ONE BAD BLOOD အမည်ရှိ MMA ပြိုင်ပွဲတွင် တီရယ်ထန်နှင့် အင်ဒိုနီးရှားဖိုက်တာ ဆူနိုတိုတို့ ဘင်တန်ဝိတ်တန်း စိန်ခေါ်ပွဲ ယှဉ်ပြိုင်မည်

ONE Championship မှ ကြီးမှူးကျင်းပမည့်    ONE BAD BLOOD အမည်ရှိ MMA ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား  တီရယ်ထန်အနေဖြင့်   အင်ဒိုနီးရှားဖိုက်တာ ဆူနိုတိုနှင့်  ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ONE Championship အမည်ရှိ   MMA  ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး တီရယ်ထန်နှင့် ဆူနိုတိုတို့အနေဖြင့်     ဘင်တန်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ONE BAD BLOOD ပြိုင်ပွဲ၌ အဓိကတွဲဆိုင်းများအဖြစ်  ကမ္ဘာ့ဘင်တန် ဝိတ်တန်းချန်ပီယံလုပွဲတွင်  ဘရာဇီးနိုင်ငံသားများ ဖြစ်သည့် ဘီဘီယာနိုနှင့် ဂျွန်လိုင်နီကာ၊  Interim ဟဲဗီးဝိတ်တန်းချန်ပီယံလုပွဲတွင် ရုရှားနိုင်ငံသား အန်နာတိုလီနှင့် ဘီလာရုဇ်နိုင်ငံသား ကီရီတို့ပွဲစဉ်အပါအဝင် ၁၃ ပွဲယှဉ်ပြိုင်မည်ဖြစ်ကာ အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ခဲ့ဖူးသည့် ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါအနေဖြင့်  ရုရှားနိုင်ငံသား မူရက်စ်ရာမာဇာနော့ဗ်နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

တီရယ်ထန်သည် ONE Championship နှင့်စာချုပ်ချုပ်ဆိုကာ လက်တွဲခဲ့ပြီးနောက် ဆူနိုတိုနှင့်ပွဲစဉ်ကို ပဉ္စမမြောက် ပွဲစဉ်အဖြစ်ယှဉ်ပြိုင်မည်ဖြစ်ပြီး အစောပိုင်းက ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်လေးပွဲတွင် သုံးပွဲအနိုင်ရရှိကာ တစ်ပွဲရှုံးနိမ့်ထားသည်။

တီရယ်ထန်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်လေးပွဲတွင်  ကမ္ဘောဒီးယားနိုင်ငံသား ဆာရော့၊ တောင်ကိုရီးယားနိုင်ငံသား ကင်ဝူဂျောင်၊ အင်ဒိုနီးရှားနိုင်ငံသား ပေါလ်လူမီဟီတို့ကို အနိုင်ရရှိပြီး  သုံးပွဲဆက်နိုင်ပွဲ ရရှိခဲ့သော်လည်း  နောက်ဆုံးယှဉ်ပြိုင်သည့်   တောင်ကိုရီးယားနိုင်ငံသား  ဆောင်မင်ဂျောင်နှင့် ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ကာ ၎င်း၏ ကစားသမားဘ၀ ပထမဆုံးရှုံးပွဲကြုံခဲ့ခြင်း ဖြစ်သည်။

တီရယ်ထန်နှင့်ယှဉ်ပြိုင်မည့်  ဆူနိုတိုသည် စုစုပေါင်း  ၁၉   ပွဲယှဉ်ပြိုင်ရာတွင်  ၁၂ ပွဲအထိ နိုင်ပွဲရရှိ၍ လေးပွဲရှုံးနိမ့်ထားပြီး  နောက်ဆုံးပွဲစဉ်ကို  ၂၀၂၀  ပြည့်နှစ်   ဖေဖော်ဝါရီလက ယှဉ်ပြိုင်ခဲ့ကာ  ယခုအခါမှသာ တီရယ်ထန်နှင့်  ပြန်လည်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။                          

STA