လေးများမှာ ရုတ်ခြည်း ကိုယ်ခံအား တုံ့ပြန်မှုက သူတို့ကို ကိုဗစ်ကူးစက်မှုမှ ကာကွယ်ပေးခြင်းဖြစ်

ကလေးများမှာ ရုတ်ခြည်း ကိုယ်ခံအား တုံ့ပြန်မှုက သူတို့ကို ကိုဗစ်ကူးစက်မှုမှ ကာကွယ်ပေးခြင်းဖြစ်

သုတေသနပညာရှင်များရဲ့  ကျေးဇူးကြောင့် မိမိတို့အနေနဲ့ လွန်စွာ သိချင်နေမိတဲ့ အကြောင်းအရာတစ်ခုကို အခုတော့ သိရှိလိုက်နိုင်ပါပြီ။

အဲဒီအကြောင်းအရာကတော့ လူကြီးတွေနဲ့  ကလေးတွေကြားက   မတူညီတဲ့ ကိုယ်ခံအားတုံ့ပြန်မှုနဲ့   ကလေးတွေဟာ ဘယ်အတွက်ကြောင့် ကိုဗစ်ကူးစက်မှုကို ပြင်းပြင်းထန်ထန် မခံစားရတာလဲဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။

ဒီသုတေသနကိုတော့ ဝဲကမ်းဆန်ဂါ အဖွဲ့၊    လန်ဒန်ကောလိပ် တက္ကသိုလ်နဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များက လေ့လာပြုစုထားတာပါ။

သုတေသီတွေဟာ လူကြီးတွေနဲ့ ကလေးငယ်တွေရဲ့ ကိုယ်တွင်းအင်္ဂါ အများအပြားမှာ   ကိုဗစ်ကူးစက်မှုကို နှိုင်းယှဉ်နိုင်စေဖို့ ပြည့်စုံကျယ်ပြန့်တဲ့ ကလာပ်စည်းတစ်လုံးတည်းကို လေ့လာမှု လုပ်ခဲ့တာဖြစ်ပါတယ်။

အခုသုတေသနမှာတော့    လန်ဒန် ကောလိပ်တက္ကသိုလ်နဲ့  လက်အောက်ခံ ဆေးရုံများမှ သုတေသနပညာရှင်များဟာ ရောဂါလက္ခဏာ မပြမှုမှသည် ပြင်းထန်မှုအထိ ပါဝင်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ကလေးငယ် ၁၉ ဦးနဲ့ လူကြီး ၁၈ ဦးတို့ရဲ့ အသက်ရှူလမ်းကြောင်းနဲ့ သွေးနမူနာတွေကို ရယူစုဆောင်းခဲ့ပါတယ်။ အလားတူ ကျန်းမာတဲ့ ကလေးငယ်နဲ့ လူကြီး ၄၁ ဦး တို့ထံကနေ နမူနာတွေကိုလည်း   ရယူခဲ့ပါတယ်။

ဒီလေ့လာမှုကနေ  သူတို့တွေ့လိုက်ရတာက ကလေးငယ်တွေရဲ့ အသက်ရှူလမ်းကြောင်း အတွင်းရှိ အလွန်အားကောင်းပြီး မွေးရာပါ ကိုယ်ခံအား တုံ့ပြန်မှုကြောင့်ဖြစ်တဲ့  ကိုယ်တွင်းရောဂါပိုး ဝင်ရောက်မှုမှ ကာကွယ်ပေးတဲ့  အင်တာဖရွန်တွေဟာ ရုတ်ခြည်း ထွက်ပေါ်လာကာ ဗိုင်းရပ်ကူးစက် ပုံတူပွားမှုကို  အစောဆုံး အဆင့်မှာတင် ဟန့်တားလိုက်နိုင်တယ် ဆိုတာပါပဲ။

ဆန့်ကျင်ဘက်အနေနဲ့ လူကြီးတွေမှာတော့ ရုတ်ခြည်းကိုယ်ခံအား တုံ့ပြန်မှုက အလွန်နည်းပါးတာကြောင့် ဗိုင်းရပ်ဟာ ကိုယ်တွင်းအင်္ဂါတွေဆီကို  အလွယ်တကူ ဝင်ရောက်ကူးစက် လိုက်နိုင်တာဖြစ်ပြီး တချို့နေရာတွေကို ရောက်သွားတဲ့ ဗိုင်းရပ်တချို့ဆိုရင် သူတို့ကို ထိန်းချုပ်ဖို့ လွန်စွာခက်ခဲသွားပါပြီ။

မိမိတို့ကိုမွေးဖွားလိုက်ပြီ ဆိုကတည်းက တစ်ပါတည်း ပါရှိလာတဲ့ ကိုယ်ခံအားစနစ်ဟာ   အခုလူကြီးတွေမှာ ဖြစ်ပေါ်နေတဲ့ ကိုယ်ခံအားစနစ်လိုမျိုး မဟုတ်ပါဘူး။

ကလေးတွေရဲ့   မွေးရာပါကိုယ်ခံအား စနစ်က အလွန်အန္တရာယ်ရှိတဲ့ ဗိုင်းရပ်တွေ၊ ဗက်တီးရီးယားတွေကို  ကောင်းစွာ အလိုအလျောက် သိရှိမှတ်သားထားနိုင်ပါတယ်။

ဒီလိုမှတ်သား ထားပြီးနောက် ဒီရောဂါပိုးတွေနဲ့ ထိတွေ့မှုမရှိဖူးသေးတဲ့ ဘီကလာပ်စည်း၊ တီကလာပ်စည်းများက အဲဒီရောဂါပိုးတွေကို ထိန်းချုပ်ဖို့ လုပ်ဆောင်ပါတော့တယ်။

လူကြီးတွေမှာကျတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ လူကြီးတွေလည်း  ငယ်စဉ်အခါတုန်းက အလားတူ ကိုယ်ခံအားစနစ်ကို ပိုင်ဆိုင်ခဲ့ပြီး ဖြစ်ပေမယ့် အရွယ်ရောက်လာချိန်မှာ ပထမဆုံး ရင်ဆိုင်ရတဲ့ ရောဂါပိုးတွေကိုတော့   မှတ်သား တိုက်ထုတ်နိုင်စွမ်းဟာ  ကလေးငယ်တွေလောက်တော့ ကောင်းမွန်မှာမဟုတ်ပါဘူး။

ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ သူတို့ရဲ့ ကိုယ်ခံအားစနစ်မှာ အဓိကကျတဲ့ အရာတစ်ခုကတော့   အင်တာဖရွန်လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးပါပဲ။

မိမိတို့ရဲ့  ခန္ဓာကိုယ် အတွင်းကို ဗိုင်းရပ် ဒါမှမဟုတ် ဗက်တီးရီးယား ဝင်ရောက်မှု အန္တရာယ်နဲ့ တွေ့နေရပြီဆိုရင်   အင်တာဖရွန်တွေက ထွက်လာပြီး အနီးရှိကလာပ်စည်းတွေ အနေနဲ့လည်း   အဲဒီရောဂါပိုးတွေရဲ့ ကူးစက်ဝင်ရောက်မှုကနေ ကာကွယ်နိုင်ရေး အတွက် လုပ်ဆောင်စေဖို့ သတင်းပေးပါတယ်။

အင်တာဖရွန်တွေဟာ   ဗိုင်းရပ်ကို ကောင်းစွာ တိုက်ထုတ်နိုင်စွမ်းရှိတဲ့ ပရိုတင်းတွေဖြစ်ပြီး  သူတို့ထွက်ပေါ်လာခြင်းဟာ ဘီနဲ့တီကလာပ်စည်းတွေကို အသက်ဝင်စေကာ   ရောဂါပိုး ကူးစက်ခံထားရတဲ့ ကလာပ်စည်းတွေကိုချေမှုန်းခြင်းနဲ့ ရောဂါပိုး နောက်ထပ်ပျံ့နှံ့မှုတို့ကနေ ကာကွယ်ပေးပါတယ်။

ဒီတော့ အင်တာဖရွန်ပမာဏ များများ ထုတ်လွှတ်တယ်ဆိုရင် ရောဂါပိုး ကူးစက်မှုကြောင့်   ရောဂါပြင်းထန်လာတော့မှာ မဟုတ်ပါဘူး။   ဆန့်ကျင်ဘက်အနေနဲ့ ဆိုရင်တော့ အင်တာဖရွန် ပမာဏနည်းရင် ရောဂါပြင်းထန် လာပါလိမ့်မယ်။

အင်တာဖရွန် ထုတ်လွှတ်မှုနည်းလို့ ရောဂါပြင်းထန်နိုင်ခြေ များသူတွေအနေနဲ့ သွေးဖြူဥကို   ပုံတူပွားထားတဲ့ ပဋိပစ္စည်းကဲ့သို့ ကြိုတင်လက်ဦးမှု ယူကုသမှုများကို ခံယူသင့်တယ်လို့ သုတေသီတွေက မှတ်ချက်ပြုထားပါတယ်။