၀မ်းတွင်းမြို့နယ်နှင့် ငဖဲမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများတွင် နယ်မြေခံ တပ်မတော်သားများက သီးနှံရိတ်သိမ်းပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၂၂

တပ်မတော်အနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်  တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်   ရည်ရွယ်၍ လိုအပ်သည်များ   ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရာသီဥတုဖောက်ပြန်၍ မိုးလို/မိုးခေါင်မှုကြောင့်   မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးကာ စားဝတ်နေရေး ကျပ်တည်းမှုများ ဖြစ်ပေါ်နေသည့် တောင်သူများ စားရေး အဆင်ပြေစေရန်အတွက်လည်း ဆန်၊ ဆီ၊ ဆား၊ ပဲ ၁၄ ရက်စာ ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် တပ်မတော်သားများက ပျက်စီးသွားသော စိုက်ခင်းများအား ပြန်လည် စိုက်ပျိုးပေးခြင်း၊   ကျန်ရှိသည့်   စိုက်ခင်းများအား ရိတ်သိမ်းပေးခြင်းများကိုလည်း  ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် နယ်မြေခံတပ်မတော်သားများက မန္တလေးတိုင်း ဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပန်းကြိုင်ကျေးရွာရှိ ဝါစိုက်ခင်းများနှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ကုန်းသာကျေးရွာရှိ မြေပဲစိုက်ခင်းများ၌ ရိတ်သိမ်းခူးဆွတ်ပေးခြင်း၊ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့ပြီး သောက်သုံးရေကန်သန့်ရှင်းရေးကိုလည်း ကူညီဆောင်ရွက်ပေးခဲ့သည်။

“ယခုလိုကိုဗစ်ကာလအခက်အခဲဖြစ်နေချိန်မှာ တပ်မတော်သားများက  လာရောက်ပြီး စိုက်ခင်းတွေကို ကူညီလုပ်အားပေးတဲ့အတွက် ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ တပ်မတော်သားတွေ လာရောက် လုပ်ကိုင်တာ အချိန်တိုအတွင်း   အလုပ်တွေပြီးမြောက်ပါတယ်။ ပြင်ပအလုပ်သမားငှားရမ်းခနဲ့ တွက်မယ်ဆိုရင်   မနည်းပါဘူး။   အကုန်အကျအများကြီးသက်သာပါတယ်။ တပ်မတော်သားမိသားစုဝင်အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု  ဝမ်းတွင်းမြို့နယ်  ပန်းကြိုင်ကျေးရွာမှ တောင်သူ ဦးတရုတ်ကပြောသည်။

“ကျွန်တော့်မြေပဲစိုက်ခင်းက   စပြီးစိုက် တုန်းက မိုးရာသီဖြစ်ပေမယ့်  မိုးခေါင်နေတဲ့အပြင်   ရိတ်သိမ်းဖို့အတွက်လည်း  ကိုဗစ်ကာလဖြစ်နေတော့ အခက်အခဲဖြစ်နေပါတယ်။အခုလို  တပ်မတော်သားများက လာရောက်ကူညီပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်”ဟု   ငဖဲမြို့နယ်   ကုန်းသာကျေးရွာမှ  တောင်သူ ဦးမြင့်သိန်းက ပြောသည်။

ယင်းသို့    ကူညီဆောင်ရွက်ပေးခဲ့သည့်အတွက်  တောင်သူများအနေဖြင့် အချိန်တိုအတွင်း    လုပ်ငန်းပြီးမြောက်၍   ပြင်ပမှ လုပ်သားငှားရမ်းခ  သက်သာမှုများ ရှိခဲ့ခြင်းကြောင့် အထူးပင်ဝမ်းမြောက်၍ တပ်မတော်သားများကို     ကျေးဇူးတင် လျက်ရှိကြောင်း သတင်းရရှိသည်။