ရေချိုးခြင်းသည် တစ်ကိုယ်ရေသန့်ရှင်းမှု ဖြစ်သဖြင့် လူတိုင်းနေ့စဉ်လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ ရေမချိုးသည့်နေ့တွင် ကိုယ်လက်မအီမသာဖြစ်ခြင်း၊ စိတ်လက်မပေါ့ပါးခြင်း၊ မလန်းဆန်းခြင်းများ ဖြစ်နိုင်သည်။ ကိုယ်တွင်းငုပ်နေသော အခိုးအငွေ့များ အပြင်သို့မထွက်ရသဖြင့် ကိုယ်တွင်းအင်္ဂါနှင့် ဦးခေါင်း၊ မျက်နှာ၊ သွားနှင့် ခံတွင်း၊ မျက်စိများအထိပါ အခိုးများတက်ပြီး နေမကောင်းဖြစ်တတ်သည်။
လူတိုင်း နေ့စဉ်ရေချိုးသင့်သည်မှာ မှန်သော်လည်း အေးသောရာသီနှင့် ပူလွန်းသောရာသီများတွင် ရေချိုးမမှားဖို့ အထူးသတိပြု ဆင်ခြင်ရမည်ဖြစ်သည်။ သက်ငယ်ပိုင်းများအတွက် အရေးမကြီးသော်လည်း သက်လတ်မှ လူကြီးပိုင်းများမှာ သတိပြုဆင်ခြင်ရေချိုးရမည် ဖြစ်သည်။
အထူးသဖြင့် အသက် ၅၀ နှစ်ကျော် သူများနှင့် သွေးတိုးရောဂါရှိသူများအတွက် ပို၍သတိထားသင့်ပါသည်။
လွန်ခဲ့သောရက်ပိုင်းအတွင်းက စာရေးသူ၏ လူနာမိတ်ဆွေ အသက် ၅၈ နှစ် အရွယ်အမျိုးသမီးတစ်ဦးသည် အဲကွန်းဖွင့်ထားသော အခန်းတွင် ညဘက်အိပ်စက်ပြီး နံနက်စောစောအိပ်ရာထချိန်တွင် ရေချိုးခန်းဝင်ကာ ရေချိုးသည်။ ရေချိုးနေရင်း တစ်ကိုယ်လုံးလေးလံလာသဖြင့် ရေချိုးခန်းတံခါးကိုဖွင့်ပြီး အိမ်ရှေ့ခန်းတွင်ရှိနေသော ခင်ပွန်းဖြစ်သူကို လှမ်းခေါ်လိုက်သည်။
ခင်ပွန်းဖြစ်သူသည် သူမကို ပွေ့ယူပြီး အိပ်ရာပေါ်တွင်အသာချ၍ ရေစိုဝတ်များ လဲပေးနေစဉ်မှာပင် စကားမပြောနိုင်၊ ခေါ်မရ။ လုံးဝမလှုပ်ရှားတော့ဘဲ အသက်မရှူတော့။ လည်ပင်းသွေးကြောကို စမ်းသပ်ကြည့်ရာ သွေးမတိုး၍ မောင်နှမတော်သူများကို ဖုန်းဆက်ခေါ်လိုက်ရာရောက်လာပြီး ဆေးရုံပို့ရန် ကားစီစဉ်ကြသော်လည်း လုံးဝမလှုပ်ရှားတော့သဖြင့် သေဆုံးမှန်း သိရှိကြပြီး ဆေးရုံမပို့ဖြစ်တော့ဟုဆိုသည်။
အမှန်မှာ အိပ်ရာထချိန်တွင် အဲကွန်းခန်းမှထွက်လာပြီး ချက်ချင်းရေချိုးသဖြင့် သေဆုံးခြင်းမဟုတ်ပါ။ သေသေချာချာ မေးမြန်းကြည့်မှသိရသည်မှာ သူတို့နေသည်မှာ တိုက်ခန်းအသစ်ဖြစ်သည်။ မနေ့ကမှပြောင်းလာရာ တစ်ညအိပ်ပြီး နံနက်အိပ်ရာထတွင် သေဆုံးရခြင်းဖြစ်သည်။ နံနက်အိပ်ရာထပြီးနောက် အိမ်ရှေ့ခန်းတွင် တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်သည်။ ဘုရားခန်းတွင်လည်း သန့်ရှင်းရေးလုပ်သည်။ သောက်တော်ရေနှင့် ဘုရားပန်းများလဲရန် ပြင်ဆင်ပြီးမှ ရေချိုးခန်းအတွင်းဝင်ပြီး ရေချိုးသည်။ ရေချိုးနေရင်းမှ နေမကောင်း ဖြစ်လာသဖြင့် ခင်ပွန်းဖြစ်သူကို လှမ်းခေါ်ခြင်းဖြစ်သည်။
ရောဂါ၏ အခြေခံအကြောင်းလည်း ရှိသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ့တွင် ဆီးချိုရောဂါဝင်လာသည်။
ဆီးချိုအထူးကုဆရာဝန်နှင့်လည်းပြသည်။ ကုသမှုခံယူသည်။ ဆီးချိုကျဆေးသောက်နေ သည်။သို့သော် သူ့အားနည်းချက်မှာ အစားမရှောင်၊ အစားမဆင်ခြင်ခြင်းဖြစ်သည်။ စားချင်ရာစားပြီး ဆေးသောက်လိုက်မည်ဟု အတွေးအခေါ်မျိုး သူ့တွင်ရှိသည်။
သေဆုံးမည့်နံနက်က အိပ်ရာထချိန်တွင် မိမိဘာသာ လက်ထိပ်သွေးဖောက်ပြီး ဆီးချိုစစ်သည့် ကိရိယာဖြင့် စစ်ဆေးသည်။ အိုကေသည် ကောင်းသည်ဟုဆိုသည်။
သို့သော် သူသတိမထားမိသည်မှာ သွေးတိုးဖြစ်သည်။ အဲကွန်းဖွင့်ထားသော အအေးခန်းမှထွက်လာသူသည် အပူချိန်မတူသည့် ပြင်ပသို့ရောက်လာလျှင် သွေးပေါင်တက်လာတတ်သည်။ ရုတ်တရက်ရေချိုးပြီး အအေးပတ် လျှင်လည်း သွေးကြောများကျုံ့ပြီး ဦးနှောက်သို့သွေးဆောင့်တိုးတတ်သည်။ သတိပြုသင့်သည့်အရာဖြစ်သည်။
တိတ်တဆိတ် လူသတ်သမား
ယခုအခါ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့်ဟုလည်း ဆိုကြသည်။ အသင့်စား ရယ်ဒီမိတ်အစားအသောက် များကြောင့်ဟုလည်း ဆိုကြသည်။ လူအတော်များများတွင် သွေးတိုးရောဂါ (သွေးဖိအားတိုးရောဂါ) ဖြစ်ပွားလာသည်ကို လေ့လာတွေ့ရှိရသည်။ အနောက်တိုင်း ပြဒါးတိုင်နှင့် သို့မဟုတ် ဖိညှစ်သောလေအားဖြင့် လက်မောင်းမှ စီးဆင်းသောသွေးကို သွေးပေါင်ချိန်ကိရိယာဖြင့် တိုင်းသောအခါ အပေါ်သွေးဖိအား 120 mmHg နှင့် အောက်သွေး 80 mmHg သည် လူကောင်းတစ်ဦးအတွက် ပုံမှန်သွေးဖိအားဖြစ်သည်။
ထို့ထက်ပိုတက်လာလျှင် သွေးတိုးစလာပြီဟု ဆိုနိုင်သည်။ အပေါ်သွေးဖိအား ၂၀၀ ကျော်လျှင် ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်နိုင်သည်။ သွေးဖိအားများခြင်းကြောင့် သွေးကြောအတွင်းမှ သွေးခဲ အဆီခဲအချို့ပြတ်ပါသွားပြီး ဦးနှောက်တွင် သွားရောက်ပိတ်ဆို့လျှင်လည်း လေဖြတ်ခြင်းဖြစ်နိုင်သည်။
သွေးတိုးသည် တိတ်တဆိတ်လူသတ်သမား၊ အလစ်ချောင်းနေသော လူသတ်သမားဖြစ်သည်။ သတိရှိကြစေချင်သည်။
သွေးတိုး၊ လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်၍ ရုတ်တရက်သေဆုံးရသူ အများအပြားရှိသည်။ အချို့ကလည်း ဝေဒနာမခံစားရဘဲ ရက်ရှည်လများလေဖြတ်ပြီး ဒုက္ခိတမဖြစ်ဘဲ ယခုလိုသေသွားရခြင်းကို ကောင်းသည်ဟု ဆိုကြသူများလည်းရှိသည်။
ယနေ့အစာ မနက်ဖြန်ရောဂါနံနက်စောစောအိပ်ရာထချိန်တွင် သွေးတိုးတက်ပြီး လေဖြတ်သူများကို လေ့လာကြည့်သောအခါ ညကအိပ်ချိန်တွင် အအေးပတ်ခြင်းအပြင် မနေ့ညအိပ်ရာမဝင်မီကစားသောက်ခဲ့သော အစားအသောက်ကြောင့် သွေးတိုးပြီးဖြစ်ရသည်များလည်းရှိသည်။
မနေ့ကစားခဲ့သောအစာသည် နောက်တစ်နေ့နံနက်တွင် အကျိုးပေးတတ်သည်ဟု ဆိုသည်။ ယနေ့အစာ မနက်ဖြန်ရောဂါ ဟုလည်းအဆိုရှိသည်။ မိမိစားသမျှ၏ ကောင်းကျိုး၊ ဆိုးကျိုးကို မိမိခံစားရမည်ဖြစ်သည်။ သွေးတိုးသောအစာကိုစား၍ ချက်ချင်း သွေးတိုးတက်လာသည်မဟုတ်ပါ။ အနည်းဆုံး ၂ နာရီမှ ၇ နာရီခြားပြီး နှလုံးသွေးလှည့်အဖွဲ့သို့ ရောက်ရှိပြီး သွေးတိုးလာတတ်သည်။
ယမန်နေ့ညစာတွင် သွေးတိုးစေမည့် အစာများဖြစ်သည့် ဆားငန်သောအစာ၊ အထူးသဖြင့် ပုပ်၍ငန်သောငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပဲငါးပိ စသည်များ၊ ငါးချဉ်၊ ပုစွန်ချဉ်၊ မျှစ်ချဉ်၊ မုန်ညင်းချဉ်၊ မုန်လာ ချဉ် စသည့်လက်လုပ်ချဉ်များ စားသုံးမိလျှင် နောက်တစ်ရက် နံနက်အိပ်ရာထတွင် သွေးတိုး၍ သွေးပေါင်ချိန်တက်နေလေ့ရှိသည်။ အချို့အိမ်များတွင် ဟင်းလျာကို နံနက်တစ်ကြိမ်သာချက်ပြီး ညဘက်တွင်
ပြန်နွှေးစားလေ့ရှိသည်။ ဤသို့ ပြန်နွှေးစား ခြင်းကြောင့် သွေးတိုးရောဂါဖြစ်စေနိုင်သည်။ ဟင်းအသိုးစားလျှင် အတွင်းမှအချဉ်ပေါက်နေသော ဓာတ်သည် ဓာတ်ပျက် ဟုခေါ်သည်။ အငန်မဟုတ်ဘဲ သွေးတိုးစေနိုင်သည်။
ဟင်းများပြန်နွှေးစားလျှင် အချို့ဟင်းရည်ဆူသောအခါ အမြှုပ်ငယ်များ ထလာသည်ကို တွေ့ရသည်။ အထူးသဖြင့် ပဲဟင်း၊ ချဉ်ပေါင်ဟင်းများသည် နေကျော်လျှင် သိုးလွယ်သည်။ ပြန်နွှေးသောအခါ အမြှုပ်ထလာသည်ကို တွေ့ရသည်။ မစားသင့်သောဟင်းမျိုးဖြစ်သည်။
လေစာစားလျှင် သွေးတိုးမည်
တိုင်းရင်းမြန်မာဆေးဆရာကြီးများ၏ အလိုအရ လေစာများစားမိလျှင်လည်း လေပွပြီး သွေးတိုးတတ်သည်။ ရှေးဆရာကြီးများ၏အယူအဆမှာ သွေးတိုးဟူသည် လေတိုးပင်ဖြစ်သည်။ ဝါယောဓာတ်၏ တွန်းကန်မှုကြောင့် မနီ ခေါ် နှလုံးသွေးကြောကြီးမှသွေးများကို ခန္ဓာကိုယ်သို့ တွန်းပို့နေသည်ဟု ယူဆသောကြောင့် ဖြစ်သည်။
လေစာဟူသည်မှာ များသောအားဖြင့် အခါးအရသာရှိသော အစာများဖြစ်သည်။ အခါးဟူသမျှ လေဓာတ်ကြွသည် ဟု ဆေးပညာဥပဒေသက ဆိုသည်။ လေပွခြင်းကြောင့် သွေးဖိအားတိုးလာပြီး သွေးတိုးရောဂါဖြစ်လာနိုင်သည်။
ခါးသော အရသာရှိသော အစာများမှာ အိမ်ရှင်မများ မီးဖိုချောင်သုံးဟင်းလျာများတွင် နေ့စဉ်ပါဝင် နေကျဖြစ်သော ခွေးတောက်ရွက်၊ တမာရွက်၊ တမာချဉ်၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းကစော့သီး၊ ဖန်ခါးသီး၊ တညင်းသီး စသည်များပါဝင်နေသည်ကို တွေ့ရသည်။
လေစာဖြစ်သော အသီးအနှံများကို သင့်ရုံစားလျှင် ချင့်ချိန်စားလျှင် ဘာမျှမဖြစ်နိုင်ပါ။ အချို့မှာ အခါးအလွန်ကြိုက်ပြီး အလွန်အမင်း စားမိတတ်သည်။ ထို့ကြောင့် သွေးတိုးရောဂါဖြစ်လာရသည်။ ဝက်သားဟင်းသည်လည်း လေစာဟုယူဆရသည်။ ကြက်ဟင်းခါးသီးကြော်နှင့် ဝက်သားဟင်းစားပြီး ဦးနှောက်သွေးကြောပြတ်သည်အထိ သွေးဆောင့်တိုးကာ အသက်သေဆုံးရသူကို ကိုယ်တွေ့ တွေ့ဖူးသည်။ ပူသောရာသီတွင် သွေးတိုးလွယ်သဖြင့် လေပူစာများကို ရှောင်ကြဉ်သင့်သည်။ လေပူထစေသော အစာဟူသည်မှာ အရက်၊ ဘီယာနှင့် အလွန်အေးအောင်စိမ်ထားသော အအေးဘူးများ၊ ပုလင်းများဖြစ်သည်။ အအေးတစ်ပုလင်းသောက်ရုံဖြင့် သွေးတိုးပြီး ခေါင်းအုံ၊ ခေါင်းကိုက်လာတတ်သဖြင့် ပူသောရာသီတွင် အအေးသောက် ခြင်းကိုလည်း အထူသတိပြုဆင်ခြင်သင့်ပါသည်။
မှန်ကန်သော ရေချိုးနည်း
ရေချိုးလျှင် သွေးတိုးပြီး ဦးနှောက်သွေးကြောမပြတ်စေရန် ကာကွယ်နိုင်သည့်နည်းကို တင်ပြလိုပါသည်။
ရေမချိုးမီ လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ပါ။ သို့မဟုတ် လမ်းလျှောက်ပါ။ ကြွက်သားနှင့် အာရုံကြောများ တစ်ညလုံးအိပ်ထားသဖြင့် ညောင်းနေသည်ကို လန်းဆန်းစေရန်ဖြစ်သည်။ ပြီးလျှင်ရေမချိုးမီရေအေး (ပုံမှန်အေးသောရေ) မတ်ခွက်တစ်ခွက်ခန့်သောက်ပါ။ ဝမ်းအတွင်းအစာအိမ်မှ အပူနှင့်လေပူများငြိမ်သွားမှ ရေချိုးလျှင် သွေးဆောင့်တိုးခြင်းမှ ကာကွယ်နိုင်ပါသည်။ ရေချိုးမမှားစေရန် သတိပြုဆင်ခြင်ဖို့လိုသည်။
ရေချိုးရမည့်အချိန်ကိုလည်း သတိထားသင့်သည်။ အထူးသဖြင့် အသက် ၅၀ ကျော်လူကြီးများ ပို၍သတိထားသင့်သည်။ ရှေးပညာရှိတိုင်းရင်းဆေးသမားတော်ကြီးများအဆိုအရ ရေချိုးရမည့် အချိန်မှာ ဥတုအလိုက် ခွဲခြားထားသည်။ ရေချိုးချိန်ကို လင်္ကာဖြင့်ဖော်ပြထားရာတွင် နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းတစ်ဆယ့်တစ် ဟူ၍ ဖြစ်ပါသည်။ ဆိုလိုရင်းမှာ နွေဥတုတွင် နံနက် ၉ နာရီ၊ မိုးဥတုတွင် နံနက် ၁၀ နာရီ၊ ဆောင်းဥတုတွင် နံနက် ၁၁ နာရီဝန်းကျင်တွင် ရေချိုးသင့်သည်ဟု ဆိုလိုပါသည်။
သွေးတိုးရောဂါရှိသူများသည် ရေချိုးလျှင်အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန်ချိုးပြီး အအေးမပတ်စေရန်အတွက် ရေများကုန်စင်အောင် တဘက်ဖြင့်သုတ်ပြီး နွေးထွေးသော အဝတ်ကို ဝတ်ဆင်ပါ။ အကယ်၍ အေးသောမိုးဥတု၊ ဆောင်းဥတုများဖြစ်လျှင် အအေးမိကာကွယ်စေရန်အတွက် ချင်းတက်ကို ပါးပါးလှီးထားပြီး ရေနွေးမတ် ခွက်တစ်ဝက်တွင် ထည့်ပြီးအုပ်ထားပါ။ ရေချိုးပြီးသောအခါ အဆိုပါချင်းတက်စိမ်ထားသော ရေနွေးကို ပူပူလေးမှုတ်သောက်ပေးခြင်းဖြင့် အအေးပတ်ခြင်းမှ ကာကွယ်နိုင်သည်။ ချင်းသည် သွေးကျဲစေသော အာနိသင်ရှိသဖြင့် သွေးတိုးခြင်းကိုလည်း ကာကွယ်နိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။