အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများအား ပြစ်ဒဏ်အသီးသီး ချမှတ်
နေပြည်တော် ဇန်နဝါရီ ၂ဝ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ သက်ကိုဦး(ဘ)ဦးဌေးဝင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၁)ရပ်ကွက်နေ မျိုးမင်းခိုင်(ခ)မင်းခန့် (ဘ)ဦးသိန်းဇံ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်နေ နေအေး(ခ)အာကာသက်ပိုင်မျိုး(ဘ)ဦးမျိုးလင်းနှင့် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်နေ အောင်ရဲဝင့်(ခ)တိုက်တိုင်းအောင် (ဘ) ဦးစောဝင်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂ဝ၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံထောက်ပံ့ခြင်း၊ လက်နက်ခဲယမ်းများ သိုဝှက်သိမ်းဆည်းပေးခြင်း၊ လက်နက်/ခဲယမ်းများ ပို့ဆောင်ပေးခြင်း၊ လက်ဝယ် ကိုင်ဆောင်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း စသည့် အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သည့် အတွက်ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(ည)နှင့် ၅ဝ(ဈ)တို့အရ ဇန်နဝါရီ ၁၉ ရက်တွင် ၎င်းတို့အား ''ထောင်ဒဏ်တစ်သက်'' ပြစ်ဒဏ်အား အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲ ထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။