၂ဝ၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ(ဆီမီးဖိုင်နယ်) ပွဲစဉ်ယှဉ်ပြိုင်
နေပြည်တော် ဇန်နဝါရီ ၁၉
၂ဝ၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိ သူများနှင့် ဘောလုံး ဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ယနေ့တွင် အသက်၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အသင်း နှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ် အသင်းက ရန်ကုန်တိုင်း ဒေသကြီး အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည်။
အဆိုပါပြိုင်ပွဲတွင် တာဝန်ရှိသူတစ်ဦးက (Women of the match) ဆုရရှိသည့် ရှမ်းပြည်နယ်အသင်းမှ ကျောနံပါတ်(၁ဝ) မနန်းဖြူဖြူသွယ်ကို ဆုငွေကျပ် ၅ဝဝဝဝ ပေးအပ်ချီးမြှင့်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၁ ရက် နံနက် ၇နာရီခွဲတွင် မွန်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် ဗိုလ်လုပွဲစဉ်အဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ရာ ဘောလုံးဝါသနာရှင်များ အနေဖြင့် အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းနှင့် အဆိုပါတတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်တို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV HD) နှင့် (MRTV Sports Channel)ရုပ်သံလိုင်းတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။