ပြည်နယ်နှင့်တိုင်းဒေသကြီး ပေါင်းစုံ အသက် ၁၈  နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်ကစား

ပြည်နယ်နှင့်တိုင်းဒေသကြီး ပေါင်းစုံ အသက် ၁၈  နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်ကစား

နေပြည်တော်   ဇန်နဝါရီ  ၂၆

မြန်မာ့အားကစား    အဆင့်အတန်း တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ပေါင်းစုံ အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့ နံနက် ၆ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ကျင်းပရာ    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် မီတာ(၅ဝဝဝ) (အမျိုးသမီး)  လမ်းလျှောက်၊ (အမျိုးသမီး) အလျားခုန်၊  (အမျိုးသား) သံလုံးပစ်၊ (အမျိုးသား) တုတ်ထောက်ခုန်၊ (အမျိုးသမီး) သံပြားဝိုင်းပစ်၊ (အမျိုးသား) အလျားခုန်၊ (အမျိုးသား၊ အမျိုးသမီး) မီတာ(၄ဝဝ)တန်းကျော်၊   (အမျိုးသား၊အမျိုးသမီး)မီတာ(၂ဝဝ)အပြေး၊  (အမျိုး သား၊ အမျိုးသမီး) မီတာ(၂ဝဝဝ) တားဆီးကျော်၊ (အမျိုးသား၊ အမျိုးသမီး) မီတာ(၄ဝဝx၄) လက်ဆင့်ကမ်း၊ (အမျိုးသား၊ အမျိုးသမီး) မီတာ(၈ဝဝ)အပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစား ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ  (အမျိုးသမီး)  သံပြားဝိုင်းပစ်ပြိုင်ပွဲတွင်   ပထမဆုရရှိသွားသော သွယ်ဇင်နိုး  (စစ်ကိုင်းတိုင်းဒေသကြီး)၊ ဒုတိယဆု ရရှိသွားသော  သွန်းနန္ဒာမြင့် (ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆု ရရှိသွားသော  အေးမြသွယ် (စစ်ကိုင်းတိုင်း ဒေသကြီး)တို့အား  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ (အမျိုးသား) သံလုံးပစ်ပြိုင်ပွဲတွင်   ပထမဆု ရရှိသွားသော ထက်လင်းဦး (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆု ရရှိသွားသော အောင်ရတနာ သီရိမောင်  (စစ်ကိုင်းတိုင်းဒေသကြီး)၊ တတိယဆု ရရှိသွားသော သန်းပြည့်ထက် (ဧရာဝတီတိုင်းဒေသကြီး)တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လည်းကောင်း၊ (အမျိုးသမီး)အလျားခုန် ပြိုင်ပွဲတွင် ပထမဆု ရရှိသွားသော ပိုးခတ္တာနိုင်(တနင်္သာရီတိုင်းဒေသကြီး)၊    ဒုတိယဆုရရှိသွားသော မြတ်နိုးသူ  (တနင်္သာရီတိုင်းဒေသကြီး)၊ တတိယဆုရရှိသွားသော အိအိဖြိုး(ဧရာဝတီတိုင်း ဒေသကြီး)တို့အား   အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးကျော်ဆန်းဦးက လည်းကောင်း၊ (အမျိုးသမီး) မီတာ (၅ဝဝဝ) လမ်းလျှောက်ပြိုင်ပွဲတွင် ပထမဆု ရရှိသွားသော ထက်ထက်ခိုင်(ရှမ်းပြည်နယ်)၊ ဒုတိယဆု ရရှိသွားသော ဇာခြည်သင်း(ရှမ်းပြည်နယ်)၊ တတိယဆု ရရှိသွားသော ဇင်ဝေလှိုင် (ပဲခူးတိုင်းဒေသကြီး)တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ထူးအောင်က လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

(အမျိုးသား)   အလျားခုန်ပြိုင်ပွဲတွင် ၂ဝ၁၄ ခုနှစ်တွင် ဖြိုးဝေထက် (စစ်ကိုင်းတိုင်း ဒေသကြီး)မှ စံချိန်တင်ထားသော (၆.၅ဝ)မီတာ စံချိန်ဟောင်းကို ဝင်းဇော်ထွန်း (တနင်္သာရီတိုင်းဒေသကြီး)က (၆.၅၆)မီတာဖြင့် စံချိန်သစ် တင်ခဲ့ကြောင်း သိရသည်။