စိမ်းစားဥကိုမြင်တော့ ငယ်ငယ်တုန်းက သံပြိုင်ဆိုခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို အောက်မေ့သတိရမိပါသည်။
ငါ့ဆံပင်က
စိမ်းရင့်လေ
မြေပြင်ထက်မှာနေ။
ငါ့ကိုယ်ခန္ဓာ
ကြီးလာဖို့
မြေတွင်းခိုမယ်ဗျို့။
ဖွံ့ဖွံ့ထွားထွား
ဖြစ်သောခါ
ငါ့ကိုခေါ်ကြပါ။
ရေငတ်ပြေမှာ
စားပါအခု
ငါကစိမ်းစားဥ။
ယခုလိုချမ်းအေးသော ဆောင်းရာသီရောက်ပြီဆိုမှဖြင့် တစ်နှစ်မှတစ်ခါသာ ပေါ်လေ့ရှိသည့် ရာသီစာ စိမ်းစားဥလေးများကို စားသုံးနိုင်ပါပြီ။ အဖြူရောင် ဟင်းသီးဟင်းရွက်နွယ်ဝင် စိမ်းစားဥတို့သည် အာလူးမျိုးနွယ် ဖြစ်ကြသော်လည်း သူ့ရဲ့ကြီးထွားမှုပုံစံသည် ပဲပင်နှင့်တူသောကြောင့် အချို့အရပ်ဒေသများတွင် ပဲစိမ်းစားဥ ဟု ခေါ်ဆိုကြကာ အခြားနိုင်ငံများတွင် Yum Bean ဟုခေါ်ကြသည်။ မြန်မာပြည်အနှံ့အပြားတွင် ပေါက်လေ့ရှိပြီး အထူးသဖြင့် ရှမ်းပြည်နယ်ထွက် စိမ်းစားဥသည် အရွယ်အစားပိုကြီးကာ အရည်လည်းရွှမ်းသည်။ သဘာဝအရသာ ချိုချိုလေးမို့ အခွံနွှာ၍ သူ့ချည်းပဲသရေစာအဖြစ် စားကြသလို ပါးပါးလှီးကာ အစိမ်းကြော် ကြော်စားလေ့ရှိကြသည်။
စိမ်းစားဥနှင့်ကျန်းမာရေး
စိမ်းစားဥများကို USDA ၏ ဓာတ်ခွဲစမ်းသပ်မှုအရ ၁၀၀ ဂရမ်ရှိသော စိမ်းစားဥထဲတွင် ရေဓာတ်ပေါကြွယ်ဝကာ ခွန်အား ၃၈ ကယ်လိုရီ၊ ကစီဓာတ် ၈ ဒသမ ၈၂ ဂရမ်၊ ပရိုတင်း သုည ဒသမ ၇၂ ဂရမ်၊ သဘာဝအဆီဓာတ် သုည ဒသမ ၁၉ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၄ ဒသမ ၉ ဂရမ်၊ ဖောလိပ် ၁၂ မိုက်ခရိုဂရမ်၊ နီအာစင်း သုည ဒသမ ၂၀၀ မီလီဂရမ်၊ Pantothenic အက်စစ် သုည ဒသမ ၁၃၅ မီလီဂရမ်၊ Pyridoxine သုည ဒသမ ၀၄၂ မီလီဂရမ်၊ ရီဘိုဖလာဗင် သုည ဒသမ ၀၂၉ မီလီဂရမ်၊ သီအာမင် သုည ဒသမ ၀၂၀ မီလီဂရမ်၊ ဗီတာမင်အေ ၂၁ IU၊ ဗီတာမင်စီ ၂၀ ဒသမ ၂ မီလီဂရမ်၊ ဗီတာမင်အီး သုည ဒသမ ၄၆ မီလီဂရမ်၊ ဗီတာမင်ကေ သုည ဒသမ ၃ µg၊ ဆိုဒီယမ် ၄ မီလီဂရမ်၊ ပိုတက်စီယမ် ၁၅၀ မီလီဂရမ်၊ ကယ်စီယမ် ၁၂ မီလီဂရမ်၊ ကော့ပါး သုည ဒသမ ၀၄၈ မီလီဂရမ်၊ သံဓာတ် သုည ဒသမ ၆၀ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၂ မီလီဂရမ်၊ မဂ္ဂနီးစ် သုည ဒသမ ၆၀ မီလီဂရမ်၊ ဇင့် သုည ဒသမ ၁၆ မီလီဂရမ်၊ ဘီတာကယ်ရိုတင်း ၁၃ မိုက်ခရိုဂရမ် စသည်ဖြင့် လူသားတို့ကျန်းမာရေးကို အကျိုးပြုစေသော ဗီတာမင်နှင့်သတ္တုဓာတ်တို့ပါရှိကြပြီး လူကိုဘေးဥပဒ်ဖြစ်စေသော ကိုလက်စထရော လုံးဝမပါရှိပေ။
စိမ်းစားဥထဲတွင်ပါရှိသော oligo-fructose inulin (ခေါ်) သဘာဝအချိုအရသာ ကစီဓာတ်ပါရှိ၏။
ထိုအချိုဓာတ်ပါရှိသော စိမ်းစားဥကို သင့်တင့်မျှတသော ပမာဏစားသုံးပေးခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါသည် များကို ဘေးဥပဒ်မဖြစ်စေနိုင်ဘဲ အာသာပြေနှုတ်မြိန်စေပါသည်။
ဗီတာမင်စီလုံလောက်စွာ ပါရှိသဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုး စသော ကူးစက်နာရာသီဖျားများ အပြင် အထူးသဖြင့် ကလေးငယ်များ ပန်းနာရင်ကျပ်ရောဂါကို လျော့ပါးသက်သာ လာစေနိုင်ပါသည်။
စိမ်းစားဥထဲတွင် ပါရှိသော ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် အစွမ်းထက်စေကာ ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ဖြစ်စေသော ဖရီးရယ်ဒီကယ်များကို တိုက်ထုတ်ပေးနိုင်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ်ပေးပါသည်။
ကယ်လိုရီ လုံးဝမပါရှိသော စိမ်းစားဥကို စားပေးခြင်းဖြင့် ကိုလက်စထရောပမာဏကို မျှတစေကာ နှလုံးရောဂါများအပြင် နှလုံးရောဂါနှင့်စပ်လျဉ်းသည့် သွေးတိုးရောဂါတို့ကိုလည်း မဖြစ်စေပါ။
စိမ်းစားဥသည် ခန္ဓာကိုယ်ထဲရှိ ဆံချည်မျှင်သွေးကြောများကို အလွယ်တကူ မပျက်စီးစေဘဲ ကျန်းမာ သန်စွမ်းစေပါသည်။
စိမ်းစားဥထဲတွင် Homocysteine (ခေါ်) အမိုင်နိုအက်စစ်တစ်မျိုး ပါရှိသည့်အတွက် စိမ်းစားဥပုံမှန်စားသုံးသောသူများသည် စိမ်းစားဥလုံးဝမစားသော သူများထက် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို ၁၁ ရာခိုင်နှုန်းထိ တိုးတက်ကောင်းမွန်စေကြောင်း WHFoods မှ အတည်ပြုထားပါသည်။
ဗီတာမင်နှင့် သတ္တုဓာတ်များ ပါရှိသည့်အပြင် ပြင်ပရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးသော စိမ်းစားဥကို စားပေးခြင်းဖြင့် ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေကြောင်း USDA မှ အကြံပြုထားပါသည်။
စိမ်းစားဥထဲတွင် ရေဓာတ် ၈၆ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းထိ ကြွယ်ဝစွာ ပါရှိသောကြောင့် ရေငတ်ပြေစေကာ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါးသက်သာစေနိုင်သည်။ ဆီးလည်းရွှင်စေပါသည်။
စိမ်းစားဥ၏ အလွန်ကြွပ်ဆတ်သော အသားများက သွားများတွင် အစွန်းအထင်းဖြစ်စေသော မော်လီကျူးများကို ကောင်းစွာချေဖျက်ပေးသဖြင့် သွားများဖြူဖွေးသန့်စင်စေရုံသာမက သွားကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်သည်။
ကိုယ်တွင်းကျန်းမာရေးအတွက် သာမက ခန္ဓာကိုယ်အသားအရေကိုပါ ကောင်းကျိုးပြုစေနိုင်၏။ စိမ်းစားဥကိုပါးပါးလှီးပြီး မျက်နှာ အနှံ့ကပ်ပါ။ စိမ်းစားဥ၏ အအေးဓာတ် ပျောက်သွားသောအခါ မျက်နှာမှခွာပြီး ရေစင်စင်ဆေးပေး ရုံမျှဖြင့် မျက်နှာပေါ်ရှိဆဲလ်အသေများကို ဖယ်ရှားပေးပြီး ချွေးပေါက်များကိုပွင့်စေကာ အသားအရေ ကြည်လင်သန့်စင်လာပါလိမ့်မည်။
သတိပြုရန်
(၁) စိမ်းစားဥနှင့်နို့၊ ချောကလက်၊ ချိုချဉ်၊ သပွတ်သီး၊ ရှောက်သီးတို့ဖြင့် တွဲ၍မစားသင့်ပါ အော့အန်တတ်သည်။
(၂) စိမ်းစားဥသည် ရေခဲချောင်းနှင့်မတည့်ပါ။ ရင်ကျပ်စေပါသည်။
(၃) စိမ်းစားဥထဲတွင် ကြေညက်လွယ်သော အမျှင်ဓာတ်ပါရှိသော်လည်း လိုအပ်သည်ထက် ပိုစားမိပါက လေပွစေနိုင်သောကြောင့် ဝမ်းမီးညံ့သူများနှင့် သက်ကြီးရွယ်အိုများ မျှတရုံသာစားပေးသင့်သည်။
(၄) သဘာဝအရ မြေကြီးထဲတွင်ဥ ဥလေ့ရှိသော အသီးဖြစ်သဖြင့် ကပ်ပါးပိုးမွှားများ အန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက ရေစင်စင်ဆေးပြီးမှသာ စားသုံးသင့်သည်။
မှတ်ချက်
သန့်ရှင်းလတ်ဆတ်သော စိမ်းစားဥ၏ အင်္ဂါရပ်များမှာ လက်ဖြင့်ကိုင်မြှောက်ကြည့်ပါက လေးလံနေ၏။ အသီး၏ အပင်ကိုင်းသည် စိမ်းစိုနေရပါမည်။ အခွံမခြောက်သင့်ပါ။ လတ်ဆတ်မှုမရှိသော စိမ်းစားဥကိုစားမိပါက အထက်ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးများကို အပြည့်အ၀ မရနိုင်ပေ။ ထို့ကြောင့် အရွေးမမှားဖို့ လိုပါသည်။
သင်ကံကောင်းပါသည်။ သဘာဝတရားကြီးက လူသားတို့ကျန်းမာရေးကို ကူညီပံ့ပိုးပေးလျက်ရှိရာ ယခုလို ဆောင်းဥတုတွင် ခန္ဓာကိုယ်တွင်းအပူအောင်းကာ လည်ချောင်းကွဲ အပူကန်ဖျားနာခြင်း ကင်းဝေးအောင် ရေဓာတ်ကြွယ်ဝကာ ခန္ဓာကိုယ်တွင်း အေးမြစေသော စိမ်းစားဥကို ဟင်းလိုတစ်မျိုး၊ သရေစာလိုတစ်ဖုံ စားသုံးပေးသင့်ပါကြောင်း။ ။
ပေါက်ပေါက်