ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လက်ရှိပြဋ္ဌာန်းကျင့်သုံး ဆောင်ရွက်လျက်ရှိသော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဟူ၍ အခြေခံဥပဒေသုံးမျိုးရှိသည်။
၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို နိုင်ငံတော်လွတ်လပ်ရေး အမြန်ရရှိရေးအတွက် အလျင်အမြန်ရေးဆွဲကာ ၁၉၄၇ ခုနှစ်စက်တင်ဘာ၂၄ ရက်တွင် တိုင်းပြည်ပြုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည်။ လွတ်လပ်ရေးရသောအခါ ထိုဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပါလီမန်ဒီမိုကရေစီ ဖော်ဆောင်ကျင့်သုံးခဲ့သည်။ သို့ရာတွင် ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ကျင့်သုံးနိုင်မှု မရှိသဖြင့် ၁၉၇၄ ခုနှစ်တွင် အဆိုပါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပျက်ပြယ်သွားရသည်။
၁၉၇၄ ခုနှစ်တွင် တစ်ပါတီပုံစံစနစ်ကို အခြေခံလျက် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုပြဋ္ဌာန်းကာ ဆိုရှယ်လစ်ဒီမိုကရေစီနိုင်ငံတော်အဖြစ် ကြိုးပမ်း တည်ထောင်ခဲ့ပြန်သည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်၌ ဖြစ်ပေါ်လာသည့် အခြေအနေအရပ်ရပ်ကြောင့် အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ရပ်ဆိုင်းသွားခဲ့ရသည်။
ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြည်သူများ၏ လိုအင်ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေး စနစ်တို့ကို မိမိနိုင်ငံနှင့် လိုက်လျောညီထွေစွာ ထူထောင် နိုင်ရန်အတွက် ကြိုးပမ်းတည်ဆောက်ခဲ့သည်။ အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် မရှိမဖြစ် လိုအပ်သည့်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၁၉၉၃ ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ခေါ်ယူကျင်းပပေးခဲ့သည်။
အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ဥပဒေရေးရာ စသည့်ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များ ပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်း တည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြသည်။ အမျိုးသားညီလာခံ ကျင်းပရာတွင် အခက်အခဲအနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသော်လည်း ၂၀၀၃ ခုနှစ်တွင် ချမျတ်ခဲ့သော နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်နှင့်အညီ အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်တွင် ဆက်လက်ကျင်းပခဲ့ရာ ခိုင်မာသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန်အတွက် အခြေခံရမည့်မူများနှင့် အသေးစိတ် အခြေခံရမည့်မူများကို အနှစ်သာရ ပြည့်ဝစွာ ချမှတ်နိုင်ခဲ့သဖြင့် ၂၀၀၇ ခုနှစ်စက်တင်ဘာ ၃ ရက်တွင် အမျိုးသားညီလာခံအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
ထို့နောက် အမျိုးသားညီလာခံက ချမှတ်ပေးခဲ့သည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့်မူများနှင့်အညီ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ကြသည်။
ဆက်လက်၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေးနှင့် စပ်လျဉ်း၍ ပြည်သူတို့၏ သဘောထားတောင်းခံသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကို ၂၀၀၈ ခုနှစ် မေ ၁၀ ရက်နှင့် ၂၄ ရက်တို့တွင် အောင်မြင်စွာ ကျင်းပပေးခဲ့သည်။ နိုင်ငံတော်တစ်ဝန်းလုံးမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၇၂၈၈၈၂၇ ဦးအနက် ၉၈ ဒသမ ၁၂ ရာခိုင်နှုန်း ဆန္ဒမဲပေးခဲ့ကြပြီး ဆန္ဒမဲပေးသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုရန် ဥပဒေနှင့်အညီ ထောက်ခံခဲ့ကြသည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးက အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ၂၀၀၈ ခုနှစ်မေ ၂၉ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာချက်အမှတ် (၇/၂၀၀၈)ဖြင့် ကြေညာခဲ့သည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အနှစ်သာရ (၄) ရပ်ပါရှိပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက အဆိုပါ အနှစ်သာရများ ပေါ်လွင်အောင် သန္နိဋ္ဌာန်ချမှတ်ဆောင်ရွက်ရေးလိုအပ်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များကို အစဉ်တစိုက်မမှိတ်မသုန်စွဲမြဲစွာ ခံယူစောင့်ထိန်းသွားရန်၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသားပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်းရန်၊ နိုင်ငံတော်အတွင်းလူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းသင်းဆက်ဆံရေးကို ရှေးရှုလျက်ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းရန်မှာ အခြေခံဥပဒေ၏ အနှစ်သာရများပင် ဖြစ်သည်။
၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်း (၁၅) ခန်း၊ ပုဒ်မ ၄၅၇ ခုနှင့် ပုဒ်မခွဲများ ပါရှိသည်။ နောက်ဆက်တွဲဇယား ၅ ခုပါရှိပြီး ထိုဇယားများသည် အခြေခံဥပဒေပါ သက်ဆိုင်ရာပုဒ်မများကို အသေးစိတ် ရည်ညွှန်းသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများတွင် ပုဒ်မ ၆ ပုဒ်မခွဲ(က)အရ ပြည်ထောင်စုမပြိုကွဲရေး၊ ပုဒ်မခွဲ(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ပုဒ်မခွဲ(ဂ) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပုဒ်မခွဲ (ဃ)စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ ပုဒ်မခွဲ (င) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး၊ ပုဒ်မခွဲ(စ)နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက်ဦးတည်သည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၁၄ တွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်ဟု ပြဋ္ဌာန်းသည်။
ထို့အတူ ပုဒ်မ ၂၀ ပုဒ်မခွဲ(က) တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်။ ပုဒ်မခွဲ(ခ) တပ်မတော်သည်တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ပုဒ်မခွဲ(ဂ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်။ ပုဒ်မခွဲ (ဃ) တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ ပုဒ်မခွဲ (င) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတ ည်တံ့ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင်အဓိကတာဝန်ရှိသည်။ ပုဒ်မခွဲ (စ) တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
နိုင်ငံတော်အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးသည် အသက်တမျှ အရေးကြီးလှသည့် အမျိုးသား အကျိုးစီးပွားဖြစ်သည်။ နိုင်ငံတော်ပြိုကွဲမည့်အရေး၊ အချုပ်အခြာအာဏာ ယိုယွင်းတိမ်းပါးရမည့် အရေးမှ ကယ်တင်စောင့်ရှောက်နိုင်သော အမျိုးသားရေး စွမ်းအားစုကြီးမှာ တပ်မတော်မှလွဲ၍ အခြားမရှိပါချေ။
အတိတ်သမိုင်းအရ နိုင်ငံပြိုကွဲမည့်အန္တရာယ်၊ ပြိုကွဲပျက်စီးမည့် အခြေအနေများသို့ အကြိမ်ကြိမ် ရောက်ခဲ့ဖူးပြီး ဖြစ်သဖြင့် အမျိုးသားရေးကို အစဉ်ဦးထိပ်ထားသော တပ်မတော်ကပင် အကြိမ်တိုင်း၌ ကယ်တင်ခဲ့သည်။
အမျိုးသားနိုင်ငံရေးဟူသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော လောကီကောင်းကျိုးသုခ အဖြာဖြာတို့ကို ဖော်ဆောင်ပေးနိုင်သည့် နိုင်ငံ့အရေးအရာပင် ဖြစ်သည်။ ပါတီနိုင်ငံရေးဟူသည် ပါတီအင်အားတောင့်တင်းရေး၊ နိုင်ငံ့အာဏာရရှိရေး၊ အာဏာတည်မြဲရေး တို့အတွက် ဦးစားပေးခြင်းဖြစ်ရာ အမျိုးသားနိုင်ငံရေး လမ်းကြောင်းမှ သွေဖည်မူများ၊ အမျိုးသားရေး အကျိုးစီးပွားကို လျစ်လျူရှု၍ ပါတီအကျိုး၊ ကိုယ်ကျိုးစီးပွားကို ဦးစားပေးမှုများ ပေါ်ပေါက်လာလေ့ရှိသည်။ နိုင်ငံရေးအင်အားစုများကြား ကွဲလွဲမှု၊ အားပြိုင်မှု၊ တရားသေဖက် တွယ်ထားသော အယူဝါဒပဋိပက္ခများကြောင့် ပါတီနိုင်ငံရေး၏ အနိဋ္ဌာရုံအာဏာလုပွဲများ ဖြစ်ပေါ်ကာ အမျိုးသားစည်းလုံး ညီညွတ်မှု ပျက်ပြယ်သွားလေ့ရှိသည်။
ထိုကဲ့သို့ အမျိုးသားနိုင်ငံရေး လမ်းကြောင်းမှ မသွေဖည်စေဘဲ အမျိုးသားအကျိုးစီးပွားကို မထိပါးရအောင် မျက်ခြည်မပြတ်ထိန်းသိမ်း စောင့်ရှောက်ပေးနေသည်မှာ အမျိုးသားနိုင်ငံရေး အင်အားစုကြီး တစ်ရပ်ဖြစ်သော တပ်မတော်ပင်ဖြစ်ကြောင်း မည်သူမျှမငြင်းဆိုနိုင်ပါ။ အလားတူစွာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက်လည်း အစဉ်တစိုက် ဦးတည်ကြိုးပမ်း နေသည်မှာ တပ်မတော်ပင် ဖြစ်ကြောင်း စိုးစဉ်းမျှသံသယဖြစ်ဖွယ်မရှိချေ။
မကြာမီ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့သို့ ရောက်ရှိမည်ဖြစ်ပေရာ ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များကို ဖော်ပြထားရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး ဟူသော ဦးတည်ချက်ပါရှိသည်။ ဤသည်မှာ တပ်မတော်၏ အဓိကအမျိုးသားနိုင်ငံရေးတာဝန်ဖြစ်ပေရာ တပ်မတော်နှင့် ပြည်သူညီတူ လက်တွဲဆောင်ရွက်ရန် ဖြစ်သည်။
နိုင်ငံတော်၏အတိတ်နှင့် ပစ္စုပ္ပန်ကာလဖြစ်ရပ်များကို လေ့လာဆန်းစစ် သင်ခန်းစာ ရယူလျက် အနာဂတ်အရေးကို ကြိုတင်မြော်တွေး ပြင်ဆင်ကြမည် ဆိုပါလျှင် မြန်မာ့နိုင်ငံရေး ကဏ္ဍ၌ အမျိုးသားနိုင်ငံရေး အစဉ်အလာ ကြီးမားသော တပ်မတော်သည် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့် အညီကျေပွန်စွာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းဖြင့် မြန်မာ့ရှေ့ရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စိတ်အေးကြဖွယ်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
လင်းအရုဏ်ဉီး(ပဲခူး)