အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းကို အသက် ၂၂ နှစ်အောက် ကစားသမားများဖြင့်သာ ဖွဲ့စည်းမည်
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က လာမည့် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို ဆီးဂိမ်းအတွက်ပါ ရည်ရွယ်ပြီး အသက် ၂၂ နှစ်အောက် ကစားသမားများဖြင့်သာ ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အတွက် ဇန်နဝါရီ ၁ဝ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါစည်းမျဉ်းများနှင့် အညီ ရန်ကုန်မြို့ သုဝဏ္ဏလေ့ကျင့်ရေး ကွင်း၌ ပဏာမ ကစားသမားဦးရေ ၃ဝ ဖြင့် နံနက်ပိုင်း တစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် လေ့ကျင့် မှုများပြုလုပ်နေကာ အသင်းကို အသက် ၂၂ နှစ်အောက် ကစားသမားများဖြင့်သာ ဖွဲ့စည်းမည်ဖြစ်သည်။
ယင်းအတွက် အသင်းကို ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပသောအာရှ ယူ-၂၃ ခြေစစ်ပွဲတွင် ပါဝင်ခဲ့သည့် ကစားသမားအများစုဖြင့် အခြေခံဖွဲ့စည်း ထားပြီး ယူ-၁၉ အသင်းမှ ကစားသမားများကိုလည်း ထပ်မံအားဖြည့် ခေါ်ယူထားသည်။
အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် အုပ်စု(ခ)၌ အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
အုပ်စု(က)၌ အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ တီမော၊ ဘရူနိုင်း၊ အုပ်စု(ဂ)၌ ထိုင်း၊ ဗီယက်နမ်နှင့် စင်ကာပူအသင်းတို့ ပါဝင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် အုပ်စုသုံးခုမှ အုပ်စု ပထမသုံးသင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယရရှိသော အသင်းတစ်သင်း စုစုပေါင်းလေးသင်းသည် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ပြီးလျှင် မေလအတွင်း ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းအတွက် ဆက်လက်ပြင်ဆင် လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။