မြန်မာနိုင်ငံတွင် လွှတ်တော် (၃)ရပ်လုံးအတွက် ပြောင်းလဲဆောင်ရွက်သင့်သော ရွေးကောက်ပွဲစနစ်

ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများတွင် ရွေးကောက်ပွဲတစ်ခု ကျင်းပရာ၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခုဖြစ်ရန် သာတူညီမျှ ယှဉ်ပြိုင်နိုင်သော ပတ်ဝန်းကျင် အခြေအနေကောင်းကို ဖန်တီးပေးရန်လိုသည်။ ထိုအခါ ရွေးကောက်ပွဲကိုမည်သည့် စနစ်ဖြင့်  ကျင်းပမည်ဆိုသည်က  အရေးပါသော ရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၏ ယုံကြည်စိတ်ချရခြင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခြင်း တို့သည် ရွေးကောက်ပွဲ တစ်ခု၏  ဂုဏ်သိက္ခာပင်ဖြစ်သည်။ ဂုဏ်သိက္ခာရှိ၍  အများယုံကြည် အားထားရသည့် အရည်အချင်းပြည့်မီသော ကိုယ်စားလှယ်လောင်းများကို ရွေးချယ်၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများကို   လုပ်ဆောင်ကြရသည်။ လွှတ်တော်ရွေးကောက်ပွဲများသည် နိုင်ငံ

တစ်ခုအတွက် အရေးအကြီးဆုံးဖြစ်သည့် အားလျော်စွာ နိုင်ငံတော်၏ကောင်းကျိုး၊ ဆိုးကျိုးများကို ဖော်ဆောင်ထင်ဟပ် လျက်ရှိပါသည်။  သို့ဖြစ်၍ နိုင်ငံများသည်  ပိုမိုကောင်းမွန်ပြည့်စုံသည့် ရွေးကောက်ပွဲ စနစ်များကို ပြုပြင်ပြောင်းလဲ ကျင့်သုံးလာကြသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံ ၁၉၃ နိုင်ငံတွင် အချိုးကျကိုယ်စားပြုစနစ် PRs ကို ၁၁၁ နိုင်ငံက ကျင့်သုံးပြီး ဗဟုစနစ် ကျင့်သုံးသည့်နိုင်ငံ ၇၄ နိုင်ငံနှင့် အခြားရွေးကောက်ပွဲစနစ် ကျင့်သုံးသည့်နိုင်ငံ  ရှစ်နိုင်ငံရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ နိုင်ငံတော်တော် များများတွင်   မဲများသူအနိုင်ရသည့် ရွေးကောက်ပွဲစနစ် Majority Vote တွင် အားနည်းချက်များ လေ့လာ တွေ့ရှိရသည့်အတွက် အချိုးကျကိုယ်စားပြုစနစ် PRs သို့ ပြောင်းလဲကျင့်သုံးလာခဲ့ကြသည်။

အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System)

အချိုးကျကိုယ်စားပြု စနစ်သည် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာ သတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်း ဖြစ်ပါသည်။  ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်းအလိုက် ရရှိသည့် ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးသည့်စနစ်ဖြစ်ပါသည်။ ယင်းစနစ်အရ  တစ်သီးပုဂ္ဂလ များလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ ရွေးကောက် တင်မြှောက်ခံနိုင်ပါသည်။ မဲဆန္ဒရှင် များအနေဖြင့် ၎င်းတို့ ဆန္ဒပြုထားသောမဲသည် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်ကြောင်း ယုံကြည်ပြီး   စိတ်အားထက်သန်စွာ မဲပေးခြင်းကြောင့်  အလဟဿဖြစ်သော  မဲအရေအတွက် နည်းပါးသွားမည်ဖြစ်ပါသည်။ မဲအလေအလွင့်ဖြစ်မှုလည်း   ပိုမိုနည်းပါးလာမည်ဖြစ်ပါသည်။ ထိုစနစ်ကြောင့် ပါတီများကို ပိုမိုတိကျစွာ ကိုယ်စားပြုနိုင်ခြင်း၊ ပါတီငယ်များနှင့် လူနည်းစုများကိုလည်း ကိုယ်စားပြုနိုင်ခြင်းနှင့် အများစုပါဝင်သည့် အုပ်ချုပ်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဥပဒေပြု အဖွဲ့များတွင်လည်း ပါတီများမှ ကိုယ်စားပြုမှုများ ပါဝင်လာမည်ဖြစ်သည်။

အချိုးကျ ကိုယ်စားပြုစနစ် များစွာရှိသည့်အနက် ထိုစနစ်ကိုကျင့်သုံးသော နိုင်ငံများတွင် ကျင့်သုံးသည့် ပုံစံကိုခွဲခြား ကြည့်ပါလျှင် အဓိကပုံစံ(၃)မျိုးခွဲခြားနိုင်ပါသည်။ ပါတီအမည်ကိုမူတည်ပြီး အချိုးကျ ရွေးချယ်သည့်စနစ် (Party List PR System-LPR) ပါတီ၊ အမတ်လောင်းတစ်ပါတည်း ရွေးချယ်သည့်  ပေါင်းစပ်ထားသည့် အချိုးကျကိုယ်စားပြုစနစ် (Mixed- Member Proportional System-MMP)နှင့် လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ် (Single Transferable Vote-STV)  တို့  ဖြစ်ပါသည်။ အချိုးကျကိုယ်စားပြု စနစ်တွင် အဓိကအသုံးပြုပုံစံ(၃) မျိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

အချိုးကျကိုယ်စားပြုစနစ်   (Proportional Representation)  အများအပြားရှိသည့်အနက် ပါတီအမည်ကို မူတည်ပြီး အချိုးကျကိုယ်စားပြုစနစ် (Party List PR) စနစ်တွင် စာရင်းပိတ် Closed List၊ စာရင်းဖွင့် Open List နှင့် စာရင်းလွတ် Free List ဟူ၍ ပုံစံ (၃) မျိုးရှိပါသည်။ စာရင်းပိတ် Closed List သည်  ပါတီကို ဆန္ဒပြုရမည့် ပုံစံဖြစ်ပြီး  ပါတီက ကိုယ်စားလှယ်လောင်းများ၏  အမည်စာရင်းကို ဦးစားပေးအစီအစဉ်အလိုက်  ပြုစုပေးရပါသည်။  မဲဆန္ဒရှင်အနေဖြင့်ကိုယ်စားလှယ်ကို ရွေးချယ်ခွင့်မရှိဘဲ    ပါတီက ပြုစုသော ကိုယ်စားလှယ် အစီအစဉ်ကို လက်ခံရမည်ဖြစ်သည်။ စာရင်းဖွင့် Open List သည် ပါတီတစ်ခုတည်းကိုသာ ရွေးချယ်ခြင်း မဟုတ်ဘဲ ကိုယ်စားလှယ်လောင်းကိုပါ ရွေးချယ်နိုင်ခွင့်ရှိပါသည်။ ပါတီမှ ရွေးချယ်ပေးထားသော ကိုယ်စားလှယ်လောင်းများကို ဦးစားပေး အစီအစဉ် တပ်ထားခြင်းမပြုဘဲ မဲဆန္ဒရှင်များက ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်ကို မဲပေးရွေးချယ်ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန်အတွက် လွယ်ကူရှင်းလင်းမှုအရ   စာရင်းပိတ် Closed List နှင့် စာရင်းဖွင့် Open List စနစ် နှစ်မျိုးအနက်မှ ရွေးချယ်စဉ်းစားဆောင်ရွက်သင့်ပါသည်။

https://www.myawady.net.mm/sites/default/files/27122z1.jpg

ပါတီအမည်ကိုမူတည်သည့်  အချိုးကျကိုယ်စားပြုစနစ် (Party List PRs)

ပါတီအမည်ကိုမူတည်ပြီး ရွေးချယ်သည့် အချိုးကျကိုယ်စားပြု စနစ်တွင် အဓိကအသုံးပြုလျက်ရှိသည့် စနစ် (၃) မျိုးမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

သတ်မှတ်အချိုးအစားအတိုင်း ကိုယ်စားလှယ်ရွေးချယ်သည့် စနစ်ပုံစံ ဖြစ်ပါသည်။

ယင်းအပြင်  ပါတီနှင့်အမတ်လောင်း တစ်ပါတည်းရွေးချယ်သည့် ပေါင်းစပ်ထားသည့် အချိုးကျ ကိုယ်စားပြု စနစ်ပုံစံ (Mixed - Member  Proportional  System-MMP) အသုံးပြုသော နိုင်ငံများရှိသည်။ အဆိုပါပုံစံတွင် မဲဆန္ဒရှင်များသည်  ပါတီအမည်ကို တစ်ကြိမ်နှင့် နှစ်သက်ရာ ကိုယ်စားလှယ်ကိုတစ်ကြိမ် ဆန္ဒမဲပေးသည့်ပုံစံ  သို့တည်းမဟုတ် နိုင်သူအကုန်ယူစနစ်  (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ်ပုံစံ တစ်မျိုးမျိုးကို အသုံးပြု၍ သတ်မှတ် အချိုးအစားအတိုင်း ကိုယ်စားလှယ်ရွေးချယ်သည့် စနစ်ပုံစံဖြစ်ပါသည်။ ယင်းအပြင် လွှဲပြောင်း၍ ရသော တစ်မဲတည်းပေး စနစ်ပုံစံ (Single Transferable   Vote-STV)  ကို အသုံးပြုသော နိုင်ငံများလည်းရှိသည်။ အဆိုပါ ပုံစံတွင်  မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်၏အဆင့်ကို  သတ်မှတ်ပေးပြီး ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ဦးစားပေး၍ ဆန္ဒမဲပေးရခြင်း ဖြစ်ပါသည်။ ပထမဦးစားပေး မဲဝေစုရရှိသည့် ကိုယ်စားလှယ်လောင်းသည် သတ်မှတ်မဲအရေအတွက် Threshold ထက်ပိုနေပါက ရွေးချယ်ခံရပြီး အဆိုပါ Threshold ထက်ပိုသော မဲများကို မိမိနှစ်သက်သည့် ကိုယ်စားလှယ်များထံ  ဖြန့်ဝေပေးနိုင်သော စနစ်ပုံစံဖြစ်ပါသည်။ အဆိုပါ MMP နှင့် STV ပုံစံနှစ်မျိုးသည် မဲဆန္ဒရှင်များ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပြည့်ဝမှုရှိမှသာ အသုံးပြုရန် သင့်လျော်မည်ဖြစ်ကြောင်း  လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံသား များ၏ စာတတ်မြောက်မှု အခြေအနေအရ ရှင်းလင်းလွယ်ကူသည့် ပါတီကိုသာ ရွေးချယ်ရသည့်စာရင်းပိတ် Closed List စနစ်ကို ရွေးချယ်ကျင့်သုံးနိုင်ရေး စဉ်းစားဆောင်ရွက်သင့်ပါသည်။

https://www.myawady.net.mm/sites/default/files/27122z2.jpg

မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးသင့်သည့် အချိုးကျကိုယ်စားပြုစနစ်(PRs)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးပါတီများနှင့် လေးကြိမ်တွေ့ဆုံ၍ ရွေးကောက်ပွဲ စနစ်များကို ပြန်လည်လေ့လာသုံးသပ်ပြီး လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲစနစ်များကို ဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် အချိုးကျကိုယ်စားပြုစနစ် (PRs) သို့ ပြောင်းလဲကျင့်သုံးသင့်ကြောင်း သဘောတူတင်ပြခဲ့ကြပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့အလိုက်  အသေးစိတ်ထပ်မံ ဆွေးနွေးခဲ့ကြပြီး မဲအများဆုံး ရသူအနိုင်ရသည့် (FPTP) စနစ်မှ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်(PRs)သို့ ပြောင်းလဲကျင့်သုံးရာတွင် Closed List PR ကို ကျင့်သုံးသင့်ကြောင်း  နိုင်ငံရေးပါတီများက  ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ မိမိတို့နိုင်ငံနှင့်   သင့်လျော် ကိုက်ညီသော Closed List စနစ်ကို  ကျင့်သုံးမည် ဆိုပါလျှင် (၂၀၁၅ ခုနှစ်   အထွေထွေရွေးကောက်ပွဲ   ရန်ကုန်တိုင်းဒေသကြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်ပါတီများ) မဲလက်မှတ်နမူနာပုံစံမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်၍  မဲပေးရာတွင်  ရှင်းလင်း လွယ်ကူပါမည်-

Closed List System ကို ကျင့်သုံးမည်ဆိုပါက ပါတီအလိုက် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ဦးစားပေးအစီအစဉ်အလိုက် ကော်မရှင်သို့ တင်ပြထားရမည်။ ပါတီများမှ ကိုယ်စားလှယ်လောင်း များ၏ ရုပ်ပုံများကို ဗီနိုင်းပိုစတာများဖြင့် မဲဆန္ဒနယ်မြေအတွင်း ဥပဒေများနှင့်အညီ ကပ်ထားနိုင်သည်။

Party List PR ( Closed List ) အရ ပါတီများမှ ကြိုတင် တင်ပြထားသည့် ကိုယ်စားလှယ်  ဦးစားပေး အစီအစဉ်အတိုင်း  Thershold  အရ  ရရှိမည့် ကိုယ်စားလှယ် အရေအတွက် သတ်မှတ်ခြင်း အကြံပြုချက်နမူနာ ( ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုနယ်မြေ) ပါတီအလိုက် အောက်ပါ ကိုယ်စားလှယ်များ ရွေးကောက်ခံရပါသည်-

(A)ပါတီ  လွှတ်တော်ကိုယ်စားလှယ်

      (၃) ဦး-  ဦးအေး၊ ဦးအောင်၊ ဦးမောင်

(B) ပါတီ  လွှတ်တော်ကိုယ်စားလှယ်

    (၂) ဦး-  ဦးတင်၊ ဦးမှန်

(D) ပါတီ  လွှတ်တော်ကိုယ်စားလှယ်

    (၂) ဦး-  ဦးမျိုး၊ ဦးတိုး

       တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်

    (၁)ဦး       -  ဦးဘ

https://www.myawady.net.mm/sites/default/files/27122a3.jpg

https://www.myawady.net.mm/sites/default/files/27122a1.jpg

https://www.myawady.net.mm/sites/default/files/27122a2.jpg

https://www.myawady.net.mm/sites/default/files/27122a3.jpg

 

 

PR စနစ်ကို ပြောင်းလဲကျင့်သုံးပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်  ညီညွတ်မှုရှိရန်  လိုအပ်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များကို ပြဋ္ဌာန်းထားရာ ရွေးကောက်ပွဲများ ကျင်းပခြင်း၊ ကြီးကြပ်ခြင်း၊ မဲဆန္ဒနယ်များသတ်မှတ်ခြင်း၊   ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီဆိုင်ရာ နည်းဥပဒေများကို ထုတ်ပြန်ခြင်းတို့သည် ရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်ရမည့်  တာဝန်များပင်ဖြစ်သည်။ ထို့ပြင်  ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်   ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်  အတည်ဖြစ်စေရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀၂ တွင် ပြဋ္ဌာန်းထားပါသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲစနစ်များ   ရွေးချယ်သတ်မှတ်ခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ ရွေးကောက်ပွဲ ကျင်းပခြင်း တို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်အရ ရွေးကောက်ပွဲကော်မရှင်ကို အာဏာအပ်နှင်းထားပြီး ဖြစ်ရာ  အချိုးကျ ကိုယ်စားပြုစနစ်  PRS ဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းကို  ရွေးကောက်ပွဲကော်မရှင်က  ဥပဒေနှင့်အညီ  ဆောင်ရွက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုမရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

အချိုးကျကိုယ်စားပြုစနစ် PRs ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၂၀၊ ပုဒ်မ ၁၂၁၊ ပုဒ်မ ၁၂၂၊ ပုဒ်မ ၁၅၂၊ ပုဒ်မ ၁၅၃၊ ပုဒ်မ ၁၆၉၊ ပုဒ်မ ၁၇၀ စသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းများ ပြောင်းလဲမှုမရှိဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ (က)အရ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

ပုဒ်မ ၃၆၉ (က) အရ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်လွှတ်တော်   တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၅ အောက်ဖော်ပြပါ  အရည်အချင်းတစ်ရပ်ရပ်နှင့်     ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်ကြသည်-

(က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏  တိုင်းရင်းသားမိဘ          နှစ်ပါးမှမွေးဖွားသူ၊

(ခ)     ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုသည့်နေ့တွင် ဥပဒေအရ   နိုင်ငံသားဖြစ်ပြီးသူ၊

          ဟု  ပြဋ္ဌာန်းထားသဖြင့် ဥပဒေပြဋ္ဌာန်းချက်ပါ  လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းနှင့် ညီညွတ်မှု မရှိသူများသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ပါ။ အချိုးကျကိုယ်စားပြု (Closed List) စနစ်ကြောင့် တိုင်းရင်းသားလူမျိုးစုပါတီများ ယင်းတို့ကိုထောက်ခံသည့် ဆန္ဒမဲများအရ  အချိုးအစားအလိုက် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရနိုင်သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လာနိုင်မည့် အကျိုးကျေးဇူး ရရှိမည်ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေ    ရွေးကောက်ပွဲများကို မဲအများဆုံးရသူ အနိုင်ရသည့် FPTP စနစ်ဖြင့် ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စုစုပေါင်း၏ထောက်ခံမဲ ၅၆ ဒသမ ၇ ရာခိုင်နှုန်းရရှိသောပါတီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ၇၈ ဒသမ ၅၈ ရာခိုင်နှုန်းရရှိခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စုစုပေါင်း၏ ထောက်ခံမဲ ၅၇ ဒသမ ၂ ရာခိုင်နှုန်း ရရှိသောပါတီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ၇၉ ရာခိုင်နှုန်းရရှိခဲ့သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီပေါင်း ၉၀ ကျော်အနက် ၂၃ ပါတီသာ လွှတ်တော်တွင် နေရာရရှိခဲ့ပြီး လွှတ်တော်အတွင်း တစ်ပါတီကြီးစိုးမှုများ ဖြစ်ခဲ့ရသည်။ ထိုအခါ လုပ်သင့်လုပ်ထိုက်သော  ဥပဒေပြုခြင်း၊ ဥပဒေများပြင်ဆင်ခြင်းနှင့်  နိုင်ငံ့အကျိုးရှေးရှုသော အဆိုများ တင်သွင်းခြင်းတို့တွင် မိမိတို့ပါတီ အသာစီး ရလိုမှုများကြောင့် လွှတ်တော်များအတွင်း ပွတ်တိုက်မှု များစွာ ဖြစ်ပွားခဲ့ပြီး တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးများ နစ်နာခဲ့ရသည်မှာ ငြင်းဆိုမရသည့် အကြောင်းတရားများဖြစ်ရာ သင်ခန်းစာယူရမည်ဖြစ်ပါသည်။

မည်သည့်ရွေးကောက်ပွဲစနစ်မျိုးတွင်မဆို ကျင့်သုံးဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များ ရှိကြစမြဲပင်ဖြစ်ပါသည်။ ယခုအချိန်ကာလသည် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်အခါပင် ဖြစ်ပါသည်။ တစ်မဲသာအနိုင်ရသည့်ရွေးကောက်ပွဲစနစ် (FPTP)ကြောင့် တစ်ပါတီအာဏာကြီးစိုးသည့်  လွှတ်တော် ကိုယ်စားလှယ်အများစုဖြင့် အစိုးရအဖွဲ့  ဖွဲ့စည်းခြင်း၊ အုပ်ချုပ်မှုနှင့် ဥပဒေပြုရေးကဏ္ဍများတွင်   တစ်ပါတီအာဏာရှင်ကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရများ မဟုတ်ခဲ့

ပေ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရမှာ   စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးပင်ဖြစ်သည်။  နိုင်ငံတော်ကို  ပြည်ထောင်စုစနစ်ဖြင့်    ဖွဲ့စည်းတည်ဆောက်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင်  တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက်နိုင်ရေးသည်    ၂၀၀၈    ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏  အနှစ်သာရများပင် ဖြစ်ပါသည်။  ၂၀၀၈ ခုနှစ်    ဖွဲ့စည်းပုံအခြေခံဥပဒေပါ  ပြဋ္ဌာန်းချက်များကို ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်  လွှတ်တော်(၃)ရပ်လုံးတွင် ရွေးကောက်ပွဲ စနစ်များကို ပြောင်းလဲဆောင်ရွက်သင့်ကြောင်း တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ စစ်မှန်၍စည်းကမ်း ပြည့်ဝသော   ပါတီစုံဒီမိုကရေစီစနစ်ကို     တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရလည်း ဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်ရေးအတွက် တိုင်းရင်းသားလူမျိုးစုပါတီများ ယင်းတို့ကို ထောက်ခံသော ဆန္ဒမဲများအရ အချိုးကျ ပါဝင်ခွင့် ရရှိနိုင်သည့် အချိုးကျကိုယ်စားပြုစနစ် PRs ကို  လာမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြောင်းလဲဆောင်ရွက်သင့်ပြီ ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။   ။