တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၁

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂ဝ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌   အကောက်ခွန် ဦးစီးဌာနမှ ဦးဆောင်သော တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ခရီးသည်တင်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း    ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၇၆ဝဝဝ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယ ူဆောင်ရွက်လျက်ရှိသည်။

အလားတူ မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ အကောက်ခွန် ဦးစီးဌာနမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ  ID  တွင်  ကြေညာထားခြင်း မရှိသော Laminated Building Glass  မှန်ချပ်ဆိုဒ်စုံ ခန့်မှန်း တန်ဖိုးငွေကျပ်၂၆၄၅ဝဝဝ ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရခိုင်ပြည်နယ်   တရားမဝင် ကုန်သွယ်မှု   တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တော ဦးစီးဌာနက ဦးဆောင်၍  ပူးပေါင်းအဖွဲ့များဖြင့် ဂွမြို့နယ်  ဒေါင့်ချောင်းကျေးရွာအုပ်စု အတွင်း စစ်ဆေး ဆောင်ရွက်ခဲ့ရာ တရားမဝင် တောင်သရက်ခွဲသား ၃ ဒသမ ၈၇၆၈ တန်  (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၅ဝဝဝ)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့ယာဉ်များအား စစ်ကိုင်းမြို့နယ်တွင်  Honda CR-V တစ်စီးနှင့်  Honda Fit   တစ်စီး၊  ကန့်ဘလူမြို့နယ်တွင် AD Van တစ်စီး၊ မုံရွာမြို့နယ်တွင် YAMAHA  မော်တော်ဆိုင်ကယ် တစ်စီး၊ လိုင်စင်မဲ့ယာဉ်ပေါင်း လေးစီး(ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၁၅ဝဝဝဝဝ)နှင့် မော်လိုက်မြို့နယ်တွင်  ကျွန်းသစ် ၅ ဒသမ ၂၃၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၄၈ဝဝ)၊ စုစုပေါင်း လိုင်စင်မဲ့ယာဉ်    လေးစီးနှင့် ကျွန်းသစ် ၅ ဒသမ ၂၃၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂၈၄၈ဝဝ)ကို ဖမ်းဆီးရမိခဲ့ပြီး လိုင်စင်မဲ့ယာဉ်များကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ ကျွန်းသစ်များကို သစ်တောဥပဒေအရ လည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဇန်နဝါရီ ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ရှစ်မှု၊  စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေ ကျပ်၁၈၆ဝ၅၈ဝဝ) ဖြစ်ကြောင်း   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။