သူ့ချည်းသာလော . . . ဆားနှင့်ပါဘုရား

ရာဇဝင်တွင်   စကားအရာလိမ္မာကျွမ်းကျင်ပြီး  ရှင်ဘုရင်ကိုပင် အနိုင်ယူ ပြီးပြောနိုင်သည့် အမတ်ကြီး ဦးပေါ်ဦး ရှိခဲ့ဖူးသည်။ တစ်နေ့တွင် ရှင်ဘုရင်က လောကတွင် အဆိမ့်ဆုံးအရသာသည်.. အဘယ်နည်းဟု}} အမေးတော်ရှိသည်။ အမတ်ကြီးဦးပေါ်ဦးက ဖွတ်ဥ ပါဘုရားဟု လျှောက်တင်လိုက်သည်။ ထို့နောက် ညီလာခံစဲခဲ့သည်။  တစ်နှစ်ခန့်ကြာမှ ညီလာခံတွင် ဘုရင်မင်းမြတ်က အမတ်ကြီး ဦးပေါ်ဦးကို ရုတ်တရက် (ရှေ့ကပြောခဲ့ ဖူးသည်ကို အစမဖော်ဘဲ) အမတ်ကြီး...သူ့ချည်းသာလော... ဟုမေးသည်။ ဉာဏ်ထက်လှသော  အမတ်ကြီး ဦးပေါ်ဦးက “ဆားနှင့်ပါဘုရား” ဟု ဖြေသည်။ ဖွတ်ဥသည် ဆိမ့်သည်။ စားကောင်းသည်ဟု ဆိုသော်လည်း ဆားမပါလျှင် အရသာမပြည့်စုံ။ ဤသည်မှာ ရာဇဝင်တွင်သော စကားတစ်ခွန်းဖြစ်ပြီး ဆား၏ အရေးပါပုံကိုလည်း ဖော်ပြသည်။

အိမ်သုံးဆားကို ဈေးပေါသည်ဟူ၍ အထင်မသေးနှင့်။ အငန်အရသာသည် လူတို့၏ သက်စောင့်ဓာတ်တစ်ပါး ဖြစ်သည့် အပြင်သုံးတတ်လျှင် ရောဂါဘယများစွာ ပျောက်ကင်းစေနိုင်သော  ဆေးဖက်ဝင် အာနိသင်များစွာရှိသည်။ ဆားကို အသုံးပြုသည့် အိမ်သုံးဆေးနည်းတို(ဆေးမြီးတို) များစွာရှိသည်။

စာရေးသူငယ်စဉ်က ညဘက်လသာသာ တွင် သူငယ်ချင်းများနှင့် ပြေးတန်းလိုက် တန်းဆော့သည်။ အခန့်မသင့်၍ ကစားဖော်တစ်ဦး၏ဦးခေါင်းနှင့် မျက်နှာချင်းဆိုင်တိုက်မိသည်။ သူက အရပ်နိမ့်သဖြင့် သူ၏ဦးခေါင်းနှင့် စာရေးသူ၏ ညာဘက် မျက်လုံးမှာ  ကွက်တိကျအောင်  တိုက်မိသည်။ မျက်စိတွင် ပြာပြီးလဲကျသွားသည်။ အိမ်ပြန်ရောက်သောအခါ စာရေးသူ၏ မျက်လုံးအိမ်နှင့် မျက်ခွံပါဖူးရောင်နေသည်။ စာရေးသူ၏အဖွားသည် နံနက်လင်းသည် အထိမစောင့် ချက်ချင်းပင် မီးဖိုပြီး ရေနွေး အိုးကို   ဆူအောင်တည်သည်။  ဆားကို အဝတ်ပါးဖြင့် ထုပ်ပြီး ကြပ်ထုပ်ပြုလုပ်သည်။

နှစ်ထုပ်ပြုလုပ်ထားသည်။ ရေနွေးအိုးပေါ်တွင်တင်ပြီး  အပူငွေ့ခံသည်။  တစ်ထုပ်အေးလျှင် တစ်ထုပ်ထိုးနိုင်အောင် နှစ်ထုပ် ပြုလုပ်ခြင်းဖြစ်သည်။

စာရေးသူ၏ ဖူးရောင်နေသော မျက်ခုံးနှင့်   မျက်လုံးပေါ်တွင်   အိမ်တွင်ရှိသာ နှမ်းဆီကို ကြေးဇွန်းတွင်ထည့် မီးအပူပေးပြီး လိမ်းသည်။ ဆားကြပ်ထုပ်ကို ခံနိုင် ရည်ရှိသမျှ   ပူပူနွေးနွေးလေးကပ်ကာ ထိုးပေးသည်။ တစ်နေ့လျှင် သုံးကြိမ်ခန့် ဆားကြပ်ထုပ်ထိုးပေးခြင်းဖြင့် အရောင်ကျ သက်သာသွားသည်ကို    မှတ်မိနေပါသည်။

ဆားကိုအသုံးပြုသည့် မြန်မာ့ရိုးရာ ကုထုံးအများအပြားရှိရာ ဆားကြပ်ထုပ် ထိုးခြင်းသည်လည်း ထိခိုက်ဒဏ်ရာများနှင့် အရိုး၊ အကြော၊ အဆစ်များရောင်ခြင်း၊ တင်းခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်။ ကြပ်ထုပ်ပြုလုပ်နည်းများစွာရှိသည်။ ချင်း၊ မိဿလင်၊ ကြောင်ပန်းရွက်၊ တမာရွက်၊ လင်းနေ၊ သက်ရင်းကြီး၊ မြေစာမြက် စသည်..  ကြပ်ထုပ်ပြုလုပ်နိုင်သည်။ ဆေးဖက်ဝင်အရွက်၊ အမြစ်များစွာရှိသော် လည်း အလွယ်ကူဆုံးနှင့် အခြေခံအကျဆုံးမှာ ဆားကြပ်ထုပ်ဖြစ်သည်။

ဆားကြပ်ထုပ်ပြုလုပ်ရသည်မှာ အလွန် ပင်လွယ်ကူသည်။ အခြားကြပ်ထုပ်လုပ်နည်း များကဲ့သို့ ဆေးဖက်ဝင်အပင်အရွက်များ ရှာနေရန်မလို.. အိမ်တိုင်း၏ မီးဖိုချောင်တွင် ဆားရှိသည်။ ဆားနုဖြစ်စေ၊ ဆားကြမ်းဖြစ်စေ အကြမ်းပန်းကန်တစ်လုံးစာခန့်ကို အဝတ်၊ ပိတ်စ သို့မဟုတ် ပုဆိုးဟောင်းဖြင့် အထုပ်ပြုလုပ်ရုံသာဖြစ်သည်။ အထုပ်၏ အရွယ်မှာ လက်သီးဆုပ်ခန့်ရှိလျှင် ပို၍ ကောင်းသည်။

ဆားကြပ်ထုပ်သည် ထိခိုက်ဒဏ်ရာကြောင့် ရောင်ခြင်း၊  နာခြင်းအတွက်  အလွန်ပင် အစွမ်းထက်ပါသည်။ နွားကန်ခံရသဖြင့် ခါးနာသော ဘကြီးတစ်ဦးမှာ သက်ရင်းကြီးရွက်ကို ဆားနှင့်ရောထောင်း ကြပ်ထုပ်ပြုလုပ်ပြီး ရေနွေးငွေ့ဖြင့်အပူပေးကာ ကြပ်ထုပ်ထိုးသဖြင့် သက်သာပျောက်ကင်းသည်ကိုလည်း တွေ့ရဖူးပါသည်။ အလွန်ဒဏ်ကြေသော ဆားကြပ်ထုပ်ဖြစ်ပါသည်။ ရေနွေးငွေ့ ခံရာတွင် ဆူပွက်အောင် တည်ထားသော ရေနွေးငွေ့ကို ဒန်အိုးအဖုံးတွင် အပေါက်ငယ်လေးများ ဖောက်၍ အငွေ့ထွက်အောင် ပြုလုပ်လျှင် ပိုကောင်းသည်။ အချို့ထမင်း ပေါင်းအိုးများတွင် ရေနွေးငွေ့ဖြင့် ထမင်းကို ပြန်နွှေးရန်အတွက် ဆန်ခါပါသည်။ ဆားကြပ် ထုပ်ထိုးရာတွင် မလောင်စေရန် အပူငွေ့ကို ချိန်ဆပြီး ထိုးပေးသင့်သည်။ အရမ်းပူလွန်းလျှင် အသားလောင်နိုင်သည်ကို သတိပြုရမည်။

ဆားဖြင့် ထူးခြားသောရောဂါ ပျောက်ကင်းမှုများ

စာရေးသူ၏မိတ်ဆွေ  အသက် ၅၀ကျော်  အရာရှိကြီးတစ်ဦးသည် အသက်အရွယ်နှင့်မလိုက်အောင် ထိပ်ပြောင်ပြီး ခေါင်းချွေးလည်း အထွက်များသည်။ အထူး သဖြင့် ပူအိုက်သောရာသီတွင် ခေါင်းချွေး များစီးကျပြီး လက်ကိုင်ပဝါတစ်ထည်ဖြင့် အမြဲသုတ်နေရသည်။ အဲယားကွန်းဖွင့်ထားသော အခန်းတွင်သာ နေရတာအဆင်ပြေသည်။ အေးလွန်း၍ ခေါင်းချွေးခြောက်သွားလျှင်လည်း  နှာစေးသောရောဂါကို ခံစားရလေ့ရှိသည်။

ထိုခေါင်းချွေးထွက်သော မိတ်ဆွေနှင့် တစ်လောကတွေ့သောအခါ သူ၏ခေါင်း ချွေးထွက်ရောဂါနှင့် နှာစေးရောဂါ သက်သာပျောက်ကင်းနေသည်ကို တွေ့ရှိရသည်။ သူ၏ပြောပြချက်အရ မြန်မာဆရာကြီး တစ်ဦး၏ လမ်းညွှန်မှုဖြင့် ညစဉ်အိပ်ရာမဝင်မီ ခြေဖဝါးကိုဆားပွတ်ပြီး အတော်အသင့်   ပူလာသောအခါ  ဒူးအထက် ပေါင်လယ်ခန့်မှအောက်သို့ ရေလောင်း ခြေဆေးပြီးမှ အိပ်ရာဝင်သည်။ ရေကိုလည်း ရေအေးအသုံးပြုပြီး ဖလားဖြင့် ၁၀ ခွက်ခန့်လောင်းဆေးသည်။ ထိုသို့ဆေးပြီး တစ်ပတ်ခန့်ကြာသည့်အချိန်မှစ၍ ခေါင်း ချွေးထွက်ခြင်း သက်သာလာသည်ဟု ဆိုသည်။

ထိုသူတွင် ဆားပွတ်ရေလောင်းခါစက နံနက်အိပ်ရာထလျှင် မျက်ဝတ်များ ထွက်ပြီး မျက်စိကြည့်မကောင်းသလို ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် မျက်ဝတ်မထွက်တော့ဘဲ မျက်စိအမြင်ကြည်လင်ပြီး ပို၍ပင် ကြည့်ကောင်းလာသည်။ တစ်လခန့်ကြာသောအခါ   ခေါင်းချွေးထွက်ခြင်း လုံးဝမရှိတော့ဘဲ ခေါင်းချွေးဖြင့် အအေးပတ်၍ နှာစေးသော ရောဂါပါ ပျောက်ကင်းသွားသည်ဟု ကိုယ်တွေ့ဖြစ်ရပ်ကို ပြောပြပါသည်။   

ခြေဖဝါးဆားပွတ်ခြင်းနည်းဖြင့် အပူပုပ်ခိုးများ အောက်သို့ဆွဲချသောနည်းရှိသကဲ့သို့ ဆားနင်းခြင်းဖြင့်လည်း မျက်စိနှင့်ဦးနှောက်အတွင်းသို့ တက်သော အပူအပုပ်အခိုးများကို ဆွဲယူသောနည်းလည်းရှိသည်။ ဆားနင်း ခြင်းသည်လည်း ရေရှည်လုပ်လျှင်ထိရောက်သော ကျန်းမာရေးနည်းလမ်းကောင်းဖြစ်သည်။

ပင်လယ်ပြင်မှရေကို လယ်ကွက်ကဲ့သို့ ပြန့်ပြူးသောမြေပြင်သို့ သွင်းယူပြီးနောက် နေလှန်းသောအခါ  အပူရှိန်ပြင်းသဖြင့် ရေများအငွေ့ပြန်သွားသည်။ ဆားတို့သည် ကျန်နေခဲ့သည်။ ထိုသဘာဝနေလှန်းဆားမှာ  အဖြူရောင်မဟုတ်၊  ညိုညစ်ညစ်အရောင်ဖြစ်သည်။   သဘာဝဆားကို ချွတ်ဆေးသုံးပြီး ချွတ်လိုက်သောအခါမှသာ ဖြူဖွေးသောဆားကိုရရှိသည်။ တကယ်တမ်းဆေးအဖြစ် အသုံးပြုမည်ဆိုလျှင် ချွတ်ဆေးမသုံးသော  သဘာဝဆားမှာ ပို၍ ဆေးဖက်ဝင်မည်ဖြစ်သည်။

ဆားသည် အပုပ်အစပ်မှန်သမျှ စုဝေးသော ချောင်းမြောင်းတို့မှလာသော်လည်း အပုပ်အစပ်တို့ကို ပြန်လည် ထိန်းချုပ်ရာတွင် အရေးပါသောပစ္စည်းဖြစ်သည်။ ငါး၊ ပုစွန် စသည်များပုပ်သိုးပြီး အနံ့ဆိုးမထွက်စေရန်၊ အကောင်မပျက်စေရန် စီမံရာတွင် ဆားကို အသုံးပြုသည်။ ဆားသည် အပုပ်အခိုးမှန်သမျှကို  စုပ်ယူရုံသာမက ပျောက်ကွယ်သွားအောင် ချေဖျက်ပစ်နိုင်စွမ်းရှိသည်။

ရှေးကလူကြီးများသည် ဆားနှင့်သွား တိုက်ကြသည်။ ဆားက ပါးစပ်အတွင်းမှ အပုပ်အစပ်များကို  စုပ်ယူသွားသဖြင့် ပါးစပ်နံခြင်းကို ပျောက်ကင်းစေသည်။ ဆားရည်ဖြင့် ပလုတ်ကျင်းရုံဖြင့် သွားနာ၊ သွားဖုံးနာ၊ လည်ချောင်းနာ၊ အာခေါင်နာများ ပျောက်ကင်းစေနိုင်သည်ဟု ဆိုသည်။

ဆားရည်ကို   ပလုတ်ကျင်းရုံသာမက မျက်စဉ်းလည်းခတ်နိုင်သည်။ ဓာတုဗေဒဆေးရည်ဖြင့်ပြုလုပ်သော   မျက်စဉ်း အမျိုးမျိုးရှိသော်လည်း ဆားရည်သည် မျက်စိနာနှင့်သင့်သည်။ မတည့်၍ဘေးဒုက္ခပေးခြင်းမရှိပေ။  အဖျားနှင့်  ညောင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ကို  ဆားရည်မျက်စဉ်းခတ်ပေးလျှင် သက်သာသည်ဟု  ရှေးလူကြီးများက ယူဆကြသည်။

ဆားသည် ကြွက်သားများကိုလည်း အားကောင်းစေသည်။ ချွေးထွက်များလျှင် အားကစားသမားများ  ကြွက်တက်တတ်သည်။  ချွေးနှင့်အတူ  ဆားဓာတ်ပါသွားသဖြင့် ကြွက်တက်ရခြင်းဖြစ်သည်။ ကြွက်တက်သည်ကို ဆားရည်ဖျော်ပြီး ချက်ချင်း တိုက်ပေးခြင်းဖြင့်   ကြွက်တက်ခြင်းကို ပြေလျော့စေနိုင်သည်။ ဝမ်းသွားဖန်များလျှင် လည်း ရေဓာတ်သာမက ဆားဓာတ်ပိုဆုံး ရှုံးသွားသဖြင့်  ကြွက်တက်တတ်သည်။ ထို့ကြောင့် ဝမ်းသွားသူများကို အချိုရည်နှင့် ရော၍ဓာတ်ဆားရည်ကိုပါ သွင်းပေးရသည့် ကုထုံးရှိသည်။

အိမ်သုံးဆားဖြင့် ရောဂါပျောက်ကင်းနိုင်သော ဆေးနည်းတိုများ-

၁။ ကလေးများ ဥတုအကူးတွင် ချွဲပူထပြီး ချောင်းဆိုးရင်ကျပ်ရောဂါဖြစ်လျှင် အိမ်သုံးဆားကို ကွမ်းရွက်တွင် ကန်တော့ထိုး၍ အထုပ်ငယ်လေးများပြုလုပ်ကာ သံပြားပေါ်တွင်တင်၍ မီးအပူပေးပြာချပါ။ ထိုကွမ်းရွက်+ဆားပြာကို သံပရာရည်ဖြင့်ဖျော်၍  တိုက်ပေး၊  လျက်ပေးလျှင်ချောင်းဆိုး ရင်ကျပ်ရောဂါ ပျောက်ကင်းစေနိုင်သည်။

၂။ လူကြီးများ ရေချိုးမှား အပူငုပ်၍ ချောင်းဆိုးလျှင် အိမ်သုံးဆား ဟင်းစားဇွန်း တစ်ဇွန်းကို ဒယ်အိုးဖြင့် နီအောင်လှော် ပူနေတုန်း သံပရာသီးတစ်လုံးအရည်ညှစ်ချ ဖျော်ပြီးလျက်ပေးပါ။   အပူငုပ်အသံဝင် ချောင်းဆိုးပျောက်ကင်းနိုင်သည်။

၃။ ဥတုအကူးအပြောင်းတွင် လေတိုက် အခိုးငုပ်၍ ခန္ဓာကိုယ်အရေပြားတွင် မိတ်ကဲ့သို့ ယားဖုများထွက်လျှင် သနပ်ခါးအမြစ် ကို ဆားဖြင့်ရောသွေးလိမ်းခြင်းဖြင့်သက် သာစေနိုင်သည်။

၄။ မိတ်အိုင်းကဲ့သို့ ယားဖုကြီးများထွက်လျှင် ခရေပွင့်ခြောက်ကို ဆားအနည်းငယ်ဖြင့် သနပ်ခါးကျောက်ပျဉ်တွင် ရောသွေးလိမ်းလျှင် ပျောက်ကင်းနိုင်သည်။

၅။ သာမန်မျက်စိနာ မျက်စိနီရဲသူများ ဆားရည်ဖျော်၍ အရည်ကြည်ကို မျက်စဉ်း ခတ်ပေးလျှင် မျက်စိနာခြင်း၊ နီရဲခြင်း၊ မျက်သားယားခြင်း ပျောက်ကင်းနိုင်သည်။

၆။ ရုတ်တရက် ရေနွေးငွေ့ဟပ်မိလျှင် ဆီပူလောင်လျှင် ဆားလက်တစ်ဆုပ်ခန့်ကို ရေအေးတစ်ဖလားတွင်ဖျော်ပြီး စိမ်ပေးလျှင် အပူလောင်ဖုမထွက်ဘဲ ပျောက်ကင်းနိုင်သည်။

၇။ ဓာတ်ဆီ၊ ရေနံဆီ၊ ဓာတုပစ္စည်း တစ်မျိုးမျိုးပါးစပ်ထဲဝင်လျှင် ဆားရည်ဖျော်၍   မတ်ခွက်တစ်လုံးခန့်   သောက်ပြီး အာခေါင်သို့ လက်ထိုးအန်ပစ်လျှင် အဆိပ်သင့်ခြင်းမှသက်သာစေနိုင်သည်။

၈။ ခြေဖဝါးအသားမာနှင့် ကြွပ်တက်သော ယားနာများကိုရေမချိုးမီ မန်ကျည်းမှည့်နှင့်  ဆားရော၍  ပွတ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။

၉။ ပုရွက်ဆိတ်ကိုက်ခြင်း၊ ကြမ်းပိုးကိုက်ခြင်းကြောင့် အရေပြားတွင် အပိမ့်များထလျှင် ဆားနှင့်နနွင်းမှုန့်ကိုရော၍ ရေဖျော် လိမ်းပေးလျှင် သက်သာစေသည်။

၁၀။ လေထိုးလေအောင့်ဖြစ်လျှင် ဆားကိုလှော်ပြီး ရှောက်သီးအရည်ဖြင့် အကြမ်း ပန်းကန်တစ်လုံးစာ  တိုက်ပေးခြင်းဖြင့် ထိုးအောင့်ခြင်းမှ သက်သာစေနိုင်သည်။

၁၁။ ဖနောင့်အတက်ထွက်ခြင်း၊ ကျီးပေါင်းတက်ခြင်း၊ ဖနောင့်နာ၍ မထောက်နိုင်ခြင်းဖြစ်လျှင် ဆားကိုပုံပြီးနင်းပေးပါ။ ဖနောင့်တွင် ဆားကိုအဝတ်နှင့်ထုပ်ပြီး ညအိပ်ရာ ဝင်ချိန်စည်းထားပါ။   ။

ကြည်လွင်မြင့်(မုဒြာ)