မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် လူမှုဖူလုံရေး အဖွဲ့အနေဖြင့် ၁၉၅၆ ခုနှစ်မှစတင်၍ နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဖွဲ့စည်းထားသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဖြင့် လူမှုဖူလုံရေး စီမံကိန်းလုပ်ငန်းများကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဖူလုံရေး စီမံကိန်းသည် အာမခံ အလုပ်သမားများ၏ မကျန်းမာမှု၊ မီးဖွားမှု၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုတို့ကြောင့် လုပ်ခဝင်ငွေလျော့နည်းခြင်း၊ ရပ်စဲခြင်းများ ဖြစ်ပေါ်သည့်အခါ အလုပ်သမားနှင့် ၎င်းအပေါ် မှီခိုနေသော မိသားစုဝင်တို့၏ စီးပွားရေး၊ လူမှုဒုက္ခများခံစားရခြင်းမှ ကာကွယ်ပေးရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
တည်ဆဲလူမှုဖူလုံရေး ဥပဒေနှင့်အညီ လူမှုဖူလုံရေး အာမခံစနစ်အရ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ထည့်ဝင်ကြေးမှ စုဆောင်းရရှိသည့် လူမှုဖူလုံရေး ရန်ပုံငွေဖြင့် အကျုံးဝင် အာမခံ အလုပ်သမားတို့အတွက် လူမှုဖူလုံရေး အစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ လူမှုဖူလုံရေး အာမခံစနစ် ခြောက်မျိုးအနက် လက်ရှိကျင့်သုံးနေသည့် အာမခံစနစ် နှစ်မျိုးဖြစ်သည့် ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်နှင့် အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းအာမခံစနစ် နှစ်မျိုးအတွက် အလုပ်သမား လုပ်ခလစာ၏ ၃ ရာခိုင်နှုန်းကို အလုပ်ရှင်မှလည်းကောင်း၊ ၂ ရာခိုင်နှုန်းကို အလုပ်သမားမှလည်းကောင်း ရန်ပုံငွေသို့ထည့်ဝင်၍ အာမခံ အလုပ်သမား တို့အတွက် ငွေကြေးထောက်ပံ့မှုပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်လူမှုဖူလုံရေးရုံး ၁၄ ရုံး၊ ခရိုင်ရုံး လေးရုံး၊ မြို့နယ်ရုံး ၇၈ ရုံး၊ အလုပ်သမားဆေးရုံကြီး သုံးရုံ၊ မြို့နယ်ဆေးခန်း ၉၆ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ အလုပ်ဌာနကြီးဆေးခန်း ၅၇ ခန်း၊ ရွှေ့လျားဆေးကုသယာဉ် (MMU) သုံးစီးတို့အပြင် နိုင်ငံတကာ၌ ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များအပေါ် လေ့လာ၍ ကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ်သည့် နေရာများနှင့် နယ်ပယ်တို့၌ ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပေး နိုင်ရေးအတွက် ကျန်းမာရေး ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုရယူသူတို့အကြား ခွဲခြားဆောင်ရွက်သည့် Provider-Purchaser Split System အရ ပုဂ္ဂလိကကဏ္ဍရှိ ဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ Fee for Service Payment ဖြင့် ဆောင်ရွက်သည့် ဆေးခန်း ၁၀ ခန်း၊ Capitation Paymentဖြင့် ဆောင်ရွက်သည့်ဆေးခန်း ကိုးခန်းတို့ဖြင့် အကျုံးဝင် အာမခံအလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ လူမှုဖူလုံရေး စီမံကိန်းအကျုံးဝင်မြို့နယ် ၁၁၆ မြို့နယ်၌ အကျုံးဝင် အာမခံအလုပ်သမားပေါင်း ၁၀၅၁၄၇၁ ဦးနှင့် အကျုံးဝင်အလုပ်ဌာနပေါင်း ၃၃၆၃၀ ဌာနရှိပါသည်။
၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လက်ရှိဆောင်ရွက်နေသည့် အာမခံစနစ် နှစ်မျိုးပါ ဆေးကုသမှုခံယူခွင့်၊ မကျန်းမာမှု၊ မီးဖွားမှု၊ အမျိုးသမီးမီးဖွားစရိတ်၊ ကိုယ်ဝန်ပျက်မှု၊ တစ်နှစ်အောက်ကလေးမွေးစားမှု၊ ဖခင်ဘဝဖြစ်မှု၊ ဖခင်ဘဝဖြစ်မှုအတွက် မီးဖွားစရိတ်၊ မွေးကင်းစကလေး ဆေးကုသမှုခံယူခွင့်၊ နာရေးစရိတ်၊ ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှု၊ ကျန်ရစ်သူအကျိုးခံစားခွင့်၊ ဆေးကုသမှု ဆက်လက်ခံယူခွင့်၊ ဆေးရုံတက်ခရီးစရိတ် စသည့်အကျိုးခံစားခွင့် အမျိုးအစား ၁၅ မျိုးနှင့် ကိုဗစ်-၁၉ ကာလအတွင်း ခွင့်ပြုထုတ်ပေးသည့် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု ၄၀ ရာခိုင်နှုန်းတို့ကို ခွင့်ပြုထုတ်ပေးလျက်ရှိရာ ၄/၂၀၁၄ လမှ ၁၁/၂၀၂၁ လအထိ အာမခံအလုပ်သမားများအတွက် ငွေကြေးအကျိုးခံစားခွင့် စုစုပေါင်းငွေကျပ်သန်း ၁၅၈၈၂၉ ဒသမ ၂၁၃ ကို ခွင့်ပြုထုတ် ပေးခဲ့ပါသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ဆေးခန်းများတွင် ၄/၂၀၁၄ လမှ ၁၁/၂၀၂၁ လအတွင်း အတွင်းလူနာ ၅၂၂၈၆ ဦးနှင့် ပြင်ပလူနာ ၆၁၈၄၉၅၃ ဦး စုစုပေါင်း ၆၂၃၇၂၃၉ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ ဆေးရုံကြီးများသို့ လွှဲပို့ကုသစေပြီး ဆေးဖိုးကုန်ကျငွေများကို ဆေးဖိုးပြန်အမ်းခြင်း လုပ်ငန်းစဉ်အရ ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။
အဆိုပါ ကာလအတွင်း အာမခံအလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဆေးဝါးဝယ်ယူမှု အတွက် ငွေကျပ်သန်း ၄၄၉၂၆ ဒသမ ၀၂၀ နှင့် အခြားကျန်းမာရေးအသုံးစရိတ်အတွက် ငွေကျပ်သန်း ၁၃၂၂၈ ဒသမ ၀၅၇ စုစုပေါင်း ငွေကျပ်သန်း ၅၈၁၅၄ ဒသမ ၀၇၇ အား သုံးစွဲခဲ့ပါသည်။
အသိပညာပေး လုပ်ငန်းများအနေဖြင့် ခေတ်မီ ICT နည်းပညာနှင့် Digital Platform များ အသုံးပြု၍ လူမှုဖူလုံရေး စီမံကိန်းအကြောင်းနှင့် လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု သတင်းအချက်အလက်များအား အလုပ်သမားဝန်ကြီးဌာန၏ website (www.mol.gov.mm) ၊ လူမှုဖူလုံရေးအဖွဲ့၏ website (www.ssb.gov.mm)၊ Facebook နှင့် SSB Mobile App တို့မှတစ်ဆင့် အသိပညာပေးခြင်း၊ e-service ဝန်ဆောင်မှု ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဖူလုံရေးရုံးခွဲများနှင့် ဆေးခန်းများရှိ တာဝန်ခံများမှ လုပ်ငန်းဌာန များအရောက် ကွင်းဆင်း၍လည်းကောင်း၊ လက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဖြူး၍ လည်းကောင်း အလုပ်ရှင်၊ အလုပ်သမားများအား အသိပညာပေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုတွင် လူမှုကာကွယ်စောင့်ရှောက်ပေးမှု ကိုဗစ်-၁၉ ကာလအတွင်း ငွေကြေး ထောက်ပံ့မှုနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယာယီပိတ်ထားသည့် စက်ရုံ၊ အလုပ်ရုံများရှိ အာမခံအလုပ်သမားများအား ၎င်းတို့ပေးသွင်းထားသည့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေး ထောက်ပံ့ငွေအဖြစ် ခွင့်ပြုထုတ်ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လုပ်ငန်းခွင်သို့ မလာရောက်နိုင်သည့် နေ့ရက်များအတွက် ဆေးခွင့်သတ်မှတ်၍လည်းကောင်း၊ Quarantine ဝင်ရောက်ရသည့် အာမခံ အလုပ်သမားများအား ဆေးခွင့်သတ်မှတ်၍လည်းကောင်း ငွေကြေးအကျိုးခံစားခွင့်အား လုပ်ခလစာ၏ ၆၀ ရာခိုင်နှုန်းကို မကျန်းမာမှုအကျိုးခံစားခွင့်အဖြစ် ခွင့်ပြုခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူမှုဖူလုံရေး ရန်ပုံငွေမှ လူမှုဖူလုံရေးထောက်ပံ့ငွေ ငွေကျပ်သန်း ၇၀၆၄၁ ဒသမ ၉၆၃ ကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းအဖြစ် ငွေကျပ် သန်း ၈၅၈ ဒသမ ၇၅၉ အား ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပါသည်။
အလုပ်သမားဆေးရုံကြီးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးအတွက်လည်း အထူးကုဆရာဝန်များ ပါဝင်သည့် Local Clinical Management Committee ဖွဲ့စည်းတာဝန်ပေးအပ်၍ ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ အလုပ်သမားဆေးရုံကြီး သုံးရုံတွင် ကိုဗစ်-၁၉ သံသယလူနာများ၊ အတည်ပြုလူနာများကို လက်ခံကုသနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက် များနှင့်အညီ လေးခုတင်ဆံ့ (HDU/ICU ) နှင့် ၁၆ ခုတင်ဆံ့ (Isolation Room) များကို ထားရှိ ဆောင်ရွက်ပေးခြင်း၊ သတ်မှတ်ထားသော ကိုဗစ်-၁၉ စင်တာများသို့ ညွှန်းပို့ကုသစေခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိရာ ထန်းတပင်အလုပ်သမားဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြု အာမခံအလုပ်သမားလူနာများကို လက်ခံထားရှိကုသနိုင်ရေး ထပ်မံတိုးချဲ့ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အပြင် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေး ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့ပြင် အရေးပေါ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား မသမာသူများ၏ မီးရှို့မှုကြောင့် ယာယီပိတ်သိမ်းထားသည့် လူမှုဖူလုံရေးအကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်လက်မဲ့ဖြစ်သွားသော အာမခံအလုပ်သမားများအား ၎င်းတို့ပေးသွင်းထားသည့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေး ထောက်ပံ့ငွေအဖြစ် အလုပ်ဌာန ၂၂ ဌာနမှ အာမခံအလုပ်သမား ၁၄၄၉၄ ဦးအတွက် ငွေကျပ်သန်း ၈၂၈ ဒသမ ၅၅၁ အား စိစစ်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် စုပေါင်းအာမခံ ထားသည့်စနစ်ဖြင့် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေးနှင့်လူမှုစီးပွား လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ လူမှုဖူလုံရေး စီမံကိန်း၏ လုပ်ငန်းစဉ်များကို တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းကောင်းပါး တင်ပြလိုက်ရပါသည်။ ။
အလုပ်သမားဝန်ကြီးဌာန