စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၌ အကြမ်းသမားများက သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦးဒဏ်ရာရရှိ
နေပြည်တော်၊ ဇန်နဝါရီ ၂၆
အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်ကာ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမား များအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ်လျက်ရှိ သည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
ထိုကဲ့သို့ ဆရာ၊ ဆရာများနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ရာတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ပေကုန်းကျေးရွာနေ လက်ထောက်မြို့နယ်ပညာ ရေးမှူး ဦးဉာဏ်ဝင်း(၃၉)နှစ် (ဘ)ဦးမြင့်အောင်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် သေနတ်ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက်သူ အမျိုးသား ၆ ဦး ရောက်ရှိလာပြီး သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဦးဉာဏ်ဝင်းတွင် ဦးခေါင်းယာခြမ်းပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် နေအိမ် ခြံဝင်းအတွင်း ဆော့ကစားနေသည့် သားဖြစ်သူ မောင်ခန့်ဘုန်းပြည့်(၅)နှစ်တွင် ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာ ၁ ချက်၊ ယာရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ ကြပြီး သားဖြစ်သူ မောင်ဉာဏ်ဘုန်းပြည့်(၈)နှစ်တွင် ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် အပြစ်မဲ့ကလေးငယ်များအပေါ် ရက်စက်စွာ သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။