၂ဝ၂၂ ခုနှစ်အတွက် အရှေ့အာရှဇုန် ကလပ်အသင်းများ၏ အဆင့် သတ်မှတ်ချက်များတွင် မြန်မာနိုင်ငံက အဆင့်(၁၄) နေရာ၌ ရပ်တည်
အာရှဘောလုံးအဖွဲ့ချုပ် (AFC)က ၂ဝ၂၂ ခုနှစ်အတွက် အာရှဒေသတွင်း ကလပ် အသင်းများ၏ အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက အရှေ့အာရှဇုန်တွင် ပါဝင်ပြီး အဆင့်(၁၄)နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အာရှဘောလုံးအဖွဲ့ချုပ်က ကလပ် အသင်းများ၏ အဆင့် သတ်မှတ်ချက်များကို အာရှဒေသတွင်းမှ ဇုန်အလိုက် သတ်မှတ်ခဲ့ပြီး အာဆီယံအနေဖြင့် အရှေ့ အာရှဇုန်တွင် ပါဝင်ကာ အရှေ့အာရှဇုန်တွင် ဂျပန်အသင်းက အဆင့်(၁)နေရာ၌ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။
အာရှဘောလုံး အဖွဲ့ချုပ်က ၂ဝ၂၂ ခုနှစ် အတွက် အာရှဒေသတွင်း ကလပ်အသင်း များ၏ အဆင့် သတ်မှတ်ချက်များကို ထုတ်ပြန်ရာတွင် အရှေ့အာရှဇုန်၌ နိုင်ငံ ၂၂ နိုင်ငံပါဝင်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ မြောက်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ သြစတြေးလျ၊ တရုတ်(တိုင်ပေ)၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မွန်ဂိုလီးယား၊ တီမော၊ မြောက်မာရီနာကျွန်းစု၊ မကာအို၊ ဂူအန်နှင့် ဘရူနိုင်းနိုင်ငံတို့က အသီးသီး ရပ်တည်ခဲ့ကြသည်။
အစောပိုင်းက မြန်မာနိုင်ငံအနေဖြင့် အာရှဘောလုံး အဖွဲ့ချုပ်၏ ကလပ်အဆင့် သတ်မှတ်ချက်အရ အာရှဒေသတွင်း ကလပ်အသင်းများတွင် အဆင့်မြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည့် အာရှချန်ပီယံလိဂ် ပြိုင်ပွဲကို မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် အသင်း က ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော်လည်း ၂ဝ၂၂ ခုနှစ် ကလပ်အဆင့် သတ်မှတ်ချက်များအရ ဝင်ခွင့် ရရှိတော့မည် မဟုတ်ဘဲ အာရှချန်ပီယံလိဂ် ပြိုင်ပွဲအောက် တစ်ဆင့်နိမ့်ပြိုင်ပွဲဖြစ်သည့် AFC Cup ပြိုင်ပွဲကိုသာ အသင်းနှစ်သင်း ဝင်ခွင့်ရရှိမည်ဖြစ်သည်။
၂ဝ၂၂ ခုနှစ်မတိုင်မီ ၂ဝ၁၉ ခုနှစ်မှစ၍ မြန်မာနေရှင်နယ်လိဂ်မှ ကလပ်အသင်းများ အနေဖြင့် အာရှချန်ပီယံလိဂ် ပြိုင်ပွဲတွင် ခြေစစ်ပွဲအဆင့်မှ အသင်းတစ်သင်း၊ င်္ဗဃ ဃကစ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ တိုက်ရိုက်အသင်း တစ်သင်းနှင့် ခြေစစ်ပွဲမှ အသင်းတစ်သင်း စုစုပေါင်း သုံးသင်းဝင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။