ငု (ငုရွှေ)
အင်္ဂလိပ်အမည်-Pudding Pipe Tree (or) Indian Laburnum
မျိုးရင်း-Caesalpiniaceae (စိန်ပန်းမျိုးရင်း)
ရုက္ခဗေဒအမည်- Cassia Fistula Linn
အဓိကဆေးဖက်ဝင်ပုံ
ရေယုန်နာ၊ ရေဖျဉ်းရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ အရေပြားယားနာ၊နူနာ၊ ဆီးအောင့်ဆီးချုပ်၊ ဆီးသွေးပါရောဂါ၊နားအူရောဂါ၊ ဝမ်းဖောဝမ်းရောင်ရောဂါ၊လေဖျဉ်းရောဂါများကုသရာတွင် ဆေးဖက် ဝင်အသုံးပြုသည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံတစ်ဝန်းလုံး ပေါက်ရောက်သည်။ အပူပိုင်းဒေသတွင် ပို၍ဖြစ်ထွန်းသည်။ အမြင့်ပေ ၄၀၀၀ အထိ စိုက်ပျိုး ပေါက်ရောက်နိုင်သည်။ သဘာဝအလျောက်ပေါက်ရောက်သည်။ အစေ့မှ မျိုးယူ၍ပန်း အလှပင်အဖြစ်လည်း စိုက်ပျိုးကြသည်။
ငုပင်တွင် (၁) ငုကြီးပင် (၂) ငုရွှေ သို့မဟုတ် ငုစပ်ပင် (၃) ငုသိမ်ပင်ဟူ၍ သုံးမျိုးကွဲပြားသည်။ မိုးကုတ်နယ်တွင် ငုရွှေပင်ကို ငုရွှေအဖိုပင်ဟူ၍လည်းကောင်း၊ ငုကြီးပင်ကို ငုရွှေအမပင်ဟူ၍ လည်းကောင်း ခေါ်ကြသည်။ ငုပင်တို့သည် ပင်လတ်မျိုးဖြစ်၍ အမျိုးချင်းနွယ်သော်လည်း တစ်မျိုးစီတွင် ထူးခြားကွဲလွဲချက်များ အသင့်အတင့်ရှိကြသည်။ ထိုငုပင် သုံးမျိုးအနက် အသုံးအဝင်ဆုံးကား ငုပင်(ငုကြီးပင်)ဖြစ်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အရွက်၊ အသီးအနှစ်၊ အခေါက်၊ အမြစ်များ ဆေးဖက်ဝင်အသုံးပြုသည်။
အပင်ပုံသဏ္ဌာန်
အပင် ။ ။ ပင်လတ်မျိုးဖြစ်သည်။ လုံးပတ် ၃ ပေမှ ၅ ပေအထိရှိသည်။အကိုင်းအခက်များ မာချော တောင့်တင်းသည်။အခေါက်မှာ အပင်ငယ်စဉ်တွင် ချော မွတ်၍ အပင်ကြီးလျှင် ထူပြီးကြမ်းလာသည်။
အရွက်။ ။ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ ၁ ပေခန့်ရှည်သည်။ ရွက်မြွှာ ၅ စုံမှ ၇ စုံအထိပါသည်။ မျက်နှာချင်းဆိုင်ထွက်သည်။ ရှည်မျောမျော ဘဲဥပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်သည်။ ရွက်ကြောများထင်ရှားသည်။ ၁ လက်မမှ ၆ လက်မအထိရှည်သည်။ အရွက်အောက် မျက်နှာပြင်၌ အမွေးနုကလေးများရှိသည်။
အပွင့်။ ။ ရွှေဝါရောင်ရှိသည်။ အခိုင်လိုက်ပွင့်သည်။ ပန်းပွင့်အခိုင် ၁ ပေကျော်အထိရှည်သည်။ ပွင့်ပြီးချက်ချင်းမကြွေဘဲ တစ်လခန့်အထိခံသည်။ တန်ခူးနှင့် ကဆုန်လတွင် ပွင့်သည်။
အသီး။ ။ အတောင့်လိုက်သီးသည်။ အစိမ်းရောင်ရှိပြီး ၁ ပေမှ ၁ပေခွဲခန့်အထိ ရှည်သည်။ အသီးရင့်လာလျှင် အနက်ရောင် ပြောင်းသွားသည်။ အတွင်းမှအသီး၏ အနှစ်မှာ ရွှေဝါရောင်ရှိသည်။ အနှစ်ကို လည်း ဆေးဖက်ဝင်အဖြစ် အသုံးပြုကြသည်။
ဆေးကျမ်းများအဆို
အရသာနှင့် အကျိုးသွား ။ ။ ၎င်းအသီးသည် ချိုသက်သက်ဖြစ်၏။ ဝိပါက၌ စပ်၏။ လေး၏။ ဝမ်းမီးကို စင်ကြယ်စေ၏။ အရွက်သည် နူးညံ့စွာ ဝမ်းသက်၏။ အပွင့်သည် အေး၏။ ခါး၏။ ဖန်၏။ အနှစ်သည် ဝိပါက၌ချို၏။ ဝမ်းမီးကိုပွားစေ၏။ ဝမ်းသက်စေ၏။
ဂုဏ်နှင့်စွမ်းရည် ။ ။ ကြေကျက်ခဲ၏။ နှုတ်မြိန်စေ၏။ အဖျား၊ နှလုံး၊ ရတ္တပိတ်နာ၊ လေချုပ်၊ ထိုးအောင့်နာတို့ကို နိုင်၏။ အသီးသည် နှုတ်မြိန်စေ၏။ နူနာကို ပယ်တတ်၏။ သည်းခြေကို ထုတ်ဆောင် တတ်၏။ သလိပ်ကို နိုင်၏။ အဖျား၌ ကောင်း၏။ အရွက်သည် သလိပ်နှင့်အဆီကို ခြောက်စေ၏။ အဖျားနှင့် အခါခပ်သိမ်းသင့်၏။ မလတို့ကို လျော့ပါးစေတတ်၏။ အနာပေါက်၌ အသားနုတက်စေ၏။ အဆစ်ရောင်ရောဂါ၌လည်း ကောင်း၏။ အပွင့်သည် နှုတ်မြိန်စေ၏။ သလိပ်၊ သည်းခြေကိုနိုင်၏။ အနှစ်သည် နူးညံ့၏။ လေ၊ သည်းခြေကိုနိုင်၏။ အမြစ်သည် အရေပြား၊ နူနာ၊ အဆုတ်နာနှင့် လိင်နိမိတ်ရောဂါတို့ကို ပျောက်ကင်းစေ၏။
ဆေးဖက်ဝင်အသုံးပြုပုံ
၁။ ရေယုန်ဖြစ်လျှင် ရေယုန်ကြီးနာဖြစ်လျှင် အရွက်ကို အရည်ညှစ်ပြီး သတ္တုရည်ဖြင့် လိမ်းကျံ ပေးပါက ပျောက်ကင်းသက်သာစေနိုင်သည်။
၂။ အဆစ်ရောင်ရောဂါဖြစ်လျှင် အရွက်များကို ထုချေ၍ အဝတ်ဖြင့်ထုပ်ကာ ကြပ်ထုပ်ပြုလုပ်၍ ရေနွေးငွေ့ခံပြီး ကြပ်ထုပ်ထိုးလျှင် အကိုက်အခဲသက်သာစေနိုင်သည်။
၃။ ဝမ်းချုပ်လျှင် ငုပင်၏ အရွက်နုများကို အတို့အမြှုပ်ပြုလုပ်စားလျှင် သို့မဟုတ် ဟင်းချိုချက် သောက်လျှင် ဝမ်းသက်စေနိုင်သည်။
၄။ အသည်းရောင်အသားဝါဖြစ်လျှင် ငုပင်၏ အခေါက်ကို ၃ ခွက် ၁ ခွက်တင်ပြုတ်၍ အကြမ်းပန်းကန် တစ်လုံးစာ တစ်နေ့ ၃ ကြိမ် တိုက်ကျွေးပေးလျှင် သက်သာပျောက်ကင်း စေနိုင်သည်။
၅။ ဆီးအောင့်၊ ဆီးချုပ်၊ ဆီးသွေးပါရောဂါများဖြစ်လျှင် အသီးကို အနှစ်ပါပါအောင်သွေး၍ ချက်မှ အောက်ဆီးခုံတွင် လိမ်းပေးပါ။
၆။ ဝမ်းအလွန်ချုပ်သူများ စမြင်းရောဂါရှိသူများ မန်ကျည်းမှည့်အနှစ်နှင့် ငုသီးအနှစ်တို့ကို ထန်းလျက်နှင့်ရောပြီး သင့်ရုံသောက်ပေးပါက ဝမ်းသက်စေနိုင်သည်။ စမြင်းကျစေနိုင်သည်။
၇။ ကလေးငယ်ဝမ်းဗိုက်တင်း၍ လေထိုးလျှင် ငုအနှစ်ကို ကလေးချက်တိုင်ပတ်လည်၌ လိမ်းပေးပါက သက်သာစေနိုင်သည်။
၈။ လေရောဂါ စွဲကပ်နေသူများ လေထိုးလေအောင့်ဖြစ်သူများသည် ငုပင်၏ အမြစ်ကို အခြောက်လှန်း၍ နွားနို့နှင့် ပြုတ်သောက်ပါက လေရောဂါ အမြစ်ပြတ်စေနိုင်သည်။
ငှက်ပျောပင်
အင်္ဂလိပ်အမည် - Plantain
ရုက္ခဗေဒအမည် - Musa Sapientum
အဓိကဆေးဖက်ဝင်ပုံ
အားနည်းရောဂါ၊ ဝမ်းချုပ်ရောဂါ၊ ဆီးလွန်ရောဂါ၊ ဆီပူမီးပူလောင်ရောဂါ၊ နှာခေါင်းသွေးလျှံ ရောဂါများအတွက် ဆေးဖက်ဝင်အသုံးပြုသည်။
ပေါက်ရောက်သည့်ဒေသ
အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ အပါအဝင်ဖြစ်သော အာရှတိုက်တောင်ပိုင်းဒေသသည် ငှက်ပျောပင်၏ မူလပေါက်ရာဒေသများဖြစ်သည်။ ထိုဒေသရှိ တိုင်းရင်းသားတို့သည် ငှက်ပျောပင်ကို မိမိတို့စားသုံးရန် စိုက်ပျိုးရာမှ ပို့ကုန်အဖြစ် အကြီးအကျယ် စိုက်ပျိုးလာကြသည်။ အနောက်အိန္ဒိယကျွန်းစုမှ ပျံ့နှံ့သွားပြီး အမေရိကတိုက်အလယ်ပိုင်းသို့ရောက်ရှိကာ ယခုအခါ ငှက်ပျောသီး အများဆုံး စိုက်ပျိုးရာဒေသ ဖြစ်လာသည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အသီး၊ အရွက်၊ ပင်စည်တို့ကို ဆေးဖက်ဝင်အဖြစ် အသုံးပြုသည်။
အပင်ပုံသဏ္ဌာန်
တိုင်လုံးကဲ့သို့ ထောင်မတ်သော ပင်စည်ရှိပြီး အရည်ရွှမ်းသော အခွံစိမ်းများ အထပ်ထပ်ပါရှိသော ထူးခြားသည့် ပင်စည်ရှိသည်။ အမြင့် ၅ ပေမှ ၇ ပေအထိ ရှိသည်။ အရွက်မှာ ငှက်မွေးသဏ္ဌာန် အရွက်ကြီးများ ရှည်လျားစွာထွက်သည်။ အသီးမှာ အပင်ထိပ်ဖျားမှ အခိုင်လိုက် တွဲလျားကျ၍ သီးသည်။ အခိုင်တစ်ခိုင်တွင် အသီး ၁၀ လုံးမှ ၁၅ လုံးထိပါသော အသီးတွဲ(အဖီး) များ ပေါင်းစပ်ပါဝင်သည်။ အပင်ကို ခုတ်သောအခါ အငုတ်မှ အညှောင့်ပြန်ထွက်ပြီး အပင်သစ်ပေါက်နိုင်သည်။
ဆေးကျမ်းများအဆို
အရသာနှင့် အကျိုးသွား။ ။ ချို၊ ဖန်၊ အရသာရှိသည်။ မှည့်လျှင် ချိုသည်။ သတ္တိမှာ အေး၏။
ဂုဏ်နှင့်စွမ်းရည် ။ ။ သုက်ကို ပွားစေ၏။ နှလုံးကို အကျိုးပြု၏။ သလိပ်ကို ပြုတတ်၏။ လေသည်းခြေကိုနိုင်၏။ ထိခိုက်ဒဏ်ရာ ခယရုဂ်ရောဂါ၊ အပူ၊ သွေးအန်၊ သွေးကျ၊ မီးယပ်၊ ဆီးလွန်၊
ကျောက်တည်ရောဂါ၊ ဆာလောင်မွတ်သိပ်သောရောဂါ၊ မျက်စိရောဂါများ ပျောက်ကင်းစေနိုင်သော စွမ်းရည်ရှိသည်။
ဆေးဖက်ဝင်အသုံးပြုပုံ
၁။ မီးလောင်ဆီပူလောင်လျှင် ငှက်ပျောပင်မှရသော အရည်ကို အမြန်လိမ်းကျံပေးပါ။ အဖုမထွက်ဘဲ အမြန် သက်သာစေသည်။ ငှက်ပျောပင်ခုတ်ထားသော ငုတ်တိုမှ ထွက်သောအရည်သည် အပူလောင်ခြင်းကို ပျောက်ကင်းစေနိုင်သည်။
၂။ မီးလောင်နာမှ အရေလန်ပြီး ပူလောင်နေလျှင် ငှက်ပျောသီးအမှည့်ကို ချေပြီးအုံပေးလျှင် အေး၍ပူလောင်ခြင်းမှ သက်သာစေသည်။
၃။ မီးပူရေနွေးပူလောင်၍ အရေပြားတွင် အဖုများထွက်နေသူအား အဝတ်အစားမဝတ်စေဘဲ ငှက်ပျောဖက်ပေါ်တွင် အိပ်စေပါက အနာများ ပွန်းပဲ့စုတ်ပြဲခြင်းမှ သက်သာစေသည်။
၄။ ဆီးလွန်ရောဂါဖြစ်လျှင် ငှက်ပျောသီးအမှည့်ကို ဆီးဖြူသီးသတ္တုရည်၊ ပျားရည်၊ သကြားတို့နှင့်ရော၍ စားလျှင် သက်သာပျောက်ကင်းစေနိုင်သည်။
၅။ ခရုသင်းဖြစ်လျှင် ငှက်ပျောပင်ကို ပြာချ၍ နနွင်းနှင့်ရော၍ လိမ်းပေးခြင်းဖြင့် ခရုသင်း အဖြူကွက်များ အရောင်ပြောင်း၍ သက်သာစေနိုင်သည်။
၆။ နှာခေါင်းသွေးလျှံလျှင် ငှက်ပျောပင်ကို ခုတ်သောအခါ ထွက်ကျလာသည့် အရည်ကို လက်ခုပ်ဖြင့် ယူ၍ ရှူသွင်းပေးပါက သွေးလျှံရပ်သွားစေနိုင်သည်။ ။
ကြည်လွင်မြင့်(မုဒြာ)