ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံ ပြည်သူများသို့ လှူဒါန်းသည့် Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)သန်း doses အနက် ဒုတိယအသုတ် (၁)သန်း doses ထပ်မံရောက်ရှိ 

ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံ ပြည်သူများသို့ လှူဒါန်းသည့် Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)သန်း doses အနက် ဒုတိယအသုတ် (၁)သန်း doses ထပ်မံရောက်ရှိ 

နေပြည်တော်၊ ဇန်နဝါရီ   ၂၃
       
 ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် မြန်မာနိုင်ငံ ပြည်သူများသို့ လှူဒါန်းသည့် အမေရိကန် ဒေါ်လာ ၁၇ သန်း တန်ဘိုးရှိ Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)သန်း doses အနက် ပထမအသုတ်(၁)သန်း doses သည် ၉-၁-၂၀၂၂ နေ့ရက်တွင်မြန်မာနိုင်ငံသို့ရောက်ရှိပြီးဖြစ်ပါသည်။
   
ယနေ့နံနက် (၉:၃၀)နာရီတွင် ဒုတိယအသုတ်အဖြစ် ကာကွယ်ဆေး (၁)သန်း doses သည် QATAR Airways Flight QR-8920 လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပါသည်။
         
ယနေ့တွင်ထပ်မံရောက်ရှိလာသည့် Covaxin ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း (central cold room) တွင် အအေးလမ်းကြောင်း မပျက်သိုလှောင်ထားရှိမည်ဖြစ်ပါသည်။ 
      
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ဦးစားပေးအစီအစဉ် အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့အထိ လူဦးရေ (၁၈.၂၅)သန်း ကို အကြိမ်ပြည့်ထိုးနှံပေးခဲ့၍ (၃.၄၉)သန်းကို တစ်ကြိမ်ထိုးနှံပေးခဲ့ပြီး ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတစ်ကြိမ်နှင့်အထက်ထိုးနှံပြီးသူ စုစုပေါင်း (၂၁.၇၄)သန်းခန့် ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ (၄၀)သန်း doses ကို ထိုးနှံပြီးဖြစ်ပါသည်။
       
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဝယ်ယူခြင်းမှ (၄၅) သန်း doses နှင့် လှူဒါန်းမှုမှ (၁၅)သန်းကျော် doses စုစုပေါင်း(၆၀)သန်းကျော် doses ရရှိပြီးဖြစ်ပါသည်။

မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက် မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများအနေဖြင့် လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကိုသတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံးသတ်မှတ် ကာလ အတွင်းတွင် နီးစပ်ရာကာကွယ်ဆေး ထိုးစုရပ်များသို့သွား ရောက်၍ ထိုးနှံမှု ခံယူခြင်း နှင့်ကာကွယ်ဆေးထိုး လုပ်ငန်းများတွင်တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။