ရန်ကုန်ယူနိုက်တက်အသင်း လာမည့်ရာသီတွင် ပြည်ပကစားသမားတချို့ အပြောင်း အလဲပြုလုပ်ရန်စီစဉ်

ရန်ကုန်၊ ဘောလုံး

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် လာမည့်ဘောလုံးရာသီတွင် ပြည်ပကစားသမားတချို့ အပြောင်းအလဲပြုလုပ်ရန် စီစဉ်ထားကြောင်း အသင်းနည်းပြချုပ် ဦးမင်းထွန်းလင်း ကပြော သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ပြည်ပကစားသမားများအဖြစ် ဂါနာတိုက်စစ်မှူး ဘာဖို၊ နိုက်ဂျီးရီးယားတိုက်စစ်မှူး အီမန်နျူရယ်၊ ကွန်ဂိုခံစစ်မှူး အဘူ ဘာကာနှင့် ဂျပန်ကွင်းလယ်ကစားသမား  ရှိုရီတို့ကို  ခေါ်ယူအသုံးပြု လျက်ရှိသည်။

၎င်းတို့အနက် ခြေစွမ်းပြနိုင်ခြင်းမရှိသည့် ပြည်ပကစားသမားတချို့ကို ရာသီကုန်တွင် အပြောင်းအလဲပြုလုပ်မည်ဖြစ်ကြောင်း ဦးမင်းထွန်းလင်းက ပြောသည်။

“ဒီရာသီမှာ အသင်းက ချန်ပီယံမျှော်လင့်ချက်နည်းသွားပါပြီ။ ဒါပေမဲ့ လက်ကျန်ပွဲတိုင်းကို ရလဒ်ကောင်းဖို့တော့ ကြိုးပမ်းသွားမှာပါ။ အသင်းဥက္ကဋ္ဌက လာမယ့်ရာသီမှာ အသင်းကို ပြင်ဆင်ဖို့ ညွှန်ကြားထားပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ ကစားသမား လဲလှယ်မှု အပါအဝင် ပြည်ပကစားသမားတချို့ကိုလည်း အပြောင်းအလဲလုပ်ဖို့ စီစဉ်ထားပါတယ်။  ဘယ်ကစားသမားလဲဆိုတာတော့ အခုမပြောလိုသေးပါဘူး။ လက်ကျန်ပွဲတွေကစားဖို့ ရှိသေး တဲ့အတွက်  ရာသီကုန်မှပဲ  ကစားသမားတွေ အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်သွားမှာပါ”ဟု ဦးမင်းထွန်းလင်းက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၇)အပြီးတွင် ကိုးပွဲနိုင်၊ သုံးပွဲ သရေ၊ သုံးပွဲရှုံး ရမှတ် ၃၀ ဖြင့် အမှတ်ပေးဇယား အဆင့်(၄)နေရာ၌ ရပ်တည်နေပြီး ချန်ပီယံဆုအတွက် အခွင့်အလမ်းနည်းပါးသွားပြီဖြစ်သည်။

ကိုရဲ