ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စာအောင်ဆုနှင်းသဘင် မဟာ မင်္ဂလာ ကျင်းပပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ - ၂၁
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စာအောင်ဆုနှင်းသဘင် မဟာမင်္ဂလာကို ယနေ့နေ့လယ်ပိုင်းတွင် မြစ်ကြီးနားမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ရာ ခေမာသီဝံကျောင်းတိုက် ဒုတိယနာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃ ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော သံဃာတော်များ နှင့် သာသနာနွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ခေမာသီဝံကျောင်းတိုက် ဒုတိယနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြ သည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ၂၀၂၀-၂၀၂၁ ခုနှစ် ၂ နှစ်တာအတွင်း အစိုးရသာသနဓဇဓမ္မာစရိယစာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ ပထမကြီး၊ ပထမလတ်၊ ပထမငယ်စာမေးပွဲ၊ အခြေပြုမူလတန်း စာမေးပွဲများတွင် ဖြေဆိုအောင်မြင်တော်မူကြ သည့် သံဃာတော် ၁၃၁ ပါးနှင့် သာသနာနွယ်ဝင်သီလရှင် ၄၃ ပါးတို့အား စာအောင်ဆုများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကချင်ပြည်နယ်သံဃ နာယကအဖွဲ့ အကျိုးတော်ဆောင် ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလ ထံမှ သမ္မောဒနီယဩဝါဒကထာ နာယူခဲ့ကြကြောင်း သတင်းရရှိသည်။