မန္တလေးမြို့၊ နန်းမြို့အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အာသောကစေတီတော် မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ - ၁၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့အတွင်း တည်ထားကိုးကွယ်လျက်ရှိ သည့် အာသောကစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် ရွှေသင်္ကန်းကပ် လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နန်းမြို့အတွင်းရှိ ရန်အောင်မြင်ဓမ္မာရုံ၌ ပြလုပ်ရာ ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မိကာရာမတိုက်၊ ရတနာပုံ ကျောင်းဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် တော်မူကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာအောင်မြေမြို့နယ်၊ မစိုးရိမ် တိုက်သစ်၊ မဟာနာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဌာဘိဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ကြ သည်။
ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား ဆရာတော်၊ သံဃာတော်များ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။ ယင်းနောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက မဟာဓမ္မိကာရာမတိုက်၊ ရတနာပုံကျောင်းဦးစီးပဓာန နာယကဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။