ဘာကြောင့် အလေးထားသင့်သလဲ
မိသားစုတွေမှာ သက်လတ်ပိုင်းတွေ အသက်ဆုံးရှုံးရခြင်းသည် အဆိုပါ အိမ်ထောင်စုဝင်တွေအတွက် ကြီးစွာ သော ပျက်စီးဆုံးရှုံးရမှုကို ဖြစ်စေတာပါ။ ဘာလို့လဲဆိုတော့ အဆိုပါပုဂ္ဂိုလ်တွေဟာ နေအိမ်မှာ အဓိကဝင်ငွေရှာပေးသူများ၊ စောင့်ရှောက်နေကြသူများ ဖြစ်လို့ပါပဲ။ အရွယ်မတိုင်ခင် သေဆုံးခြင်းတွေကြောင့် မိသားစုဝင်ငွေလျော့စေခြင်း၊ စိတ်ထိခိုက်ကြေကွဲရခြင်း၊ ပညာရေးတစ်ပိုင်းတစ်စ ဖြစ်စေခြင်းစတဲ့ ဆိုးကျိုးတွေကို ကျန်ရှိတဲ့မိသားစုတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ထို့ကြောင့် လူတစ်ဦးချင်းစီတိုင်းအနေဖြင့် မိမိတို့ကျန်းမာရေး အခြေအနေများ တိုးတက်ကောင်းမွန်ဖို့၊ ပိုမိုကျန်းမာဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံတွေ မြှင့်တင်ကြဖို့ လိုအပ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ သက်ရှည်ကျန်းမာစေရေးအတွက် ညီညွတ်မျှတတဲ့နေထိုင်စားသောက်မှုပုံစံအချို့ကို ဝေမျှလိုပါတယ်။
အာဟာရပြည့်ဝတဲ့ အစားအသောက်များကိုစားပါ
သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲတောင့်ရှည်များ၊ ပဲစေ့များ၊ ဂျုံ၊ ဆန်စသည်ဖြင့် မိမိစားသောက်မည့် အစားအစာတွင် အမယ်စုံပါဝင်အောင် စားသင့်ပါတယ်။ တစ်ရက်လျှင် အနည်းဆုံး ၄၀၀ ဂရမ်ခန့် အသီးအနှံများ စားသင့်ပါတယ်။ လတ်ဆတ်တဲ့ အသီးများနဲ့ ဟင်းသီးဟင်းရွက်များကို စားမြိန်စာ အနေနဲ့လည်း စားနိုင်ပါတယ်။ ဒါ့အပြင် ရာသီအလိုက်ပေါ်တဲ့ အသီးအနှံများကိုလည်း အမျိုးစုံအောင် စားသင့်ပါတယ်။ ထိုသို့စားခြင်းဖြင့် အာဟာရချို့တဲ့မှုနဲ့ မကူးစက်ရောဂါများဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ လေဖြတ်ခြင်းနဲ့ ကင်ဆာရောဂါများ ဖြစ်စေမှုကို လျော့ကျစေပါတယ်။
ဆားနဲ့သကြား လျှော့စားပါ
မြန်မာလူမျိုးများဟာ ဆားသုံးစွဲမှုမှာ ပုံမှန်ထက်ပိုများကြပါတယ်။ ဆားသုံးစွဲမှု များခြင်းသည် သွေးတိုးရောဂါ အပါအဝင် နှလုံးရောဂါနဲ့ လေဖြတ်ရောဂါများကို ဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။ အငန်ဓာတ်ကဲတဲ့ အစား အသောက်များ၊ စားမြိန်စာများ စားသုံးမှုကိုလည်း လျှော့ချသင့်ပါတယ်။ ထို့နည်းတူ အချိုစားသုံးမှုကိုလည်း သတိပြုသင့်ပါတယ်။ အချိုများများစားရင် သွားပိုးစားခြင်း၊ ကိုယ်အလေးချိန် တက်စေခြင်းအပါအဝင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် သွေးကြောဆိုင်ရာရောဂါတွေ ဖြစ်စေနိုင်မှု မြင့်တက်လာစေပါတယ်။ သကြားဓာတ် လွန်ကဲတဲ့ အချိုရည်နဲ့ တခြားသရေစာများ စားသုံးမှုကိုလည်း လျှော့ချသင့်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လူတစ်ဦးနေ့စဉ်စွမ်းအင်လိုအပ်ချက်ရဲ့ ၅ ရာခိုင်နှုန်းအောက်သာ သကြားဓာတ်ကို စားသုံးသင့်ကြောင်း တိုက်တွန်းထားပါတယ်။
အန္တရာယ်များတဲ့ အဆီဓာတ်သုံးစွဲမှုများကို လျှော့ချပါ
အဆီဓာတ် စားသုံးမှုနဲ့ ပတ်သက်လို့ လူတစ်ဦးနေ့စဉ် စွမ်းအင်လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းအောက်သာ အဆီဓာတ် ကို စားသုံးသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။ အဆီဓာတ်မှာလည်း အမျိုးမျိုး ရှိပြီး အဓိကအားဖြင့် ပြည့်ဝဆီနဲ့ မပြည့်ဝဆီဆိုပြီးရှိပါတယ်။ ပြည့်ဝဆီတွေက ယေဘုယျအားဖြင့် ကျန်းမာရေးအတွက် မကောင်းပါဘူး။ မပြည့်ဝဆီများကတော့ ကျန်းမာရေးအတွက် ကောင်းတယ်လို့ မှတ်ယူနိုင်ပါတယ်။
အရက်အလွန်အကျွံ သောက်သုံးမှုကိုရှောင်ကြဉ်ပါ
အရက်သောက်ခြင်းနဲ့ ပတ်သက်လို့ မည်မျှသောက်ရင် လုံခြုံစိတ်ချရတယ်ဆိုတာ သတ်မှတ်ချက်မရှိပါဘူး။ အရက်
သောက်ခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေးပြဿနာများကတော့ စိတ်ကျန်းမာရေးနဲ့ အပြုအမူဆိုင်ရာ အလေ့အထများ ပြောင်းလဲနိုင်ခြင်း၊ အရက်စွဲခြင်း အပါအဝင် အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါ၊ အခြားသော ကင်ဆာရောဂါများ၊ နှလုံးရောဂါ၊ အရက်သောက်ခြင်းမှတစ်ဆင့် ထိခိုက်ဒဏ်ရာရခြင်း၊ ယာဉ်တိုက်မှုဖြစ်ခြင်းများ ဖြစ်စေနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ
ဆေးလိပ်သောက်ခြင်းဖြင့် အဆုတ်ရောဂါ၊ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများ၊ လေဖြတ်ရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ဆေးလိပ်သောက် သူကိုသာ ထိခိုက်တာ မဟုတ်ပါဘူး။ သူ့အနားမှာနေတဲ့ ဆေးလိပ်ငွေ့ ရှူနေရသူများ ကိုလည်း ထိခိုက်စေပါတယ်။ အကယ်လို့ သင်ဟာ ဆေးလိပ်သောက်သုံးနေဆဲ လူတစ်ယောက်ဖြစ်နေလျှင် ခုချက်ချင်းပဲ ဆေးလိပ်ဖြတ် ကြည့်လိုက်ပါ။ သိသာတဲ့ အကျိုးကျေးဇူးတွေ ချက်ချင်းရရှိနိုင်တာ တွေ့ရပါလိမ့်မယ်။
သင့်ရဲ့ သွေးပေါင်ချိန် ပုံမှန်တိုင်းတာပါ
သွေးတိုးရောဂါသည် အသံတိတ် လူသတ်သမားအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအတော် များများဟာ သွေးတိုးရှိနေမှန်း မိမိကိုယ်မိမိ မသိကြပါဘူး။ သွေးတိုးရှိ၊ မရှိဆိုတာက ပုံမှန်တိုင်းတာနေခြင်းဖြင့်သာ သိနိုင်ပါတယ်။ သွေးတိုးရှိမှန်းသိမှသာ ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာနိုင်မှာ ဖြစ်ပါတယ်။ သွေးတိုးကို ဆေးဝါးဖြင့်ဖြစ်စေ၊ လူနေမှုပုံစံဖြင့် ဖြစ်စေမထိန်းချုပ်ပါက နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ အခြား ရောဂါများဆီ ဦးတည်သွားနိုင်ပါတယ်။
ကာကွယ်ဆေးများထိုးကြပါ
ကာကွယ်ဆေးထိုးခြင်းဟာ ကူးစက်ရောဂါများ ကာကွယ်ခြင်းအတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ၊ ကာလဝမ်းရောဂါ၊ ဆုံဆို့ကြက်ညှာ မေးခိုင်ရောဂါ၊ တုပ်ကွေး၊ ဝက်သက်၊ ခွေးရူးပြန်ရောဂါ စသဖြင့် ရောဂါတော်တော် များများအတွက် ကာကွယ်ဆေးများရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ
အနေဖြင့် မွေးကင်းစကလေးငယ်များကစ၍ သူ့အရွယ်အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မပျက်မကွက် ထိုးနှံထားကြပါလို့တိုက်တွန်းလိုပါတယ်။
ချောင်းဆိုးလျှင် နှာချေလျှင် သင့်ရဲ့ပါးစပ်ကို အကာကွယ်ပြုလုပ်ပါ
ကိုဗစ်-၁၉ ရောဂါ၊ တုပ်ကွေးရောဂါ၊ အဆုတ်ရောင်ရောဂါအမျိုးမျိုးနဲ့ တီဘီရောဂါ စသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဟာ လေထဲမှတစ်ဆင့် ကူးစက်လာတတ်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရောဂါကူးစက်ခံရသူများက ချောင်းဆိုး၊ နှာချေပြုလုပ်တဲ့အခါ ရောဂါပိုးမွှားများဟာ တခြားသူတွေဆီကို တိုက်ရိုက်ရောက်ရှိ ကူးစက်စေနိုင်ပါတယ်။ တစ်ရှူး၊ လက်ကိုင်ပဝါစသဖြင့် အကာအကွယ်တစ်ခုခုနဲ့ ပါးစပ်ကို ဖုံးထားပြီးမှသာ ချောင်းဆိုးနှာချေ ပြုလုပ်သင့်ပါတယ်။ ဖုံးကာစရာဘာပစ္စည်းမှ မရှိပါက တံတောင်ဆစ်ဖြင့်ဖုံးကွယ်ပြီး မှသာချောင်းဆိုး နှာချေပြုလုပ်သင့်ပါတယ်။
ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ပါ
ခြင်ဟာ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး အင်းဆက်ပိုးမွှားဖြစ်ပါတယ်။ ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် လူတွေကို သေစေနိုင်တဲ့အထိ ဒုက္ခပေးတဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့အပြင် ဆင်ခြေထောက် ရောဂါ၊ ဆင်တုပ်ကွေးရောဂါ စတဲ့ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ခြင်ကိုက်မခံရအောင် နေထိုင်ခြင်း၊ ခြင်ပေါက်ပွားသည့်နေရာများကို ဖျက်ဆီးခြင်း စသဖြင့် ခြင်မှရောဂါမကူးစက်အောင် နေထိုင်ကြရန် အရေးကြီးပါတယ်။
ရေကောင်းရေသန့်ကိုသာ သောက်သုံးပါ
ရေမသန့်ခြင်းမှတစ်ဆင့် ရောဂါပေါင်းစုံ ကူးစက်စေနိုင်ပါတယ်။ ဝမ်းရောဂါအမျိုးမျိုး၊ အသည်းရောင်ရောဂါ အေ၊ ပိုလီယိုနဲ့ တိုက်ဖွိုက်ရောဂါတို့ဟာ ရေမှတစ်ဆင့် ကူးစက်တတ်တဲ့ ထင်ရှားတဲ့ရောဂါတွေ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ အဆိုအရ တစ်ကမ္ဘာလုံးမှာ လူသန်း နှစ်ထောင်ခန့်ဟာ ရေကောင်းရေသန့် သုံးစွဲဖို့ အခွင့်အလမ်း ဆုံးရှုံးနေရပါတယ်။ အကယ်လို့ သင့်အနေနဲ့ သောက်သုံးရန် ရေသန့်ရမနေဘူးဆိုပါက ရေကို ကျိုချက်ပြီးမှသာ သောက်သုံးသင့်ပါတယ်။
မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများကို မိခင်နို့တိုက်ကျွေးပါ
မွေးကင်းစကလေးများ အတွက်ကတော့ မိခင်နို့သည် အကောင်းဆုံးအာဟာရ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မိခင်ဝမ်းမှကျွတ်ကျွတ်ချင်း ၁ နာရီအတွင်း မိခင်နို့စတင်တိုက်ကျွေးရန်နဲ့ ၆ လသားအထိကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန် မှတ်ချက်ပြုထားပါတယ်။ ဖြစ်နိုင်လျှင်တော့ အသက် ၂ နှစ်သားလောက်ထိကို မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးအတွက် အထူးကောင်းမွန်ပါတယ်။ မိခင်နို့တိုက် ကျွေးခြင်းဟာ ကလေးအတွက်သာမက မိခင်အတွက်လည်း သားအိမ်ခေါင်းကင်ဆာ၊ ဆီးချိုရောဂါ၊ မီးဖွားပြီးနောက်ပိုင်းဖြစ်တတ်တဲ့ စိတ်ကျရောဂါ စတာတွေကို ကာကွယ်နိုင်ကြောင်း သိရှိရပါတယ်။
စိတ်ဓာတ်ကျနေမယ်ဆိုရင် သင်ယုံကြည်ရတဲ့ တစ်ယောက်ယောက်နဲ့ စကားပြောပါစိတ်ကျရောဂါဟာ ကမ္ဘာတစ်လွှား အဖြစ်များတဲ့အထဲမှာ ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ကိန်းဂဏန်းများအရ လူသန်းပေါင်း ၂၆၀ ခန့်ဟာ စိတ်ကျရောဂါ ခံစားနေကြောင်း သိရပါတယ်။ စိတ်ကျရောဂါဟာ ပုံစံမျိုးစုံနဲ့ လက္ခဏာပြတတ်ပါတယ်။ မျှော်လင့်ချက်မဲ့တာ၊ တန်ဖိုးမဲ့သလို ခံစားရတာ၊ အတွေးဆိုးများပဲ အမြဲတွေးမိနေတတ်တာ၊ နာကျင်မှုတွေခံစားနေတတ်တာ စသဖြင့် မျိုးစုံခံစားနေရတတ်ပါတယ်။
ထိုသို့သောအခြေအနေမျိုးမှာ တစ်ယောက်တည်း မနေပါနဲ့။ မိမိရဲ့မိသားစုဝင်ပဲဖြစ်ဖြစ်၊ တခြားယုံကြည်ရတဲ့ တစ်ဦးဦးကိုပဲဖြစ်ဖြစ် ဖွင့်ဟပါ၊ တိုင်ပင်ပါ၊ ဆွေးနွေးပါ၊ စကားတွေပြောပါ။ စိတ်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေဆီ ဦးတည်သွားနိုင်တာဖြစ်တဲ့အတွက် သတိမူသင့်ပါတယ်။
လက်ကိုစနစ်တကျဆေးကြောပါ
လက်သန့်စင်မှုဟာအင်မတန် အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက် တစ်ခုပါ။ လက်မသန့်ခြင်း မှတစ်ဆင့် ကူးစက်ရောဂါတော်တော်များများ ဖြစ်စေတာပါ။ ဒါ့ကြောင့် လက်ကို ဆပ်ပြာနဲ့ရေတို့ဖြင့် သေချာစနစ်တကျ ဆေးကြောခြင်း၊ အရက်ပြန် ပါဝင်သည့် ရေမလိုလက်သန့်ဆေးရည်များဖြင့် မကြာခဏ ဆေးကြောခြင်းကို သတိရတိုင်းလုပ်ဆောင်သင့်ပါတယ်။
အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာမှာ သန့်ရှင်းပါစေ
မသန့်ရှင်းတဲ့ အစားအသောက်များမှာ ပါဝင်နိုင်တဲ့ ပိုးမွှားမျိုးစုံနဲ့ ဓာတုပစ္စည်းများမှ တစ်ဆင့် ဝမ်းပျက်ဝမ်းလျှော ကဲ့သို့သော ရောဂါမျိုးမှအစ ကင်ဆာရောဂါများအထိ ရောဂါပေါင်း ၂၀၀ ကျော်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဈေးကနေ အစားအသောက် ဝယ်ယူရာကစလို့ ပြင်ဆင်ချက်ပြုတ်မှုအလယ် စားသောက်သည်အဆုံး သန့်ရှင်းရေးဂရုပြုသင့်ပါတယ်။ ဒီနေရာမှာ သတိမူရမယ့် အဓိကအချက် ၅ ချက်ကတော့ သန့်ရှင်းအောင်ထားပါ၊ စားသောက်ကုန်ကြမ်းနဲ့ ချက်ပြုတ်ပြီး အစားအသောက်များကို ခွဲခြားထားပါ၊ ကျက်အောင်ချက်ပြုတ်ပါ၊ အစားအသောက်များကို သတ်မှတ်အပူချိန်တွင်ထားပါ၊ သန့်ရှင်းသောရေနဲ့ သန့်ရှင်းသော ကုန်ကြမ်းများကိုသာ အသုံးပြုချက်ပြုတ်ပါ။
ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပါ
ပုံမှန်ဆေးစစ်ခံယူခြင်းဖြင့် ရောဂါများကို ကြိုတင်သိရှိနိုင်ကာ ရောဂါမရင့်မီ ကုသမှု ခံယူခြင်းဖြင့် အသက်ရှည်ရှည်နေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ပါက ပုံမှန်ဆေးစစ်မှုများကို လုပ်ဆောင်သင့်ပါတယ်။
နိဂုံး
အရွယ်မတိုင်မီ သေဆုံးခြင်းတွေဟာ သဘာဝက ပေးထားတဲ့အထိ အသက်ရှင် နေထိုင်ခွင့် ဆုံးရှုံးရသည့်အပြင် မိမိ မိသားစု ဝင်များအတွက်လည်း များစွာဆုံးရှုံး နစ်နာစေမှုများဖြစ်စေပါတယ်။ ဖော်ပြပါ သတိထားရမယ့် အချက်များကို အလေးဂရုပြု လိုက်နာခြင်းအားဖြင့် ကာကွယ်တားဆီးနိုင်မှာလည်း ဖြစ်ပါတယ်။ ထို့ကြောင့် သတိထားလိုက်နာ လုပ်ဆောင်ခြင်းဖြင့် မိမိတို့ဘဝ၊ မိမိရဲ့ မိသားစုလူမှု စီးပွားဘဝများကို ထိန်းသိမ်း စောင့်ရှောက်နိုင်ကြပါစေကြောင်း ဆန္ဒပြု ရေးသားလိုက်ရပါတယ်။ ။
မျိုးဆက်သစ်အားလုံး ပညာသင်ယူခွင့်ရရှိစေလို
နှစ်စဉ် ဇန်နဝါရီလ ၂၄ ရက်သည် နိုင်ငံတကာပညာရေးနေ့ဖြစ်သည်။ လူ့အခွင့်အရေးကြေညာ စာတမ်းအပိုဒ် ၂၆ တွင် လူတိုင်းပညာသင်ကြားခွင့်ရှိကြောင်း အတိအလင်းဖော်ပြထားသည်။ ၁၉၈၉ ခုနှစ်တွင် ချမှတ်ခဲ့သော ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာတမ်း၌လည်း ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိစေရန် ပြဋ္ဌာန်းထားရှိသည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ချမှတ်ခဲ့သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ၂၀၃၀ ပြည့်နှစ်ရည်မှန်းချက် အောင်မြင်မှုရရှိရေးတွင်လည်း ပညာရေးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး လူတိုင်းသာ တူညီမျှပညာသင်ယူခွင့် ရရှိရေးနှင့် တစ်သက်တာ ပညာသင်ယူခွင့်ရှိရေး တို့သည် များစွာအရေးပါလျက် ရှိကြောင်း ဖော်ပြထားသည်။
စိန်ခေါ်မှုများ
စင်စစ်အားဖြင့် ပညာရေးသည် ကလေးငယ်များအား ဆင်းရဲတွင်းမှဆွဲထုတ်နိုင်ပြီး အလားအလာကောင်းသော အနာဂတ်ကို တည်ဆောက်နိုင်စွမ်း ရှိစေသော်လည်း ကမ္ဘာတစ်ဝန်း၌ ကလေးငယ် ၂၅၈ သန်းသည် ပညာဆုံးခန်းတိုင်အောင် သင်ကြားခွင့် မရရှိကြပေ။
ထို့ပြင် ကလေး ၆၁၇ သန်းကျော်မှာလည်း စာဖတ် နိုင်ခြင်း မရှိသလို အခြေခံတွက်ချက်နည်းသ င်္ချာလည်း မတတ်မြောက်ကြပေ။ အထူးသဖြင့် အာဖရိကဒေသတွင် အမျိုးသမီးငယ် ၄၀ ရာခိုင်နှုန်းခန့်သည် အခြေခံပညာလောက်သာ သင်ယူခွင့်ရရှိကြပြီး ဒုက္ခသည်စခန်းမှလူငယ်များသည် ပညာသင်ယူခွင့်မရရှိဘဲ ကျောင်းထွက်နေကြရသည်။ ထို့ကြောင့် ပညာသင်ယူခွင့် အခွင့်အလမ်းမှာ ချိုးဖောက်ခံရလျက်ရှိသည်။ထို့ကြောင့် သာတူညီမျှနှင့်တစ်သက်တာ ပညာသင်ယူခွင့် မရရှိဘူးဆိုလျှင် ကျား၊ မ သာတူညီမျှမှုကိုလည်း ဖော်ဆောင်နိုင်စွမ်း မရှိသလို ကလေးငယ်များအား ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်မည် မဟုတ်ချေ။
ကိုဗစ်-၁၉ ၏ဆိုးကျိုးများ
လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိသောကြောင့် ကျောင်းသား၊ ကျောင်းသူ ၁ ဒသမ ၆ ဘီလီယံခန့်သည် ပုံမှန်ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးရလျက်ရှိသည်။ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် ဝင်ငွေ အမေရိကန် ၁၇ ထရီလီယံခန့်နစ်နာလျက်ရှိသည်။ ဆိုလိုသည်မှာ လက်ရှိကမ္ဘာ့ GDP ၏ ၁၄ ရာခိုင်နှုန်းခန့် နစ်နာဆုံးရှုံးလျက်ရှိသည်။ ထို့ပြင် ဝေးလံခေါင်ဖျားသည့်ဒေသများရှိ စာသင်ကျောင်း ၇၀ ရာခိုင်နှုန်းခန့်မှာလည်း ကာလရှည်ကြာ ပိတ်ထားရဖွယ်ရှိနေသည်။ တချို့နိုင်ငံများတွင် အမျိုးသမီးငယ်များသည် ပညာသင်ယူခွင့် ဆုံးရှုံးရလျက်ရှိပြီး ကလေးလုပ်သား၊ လိင်အခြေခံသည့် အကြမ်းဖက်မှု၊ အရွယ်မတိုင်မီ အိမ်ထောင်ပြုခြင်းနှင့် ကိုယ်ဝန်ဆောင်ရခြင်း စသည့် နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ရလျက်ရှိသည်။
ထို့ပြင် ကိုဗစ်-၁၉ ကာလတွင် ကျောင်းများပိတ်ထားရသဖြင့် ကလေးငယ် ၁၀ ဦးလျှင် ရှစ်ဦးသာလျှင် ကျောင်းစာ လေ့လာသင်ယူမှု အနည်းငယ် လုပ်ဆောင်နိုင်ပြီး တချို့သော ကလေးများသည် လုံးဝစာမလေ့လာကြတော့ပေ။ ထို့ပြင် ချို့တဲ့သောမိသားစုများတွင် အွန်လိုင်းပညာသင်ယူနိုင်သည့် ကလေးအရေအတွက်မှာ ၁ ရာခိုင်နှုန်းပင် မပြည့်ပေ။ ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါသည် ဒစ်ဂျစ်တယ်ခေတ်တွင် လူတန်းစား ခွဲခြားမှုကို နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်စေလျက်ရှိသည်။ တစ်ကမ္ဘာလုံးတွင် ကျောင်းများ ပိတ်ထားရမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအပေါ် လေ့လာသုတေသနပြုခဲ့ရာ အိမ်တွင်း အကြမ်းဖက်မှုများသည် ယခင်ကထက် နှစ်ဆခန့်မြင့်တက်ခဲ့သည်။ ကျောင်းများ ဖွင့်ထားသည့်အချိန်တွင် ကလေးများအပေါ် အကြမ်းဖက်မှု ၈ ရာခိုင်နှုန်းသာ ရှိနေရာမှ ကျောင်းများ ပိတ်ထားရသဖြင့် ကလေးများအပေါ် အကြမ်းဖက်မှု ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။
အဆင့်မြင့်ပညာသင်ယူနိုင်သူ နည်းပါးမြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၅ နှစ်အထက် လူဦးရေထဲတွင် ၈ ဒသမ ၁ ရာခိုင်နှုန်း(လူ ၄ သန်းနီးပါး)ခန့်သည် ကျောင်းမနေဖူးသဖြင့် စာလုံးဝမတတ်ကြပေ။
ထို့ပြင် အသက် ၂၅ နှစ်အထိ အရွယ်ရောက်ပြီးသူများထဲတွင် အလယ်တန်းအဆင့်နှင့် ၎င်းအဆင့်အောက် ပညာမသင်ကြားခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်းနီးပါးခန့်ရှိသည်။ ထို့ကြောင့် နိုင်ငံ့လူဦးရေ ၃ ပုံ ၁ ပုံခန့်သည် အလယ်တန်း အဆင့်ပညာသင်ယူခွင့် မရရှိခဲ့ကြပေ။ ထို့ပြင် နိုင်ငံလူဦးရေ ၅၅ သန်းတွင် သုံးသန်းခန့်သာ ဘွဲ့ရရှိခဲ့သဖြင့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ အဆင့်မြင့်ပညာ သင်ယူနိုင်သည်။ ဆိုလိုသည်မှာ လူ ၁၀ ယောက်လျှင် တစ် ယောက်လောက်သာ အဆင့်မြင့်ပညာ သင်ယူနိုင်သေးသည်။ အဆင့်မြင့်ပညာ သင်ယူနိုင်သူ အရေအတွက် တိုးတက်လာမှသာလျှင် လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ ကျကျ ဖော်ဆောင်နိုင်မည် ဖြစ်သည်။
အမျိုးသားပညာရေးစီမံကိန်း
ထို့ကြောင့် တိုင်းပြည်အတွင်း ပညာတတ်များ မွေးထုတ်နိုင်ရေး ရည်မှန်းချက်ဖြင့် လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ် ၃၀ အမျိုးသား ပညာရေးစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ခုလျှင် အနည်းဆုံးတက္ကသိုလ်တစ်ခု၌ Ph.D သင်တန်းဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကျောင်းသား၊ ကျောင်းသူအားလုံး ပညာများ အမှန်တကယ်တတ်မြောက်ပြီး ပုံမှန်တန်းစဉ်ကူးပြောင်း နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းများ ပို့ချပေးရန် စီစဉ်လျက်ရှိသည်။ တစ်ဖက်တစ်လမ်းမှလည်း ဆရာ၊ ဆရာမများ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စီမံလျက်ရှိသည်။
မျိုးဆက်သစ်အားလုံး ပညာသင်ယူခွင့်ရရှိစေလို အမှန်တော့ လူတစ်ဦး၏ဘဝ တိုးတက်အောင်မြင်နိုင်မှုသည် ထိုသူ၏ ပညာတတ်မြောက်ထားမှုအပေါ် တွင်များစွာ မူတည်နေသည်။ ငယ်စဉ်က ပုံမှန်ကျောင်း ပညာသင်ကြားခွင့် မရရှိခဲ့သော လူတစ်ဦးသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် ခက်ခဲပင်ပန်း ကြမ်းတမ်းစွာ ရုန်းကန်လှုပ်ရှားကြရသည်။ ထို သဘောတရားအရ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ထိုနိုင်ငံရှိပြည်သူအားလုံး ပညာတတ်မြောက်မှုနှုန်း အပေါ်တွင်သာ မူတည်လျက်ရှိသည်။ စင်စစ်အားဖြင့် ပညာရေးသည် လူသားအားလုံးအတွက် ပင်မထောက်တိုင်ဖြစ်နေသောကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးသည် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးအတွက် ရေတို၊ ရေရှည်စီမံချက်များ၊ သုတေသနလုပ်ငန်းများအား ငွေကြေးမြောက်မြားစွာ အကုန်အကျခံလျက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိကြသည်။ ထိုသို့ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံသားများ၏ ပညာရည်အဆင့်အတန်း မြင့်မားရေးသည် များစွာအရေးပါလျက်ရှိသည်။ အထူးသဖြင့် မျိုးဆက်သစ်များပညာရည်မြင့်မားနေမှသာလျှင် ထိုနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် CRPH ၊ NUG နှင့် PDF အမည်ခံ အစွန်းရောက် အကြမ်းဖက်သမားများသည် တချို့သောဒေသများတွင် အခြေခံပညာကျောင်းများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း၊ ကျောင်း သားမိဘများအား ခြိမ်းခြောက်ခြင်း၊ ပညာသင်ကြားပေးနေသောဆရာ၊ ဆရာမများအား ခြိမ်းခြောက်အကျပ် ကိုင်ခြင်းတို့လုပ်ဆောင်လျက်ရှိသည်။ တချို့သော ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမ များသည် အသက်ကိုပင်လျှင် ရန်ရှာခြင်း ခံနေကြရသည်။ ထို့ပြင် NLD ထောက်ခံသူ တချို့သော မိဘများသည် အစိုးရကိုဆန့်ကျင်လျက် သား၊ သမီးများကို ကျောင်းတက်ခွင့်မပြုဘဲ ထားကြသည်။ ထိုသို့ ပြုလုပ်ခြင်းသည် မိမိရင်သွေးငယ်များ၏ အနာဂတ်ကို ဖျက်ဆီးနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မိဘအုပ်ထိန်း သူများအနေဖြင့် မိမိသား၊ သမီးများ၏အနာဂတ်ကို မြော်တွေးလျက် ကျောင်းပုံမှန် တက်ရောက်ခွင့်ပြုသွား စေလိုပါသည်။ မည်သို့ပင် ဆိုစေ မျိုးဆက်သစ် ကလေးငယ်အားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု အကြံပြုတိုက်တွန်း သွားလိုပါသည်။ ။
မောင်သောင်းဝင်း(တမန်ဟောင်း)