မိုးကုတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် ဇန်နဝါရီ ၂၄
မိုးကုတ်မြို့နယ်၌ ဇန်နဝါရီ ၂၂ ရက်တွင် ငွေကျပ်သိန်း ၅၈ဝဝ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ် မိုးကုတ်-မိုင်းလုံသွားကားလမ်း လယ်ကြီး ပူးပေါင်းစစ်ဆေးရေးစခန်း၌ မိုင်းလုံမှ မိုးကုတ်ဘက်သို့ စိုင်းကျော်ဌေး မောင်းနှင်ပြီး မနန်းခမ်းဆွေနှင့် သိန်းဝင်းအောင်တို့ လိုက်ပါလာသည့် TOYOTA AVANZA မော်တော်ယာဉ်အား သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၅၈ဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်း သိမ်းဆည်း ရမိသဖြင့် စစ်ဆေးဖော်ထုတ်ရာ သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ စိုင်းကျော်ဌေး၊ မနန်းခမ်းဆွေနှင့် သိန်းဝင်းအောင်တို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။