ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး မြို့သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့် ရေးအားကစားရုံ၌ ဇန်နဝါရီ ၂၄ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် မြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က     အဖွင့်အမှာစကား ပြောကြား ရာတွင် ရှမ်းပြည်နယ်အတွင်းရှိ     ဒေသများ၌ မြန်မာ့သိုင်းအားကစား    အဆင့်အတန်း တိုးတက် မြင့်မားရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ    မွေးထုတ်ပေးနိုင်ရေး၊ ရှမ်းပြည်နယ်၏ အားကစား တိုးတက်လာစေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ  ပေါ်ထွက်လာစေရေး မြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းပြိုင်ပွဲမှ    ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်အားကစားသမားများကို ရွေးချယ်ပြီး နေပြည်တော်၌ ဖေဖော်ဝါရီ  ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်မြန်မာ့သိုင်းပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်မှ ပြိုင်ပွဲဝင်အား ကစားသမားများက အမျိုးသား၊ အမျိုးသမီး ကီလိုတန်းအလိုက် ဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓားသိုင်းအတိုက်    (ဓားတစ်လက်၊   ဓားနှစ်လက်) ပြိုင်ပွဲ၊ တစ်ကိုယ်တော် ပညာစဉ်ပြပြိုင်ပွဲ၊ အသင်းလိုက်စွမ်းရည်ပြ အတွဲအတိုက်ပြိုင်ပွဲ၊  လက်နက်မဲ့၊  တုတ်ရှည်၊ ဓားရှည်၊ ဓားမြှောင်ဗန်တို၊ အချုပ်အဖြည်များကို ပြိုင်ပွဲနည်းစနစ်များအတိုင်း ဇန်နဝါရီ ၂၆ ရက်အထိ   ယှဉ်ပြိုင်မည်ဖြစ်ပြီး   တံခွန်စိုက်ဖလား   ပထမဆု၊   ဒုတိယဆုနှင့်  တတိယဆုများ   ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။