ရေးမြို့နယ်၌ ဦးခေါင်းအား ရိုက်နှက်ကာ ရေထဲသို့ ပစ်ချခဲ့သူအပေါ် အမှုဖွင့် အရေးယူ

ရေးမြို့နယ်၌ ဦးခေါင်းအား ရိုက်နှက်ကာ ရေထဲသို့ ပစ်ချခဲ့သူအပေါ် အမှုဖွင့် အရေးယူ

မွန်ပြည်နယ် ရေးမြို့နယ် အဘော်ကျေးရွာ ပတ္တမြားတန်းရပ်၌  ရေလုပ်ငန်းလုပ်ကိုင်သူကျားဖောင်ဦးစီး ဦးမြင့်သူအား  ရေလုပ်သား မင်းမင်းလတ်(ခ)ကိုချစ်ဆိုသူသည် ဦးခေါင်းရိုက်နှက်ကာ ပင်လယ်ထဲသို့ ပစ်ချမှုဖြစ်ပွားခြင်းကြောင့် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းကဦးမောင်မောင်နိုင်က အမှုဖွင့် တိုင်ကြားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖောင်ဦးစီးချုပ်ဖြစ်သူ ရေးမြို့နယ် အဘော်ကျေးရွာ ပတ္တမြားတန်းရပ်နေ ဦးညီညီ ၄၁ နှစ်သည် ကမ်းသို့ကပ်လာသည့် ဖောင်များအား လိုက်လံကြည့်ရှုစစ်ဆေးရာ ရေးမြို့နယ် ဝါးကျွန်းအနောက်ဘက် ကပ္ပလီပင်လယ်ပြင် ရေမိုင် ၂ဝ ခန့်အကွာ၌ ရေလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့ ဘုန်းကြီးတောင်ကျေးရွာနေ ကျားဖောင်ဦးစီးဖြစ်သူ ဦးမြင့်သူ ၃၁ နှစ်နှင့် ရေလုပ်သားဖြစ်သူ မင်းမင်းလတ်(ခ)ကိုချစ်တို့ နှစ်ဦးတည်း လုပ်ကိုင်သည့် ကျားဖောင်တွင် ဦးမြင့်သူအား မတွေ့ရှိသဖြင့် ရေလုပ်သား မင်းမင်းလတ်(ခ)ကိုချစ်အားမေးမြန်းရာ ဖောင်ဦးစီးဖြစ်သူ ဦးမြင့်သူသည် ၎င်းအား မကြားဝံ့မနာသာအောင် မကြာခဏ ဆဲဆိုကြိမ်းမောင်းမှုများ ပြုနေသည်ကို မကျေနပ်သဖြင့် ဇန်နဝါရီ ၂ဝ ရက် ည ၁ဝ နာရီတွင် ဦးမြင့်သူ အိပ်ပျော်နေစဉ် ၎င်း၏ဦးခေါင်းအား အနီးရှိ ရော်ဘာထင်းချောင်းဖြင့် သုံးချက်ခန့် ရိုက်နှက်ပြီး ဦးမြင့်သူအား ပင်လယ်ထဲသို့ ပစ်ချခဲ့ကြောင်း၊  ဦးညီညီက  ရေးမြို့နယ် အဘော်ကျေးရွာ     ပတ္တမြားတန်းရပ်နေ ကျားဖောင်စာရေး ဦးမောင်မောင်နိုင် ၄၁ နှစ် နေအိမ်၌ရှိနေစဉ် လာရောက်ပြောပြခဲ့သဖြင့်ဦးမောင်မောင်နိုင်က ဥပဒေအရ အရေးယူပေးပါရန် ရဲစခန်းသို့တိုင်ကြားရခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရေးမြို့မ ရဲစခန်းက မင်းမင်းလတ်(ခ)ကိုချစ်အား (ပ)၁ဝ/၂ဝ၂၂၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၇ ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။