တွေ၊ တားမြစ်ချက်တွေ ချမှတ်လျက်ရှိသည့် နည်းတူ ပါးစပ်နှာခေါင်းစည်းများ မဖြစ်မနေတပ်ကြဖို့ ဆော်သြနေကြပါတယ်။ ဒီလိုစိုးရိမ်မှုတွေရှိတာလည်း မမှားပါဘူး။
ကိုဗစ်-၁၉ ကပ်ရောဂါကာလဟာဆိုရင် ကမ္ဘာပေါ်မှာ ယခင်က လုံးဝသာဓကမရှိခဲ့ဘူးတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့တစ်ခုရှိတာကတော့ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ SARS-CoV-2 ဗိုင်းရပ်ပိုးဟာ ခုခံအားစနစ်လုံးဝလုံးဝမရှိတဲ့လူထုအတွင်းသို့ စတင်ကူးစက်ပျံ့နှံ့ခဲ့ခြင်း ဖြစ်ပါတယ်။ ယခု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် SARS-CoV-2 ဗိုင်းရပ်ပိုးအား ခုခံနိုင်တဲ့ကိုယ်ခံအားစနစ်ရှိနေပြီဖြစ်သော လူထုအတွင်းသို့ အိုမီခရွန်ဗီဇကွဲအသစ်ပုံစံဖြင့် ထပ်မံရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာဆိုရင် များစွာကွာခြားသွားပြီပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ စိုးရိမ်လွန်စရာ အခြေအနေမျိုးတော့ မဟုတ်တော့ပါဘူး။ သို့သော် ကာကွယ်ဆေး ထိုးထားသူလူဦးရေနည်းပြီး သက်ကြီးရွယ်အိုဦးရေများတဲ့ ခုခံအားနည်းသော လူ့အဖွဲ့အစည်းတွင်မူ မူလ SARS-CoV-2 ဗိုင်းရပ်ပိုးကိုပင် ခုခံနိုင်ရန် အဆင်သင့် မဖြစ်သေးတဲ့အတွက် အိုမီခရွန်ဗီဇကွဲသာ စတင်ပျံ့နှံ့မယ် ဆိုရင်တော့ ထိခိုက်နစ်နာဆုံးရှုံးမှုများ နိုင်ပါတယ်။
သို့ဖြစ်၍ ကိုဗစ်-၁၉ ရောဂါပြင်းထန်မှု လျော့ကျသွားမလား ဆိုသည်မှာ ဗိုင်းရပ်က အဆုံးအဖြတ်ပေးရမည့် အလုပ်မဟုတ်ပါ။ မိမိတို့လူသားများကသာ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် အားသာချက်ကိုရယူပြီး ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါပြင်းထန်မှုများကို ထိန်းချုပ်ရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
Source: Will the coronavius evolve to be milder?, NYTIMES.COM
ကိုဇေ