တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နတ်စင်တစ်ရာဆရာတော် နှင့် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်း
နေပြည်တော်၊ ဇန်နဝါရီ - ၁၉
တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ တို့အား အမှူးပြု၍ နတ်စင်တစ်ရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇ နှင့် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေး ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ဗန်းမော်ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် များရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် သိန်း ၃၀၀ ကို နတ်စင်တစ်ရာဆရာတော်ဦးဆောင်သော အလှူရှင်များက ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။
ယင်းနောက် ဗန်းမော်ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်များ အား တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အနုမောဒနာ တရား နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ဗန်းမော်ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာ တော်များအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။