မြင့်တက်လာသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြန်လည် သုံးသပ်လာသည့် ဥရောပနိုင်ငံများ

မြင့်တက်လာသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြန်လည် သုံးသပ်လာသည့် ဥရောပနိုင်ငံများ

ကမ္ဘာ့နိုင်ငံများတွင်  တစ်ဖန်ပြန်လည် ဖြစ်ပွားလာသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသည် ယခုအခါ စီးပွားရေး တောင့်တင်းသည့် ဥရောပနိုင်ငံကြီးများကိုပါ ပြန်လည်ခြိမ်းခြောက်လာသည်။ အဆိုပါဥရောပနိုင်ငံများတွင်  နောက်ဆုံးအကြိမ် ရောဂါကူးစက် ပျံ့နှံ့ပြီးနောက်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများမှ   အစိုးရအဖွဲ့များသည်   နိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန် ထူလာစေရေးအတွက် ရောဂါကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်များကို ပြန်လည်ဖြေလျှော့ပေးခဲ့သည်။သို့သော် ယခုအခါ အစိုးရအဖွဲ့များအနေဖြင့် ၎င်းတို့၏ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ရန်    လိုအပ်လာပြီဖြစ်သည်။

ဗြိတိန်

ဗြိတိန်နိုင်ငံ၌  ဇန်နဝါရီ ၁၈ ရက်က ကိုဗစ်-၁၉  ရောဂါကူးစက်မှုကြောင့်  လူ ဦးရေ ၄၃၈ ဦး ထပ်မံသေဆုံးခဲ့ခြင်းကြောင့် နိုင်ငံအတွင်း  ပြန်လည်ဖြစ်ပွားလာသည့် ရောဂါကူးစက် ပျံ့နှံ့လာမှုသည်  ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အစိုးရအတွက် ခေါင်းခဲစရာ ကိစ္စရပ်တစ်ခုဖြစ်လာခဲ့သည်။  ယခုဖြစ်ပွားသည့် သေဆုံးမှုသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ   ၂၄  ရက်မှစ၍  အမြင့်ဆုံး ဖြစ်လာခဲ့သည်။

နိုင်ငံအတွင်းဖြစ်ပွားသည့် ရောဂါကူးစက်မှုများသည် အမြင့်ဆုံးပမာဏ အထိရောက်ရှိလာပြီဖြစ်သောကြောင့် မကြာမီအချိန်တွင် ရောဂါကူးစက်မှုနှုန်း ပြန်လည်ကျဆင်း လာနိုင်သည်ဟု ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က  လွှတ်တော်သို့  အစောပိုင်းတွင် ပြောကြားပြီးနောက်   ရောဂါကူးစက်မှုကြောင့်    သေဆုံးမှုမြင့်တက်လာခြင်း ဖြစ်သည်။ ထို့ကြောင့်  အစိုးရ၏   ရောဂါကူးစက်မှုအပေါ် ထားရှိသည့် အကောင်းမြင်ဝါဒမှာ ယခုအခါ မသေချာ၊ မရေရာမှုများနှင့် ရင်ဆိုင်လာရပြီဖြစ်သည်။

ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီးနောက်  အစိုးရက   ပြည်သူများကို အားဖြည့်ကာကွယ်ဆေးများ အလျင်အမြန်ထိုးနှံပေးနေစဉ်    သေဆုံးမှုမြင့်တက်လာခြင်းဖြစ်သည်။   ဗြိတိန်နိုင်ငံ၌   ရောဂါကူးစက်မှုကြောင့် စုစုပေါင်း လူဦးရေ ၁၅၂၅၁၃ ဦး  သေဆုံးခဲ့ပြီး   ယင်းပမာဏမှာ ကမ္ဘာပေါ်၌   သတ္တမမြောက် အများဆုံး အဖြစ်ရပ်တည်နေသည်။ သေဆုံးသူများအနက် အများစုမှာ ရောဂါကူးစက်မှု စတင်ဖြစ်ပွားသည့်  ပထမနှစ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

ပြင်သစ်

ပြင်သစ်နိုင်ငံ၌   ကိုဗစ်-၁၉   ရောဂါကူးစက်မှုကြောင့်  ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူရသူ အရေအတွက်သည် ယခုအခါ    အများဆုံးဖြစ်လာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ကြေညာထားသည်။ ရောဂါကူးစက်မှုကြောင့် ဆေးရုံတက်ရောက်ရသူ အရေအတွက်မှာ     တစ်ရက်တည်းတွင်၂၅၇၇၅ ဦးရှိသောကြောင့် ယင်းပမာဏသည် နိုင်ငံအတွင်း တစ်ရက်တည်း ရောဂါ ကူးစက်ခံရမှု အများဆုံးအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင်  ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားလာခြင်းကြောင့်    အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ခဲ့ရသည့် ဦးရေမှာ ၃၉၁၃ ဦးအထိ မြင့်တက်လာသည်။

တစ်နိုင်ငံလုံး၌  ကိုဗစ်-၁၉  ရောဂါထပ်မံကူးစက်ခံရသူ ၂၇၈ဝဝဝ ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် ကန့်သတ်ချက် အသစ်များ ပြန်လည်ချမှတ်ရန် လွှတ်တော်က အတည်ပြုခဲ့ရသည်။  အစိုးရက ထပ်မံထုတ်ပြန်သည့်  ကန့်သတ်ချက် စည်းမျဉ်းတွင် နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များ၊ကော်ဖီဆိုင်များ၊ ရုပ်ရှင်ရုံများသို့ သွားရောက်မည့်သူများနှင့်   အဝေးပြေးရထား စီးနင်းမည့်သူများ အနေဖြင့်  ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း ထောက်ခံစာများ ပြသရန်  လိုအပ်မည်ဖြစ်သည်။    ပြင်သစ်နိုင်ငံ၌ အစိုးရက ဖော်ဆောင်နေသည့်   ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို    တချို့က ဝေဖန်ကန့်ကွက်သည့် အခက်အခဲများနှင့် ရင်ဆိုင်ရလျက်ရှိသည်။လက်ရှိတွင်  တစ်နိုင်ငံလုံးရှိ   ပြည်သူအားလုံး၏ ၇၈ ရာခိုင်နှုန်းခန့်သာ ကာကွယ်ဆေး   အပြည့်အဝ ထိုးနှံထားပြီးဖြစ်သောကြောင့် အစိုးရအနေဖြင့် ကျန်ရှိနေသူများကို  ကာကွယ်ဆေးထိုးနှံပေးရန် ကြိုးပမ်းနေသည်။

ဒိန်းမတ်

ဒိန်းမတ်နိုင်ငံသည်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လာနေခြင်းနှင့် ရင်ဆိုင်နေရသည့် ဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်သည်။  ယင်းနိုင်ငံအတွင်း ရောဂါကူးစက်မှု လျော့ကျလာခြင်းကြောင့် အစိုးရက နိုင်ငံအတွင်းရှိ    ရုပ်ရှင်ရုံနှင့် လူအများ သွားလာနိုင်သည့် တခြားနေရာများကို ပြန်လည်ဖွင့်လှစ်ပေးပြီးနောက် ရောဂါကူးစက်မှုမှာ  စံချိန်တင် မြင့်တက်လာခဲ့သည်။နိုင်ငံအတွင်း ဇန်နဝါရီ ၁၇ ရက် တစ်ရက်အတွင်းမှာပင် ရောဂါကူးစက်ခံရသူ ၂၈၇၈ဝ ဦး ရှိလာပြီး ရောဂါကူးစက်မှုကြောင့်  ဆေးရုံသို့ တက်ရောက်ခဲ့ရသူမှာလည်း ၈ဝ၂ ဦး အထိရှိလာသည်။    ယင်းပမာဏသည်   လက်ရှိတွင် အများဆုံး အရေအတွက်ဖြစ်လာသည်။

အစိုးရက ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံအတွင်း တင်းကျပ်သည့် ကန့်သတ်ချက်များကို တစ်လကြာ ထုတ်ပြန်ခဲ့ပြီးနောက် ရောဂါကူးစက်မှုနှုန်း လျော့ကျလာနိုင်သည်ဟု ယူဆခြင်းကြောင့် ကန့်သတ်ချက်များကို ဖြေလျှော့၍   ပိတ်ထားသည့်ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊   ပြတိုက်များ၊ ဖျော်ဖြေရေးပွဲများနှင့်ပန်းခြံများကို   ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာမှ   ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်ဟု တချို့က ယူဆကြသည်။

ဒိန်းမတ်နိုင်ငံသည်   ကာကွယ်ဆေး ထိုးနှံပေးရေး အစီအစဉ်ကို   ထိရောက်စွာ အကောင်အထည် ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး   လက်ရှိတွင်   အစိုးရက  နိုင်ငံအတွင်းရှိ    ပြည်သူငါးဦးအနက် လေးဦးကို ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးထားသည်။

အချုပ်အားဖြင့်ဆိုရပါမူ  ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် ဗြိတိန်၊ ပြင်သစ်နှင့် ဒိန်းမတ်ကဲ့သို့သော  စီးပွားရေးအင်အား တောင့်တင်းသည့် ဥရောပနိုင်ငံများတွင် ပြန်လည်ဖြစ်ပွားနေပြီး ယင်းနိုင်ငံအစိုးရများအနေဖြင့် မြင့်တက်လာသည့်  ရောဂါကူးစက်မှုကို    ထိန်းချုပ်နိုင်ရေးအတွက်   ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို    ပြန်လည်သုံးသပ်လျက်ရှိကြောင်း    ရေးသား တင်ပြလိုက်ရပါသည်။