ဘူးသီးတောင်မြို့၌ ဆောင်းရာသီ ဖိတ်ခေါ်ဖလား အလွတ်တန်း အမျိုးသားဘော်လီဘော ပြိုင်ပွဲနှင့် အမျိုးသမီး ထုပ်ဆီးတိုးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့၌ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂ဝ၂၂ ခုနှစ် ဆောင်းရာသီဖိတ်ခေါ်ဖလားအလွတ်တန်းအမျိုးသား ဘော်လီဘောပြိုင်ပွဲနှင့် အမျိုးသမီး ထုပ်ဆီးတိုးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်တွင် ဘူးသီးတောင်မြို့ မြို့မအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဘူးသီးတောင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးငြိမ်းချမ်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြိုင်ပွဲကို လူငယ်လူရွယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု လျော့နည်းလာစေရန်၊ အားကစားကို လေ့လာလိုက်စား၍ ကျန်းမာကြံ့ခိုင်သော လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရန် နှင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောသည်။
ထို့နောက် ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင်ကြရာ ဆောင်းရာသီ ဖိတ်ခေါ်ဖလား အလွတ်တန်းအမျိုးသား ဘော်လီဘောပြိုင်ပွဲကို အသင်းရှစ်သင်းနှင့် အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲကို အသင်းရှစ်သင်းတို့ဖြင့် ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။