ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများအား အကြမ်းဖက်သမားများက ရိုက်ခွဲဖျက်ဆီးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ခိုးယူခြင်းနှင့် ခြိမ်းခြောက်စာသား ရေးသားခြင်းများပြုလုပ်
နေပြည်တော် ဇန်နဝါရီ ၂၆
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန်အတွက် ပညာရည်မြင့်မားရေးမှာ အရေးအကြီးဆုံး ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် ပညာရေးကဏ္ဍ မြင့်မားတိုးတက်ရေး အတွက် အခြေခံ လိုအပ်ချက်များဖြစ်သည့် စာသင်ကျောင်းများ တည်ဆောက်ပြုပြင်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ဖြည့်တင်းပေးခြင်း၊ အရည်အချင်း ပြည့်ဝသည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အနာဂတ်မျိုးဆက်သစ်လူငယ်များ ကျောင်းနေပျော်ရေးနှင့် ပညာသင်ကြားရေးတွင် စိတ်ဝင်စားမှုရှိစေရေးတို့ အတွက် နိုင်ငံတော်အစိုးရ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများက ညီညွတ်မျှတစွာ ထိန်းမတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်အတွက် အရေးအကြီးဆုံး ဖြစ်သော ပညာရည်မြင့်မားရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေမှုအပေါ် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်သည့် CRPH ၊ NUGနှင့် PDF အကြမ်းဖက်သမားများသည် အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများအား ရက်စက်ယုတ်မာစွာ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် အပြင် ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံအဆောက်အဦများ ဖြစ်သည့် စာသင်ကျောင်းများနှင့် ပညာရေး အဆောက်အဦများအား ဖျက်ဆီးခြင်းများကို အသိတရားမဲ့စွာ လုပ်ဆောင်လျက် ရှိကြောင်း တွေ့ရှိရသည်။
ယင်းသို့လုပ်ဆောင်လျက် ရှိရာ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ဘစိုးလမ်းနှင့် ညောင်ဦးဖီး လမ်းထောင့်ရှိ အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်း အတွင်းရှိ ကျောင်းအုပ်ကြီးရုံးခန်း ပြတင်းပေါက်များအား အကြမ်းဖက်သမားများက ရိုက်ခွဲဖျက်ဆီး၍ ရုံးခန်းအတွင်းသို့ ဝင်ရောက်ကာ သင်ထောက်ကူပစ္စည်းများအား ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မွန်းလွဲ ၁ နာရီခန့်တွင် အမှတ်(၄)ရပ်ကွက်၊ အနော်ရထာလမ်း၊ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းအုပ်ကြီးရုံးခန်း ပြတင်းပေါက်များအား အကြမ်းဖက်သမားများက ရိုက်ခွဲဖျက်ဆီး၍ ရုံးခန်းအတွင်းသို့ဝင်ရောက်ကာ ခြိမ်းခြောက်စာ ရေးသားပြီး စာရွက်စာတမ်းများနှင့် ကျောင်းသုံးပရိဘောဂ ပစ္စည်းများအား ဖြန့်ကြဲဖျက်ဆီး ထားခဲ့ကြောင်း သိရှိရသည်။
အထက်ပါ စာသင်ကျောင်းများအတွင်းသို့ ဝင်ရောက်ဖျက်ဆီးခြင်း၊ ခိုးယူခြင်းနှင့် ခြိမ်းခြောက်စာ ရေးသားခဲ့သူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အမြန်ဆုံး ဖမ်းဆီးရမိရေးနှင့် တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။