နွားနောက်မွေးမြူရေး

နွားနောက်နွားမျိုးများသည် အရှေ့တောင်အာရှဒေသတွင် ရှိသော အသားစားနွားမျိုးတစ်ခုဖြစ်သည်။ ပေ ၂၀၀၀ မှ ပေ ၉၀၀၀ ရှိသော တောင်တန်းဒေသတွင် သဘာဝအလျောက် ပေါက်ရောက်သော ချုံများ၊ သစ်ပင်များကို စားသောက်နေထိုင်ကျက်စားသော  နွားမျိုးဖြစ်သကဲ့သို့ မျိုးအောင်နှုန်းကောင်းသော နွားမျိုးတစ်ခုဖြစ်သည်။ နွားနောက်ကို ဒေသနွားမျိုးများဖြင့် သားတင်သားစပ်နိုင်သည်။ မွေးဖွားလာသော   ကပြားနွားထီးများသည် ဆက်လက်မျိုး မပွားနိုင်ဘဲ မြုံသွားကြသည်။ နွားနောက်အမများသည် များသောအားဖြင့် မြိုင်လာချိန်တွင်  လက္ခဏာမပြကြပါ။

မြိုင်ကာလမှာ ဒေသနွားများထက် ပိုမိုကြာသည်။ နွားနောက်၏အဓိကအားသာချက်မှာ သဘာဝအလျောက် ပေါက်ရောက်သော ချုံပင်များ၊ သစ်ပင်များကို စားသောက်ကြပြီး အစာကြမ်းဒဏ်ခံနိုင်ခြင်း၊ ရာသီဥတု ဒဏ်ခံနိုင်ခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ တောင်ပေါ်ဒေသများတွင် ကျက်စားနိုင်ခြင်း၊ ခန္ဓာကိုယ်ကြီးထွားခြင်း၊ အသားအရည်အသွေး ကောင်းမွန်ခြင်းတို့ကို ပိုင်ဆိုင်ထားသည်။

နွားနောက်များသည် လွန်ခဲ့သောနှစ်ပေါင်း ၈၀၀၀ ခန့်မှစတင်၍ ပေါ်ပေါက်ခဲ့ကြောင်း အထောက်အထားများအရ တွေ့ရှိရသည်။ (Genus = Bos Frontalis) မြန်မာနှင့် ဘူတန်နိုင်ငံတို့တွင် နွားနောက်ကို (မိုင်သွန်) MITHUN ဟုလည်းကောင်း၊ တရုတ်နိုင်ငံတွင် (ဒူလောင်း) DULONG ဟုလည်းကောင်း၊ အိန္ဒိယနိုင်ငံတွင် (ဂါရယ်) GAYAL ဟုလည်းကောင်း   ခေါ်တွင်ကြသည်။

နွားနောက်သည် အပူပိုင်းဒေသ အသားစားနွားမျိုးဖြစ်ပြီး တောင်ပေါ်ဒေသရှိ တောများတွင်  အုပ်စုလိုက် ကျက်စားလေ့ရှိသည်။

သဘာဝအလျောက် နွားနောက်ကောင်ရေ လျော့နည်းရခြင်း အကြောင်းရင်းမှာ နွားနောက်အထီး၏ အရည်အသွေး ညံ့ဖျင်းမှုကြောင့် သားအောင်နှုန်းကျဆင်းခြင်း၊ စားကျက်များလျော့နည်းလာခြင်း၊ နွားနောက်ငယ်များကို တောခွေးများမှ ကိုက်ဖြတ်စားသောက်ခြင်းတို့ကြောင့် ဖြစ်ရသည်။

နွားနောက် မွေးမြူရေးကို  စနစ်တကျ ထိန်းကျောင်းမွေးမြူခြင်းဖြင့် ကောင်ရေတိုးတက်အောင်   ဆောင်ရွက်လာကြသည်။

နွားနောက်များသည် တောင်ပေါ်ဒေသတောများတွင်  လှည့်လည်ကျက်စားနေသော နွားမျိုးဖြစ်သကဲ့သို့ တွေ့ရှိရသော နိုင်ငံများမှာ မြန်မာ၊ ဘူတန်၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့တွင် ရှိသော မိုးရွာသွန်းမှုများသော တောင်ပေါ်ဒေသများတွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၌  အများဆုံးတွေ့ရှိရသည်။ နွားနောက်၏ အရောင်မှာ အနက်ရောင်ရှိပြီး အများစုမှာ ခြေထောက်အောက်ပိုင်းတွင် အဖြူရောင်ရှိကြသည်။

စားသောက်မှုအလေ့အထမှာ ချုံနွယ်များ၊ သစ်ပင်များကို မော့၍ စားသောက်ခြင်း(Browsing) ဖြစ်ပြီး ကိုယ်အလေးချိန်မှာ 400 Kg မှ 600 Kg အထိရှိကြသည်။

ဆားကိုကျွေး၍ ယဉ်ပါးအောင် ဆောင်ရွက်နိုင်သကဲ့သို့ စားကျက်ရှားပါးလာချိန်တွင်  မြေပြင်မှပေါက်သော မြက်များကို(Graying) စားလေ့ရှိကြသည်။ အိန္ဒိယနိုင်ငံနှင့် ဘူတန်နိုင်ငံတို့တွင် နွားနောက် အထီးနှင့် ဒေသနွားမများ သားစပ်၍မွေးဖွားလာသော အထီးများကို ခိုင်းနွားအဖြစ်လည်းကောင်း၊ နွားမများကို ဒေသနို့စားနွားအဖြစ် လည်းကောင်း အသုံးပြုကြသည်။

https://www.myawady.net.mm/sites/default/files/27122u1.jpg

ဒေသခံတိုင်းရင်းသားများသည် ယနေ့အချိန်အခါတွင် နွားနောက်မွေးမြူရေးကို အောက်ပါအတိုင်း ဆောင်ရွက်ကြသည်-

          (က) သဘာဝအလျောက် တောတောင်ထဲတွင် လွှတ်ကျောင်း၍ မွေးမြူခြင်း။

          (ခ)     နေ့အခါတွင် တောထဲသို့ လွှတ်ကျောင်း၍ ညအချိန်တွင်ခြံတွင်းသို့  ပြန်လည်ထည့်သွင်းမွေးမြူခြင်း။

နွားနောက် သားဖောက်မွေးမြူရေး လုပ်ငန်းအနေနှင့်  အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်-

မှတ်ချက်။ ဆင်းသက်လာသောနွားမျိုးများသည် ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ ခန္ဓာကိုယ်ကြီးမားခြင်း၊ အစာကြမ်းဒဏ်ခံနိုင်ခြင်းတို့တွေ့ရှိရပါသည်။

သားစပ်နည်းများ

(၁)     သဘာဝလွှတ်ကျောင်းသားစပ်နည်း

(၂)     မေထုန်မဲ့သားစပ်နည်း

(၃)     သန္ဓေသားကူးပြောင်းမွေးမြူနည်းတို့ဖြင့် ဆောင်ရွက်နိုင်ပါသည်။

နွားနောက်နွားမများ၏ အရွယ်ရောက်ချိန်မှာ (၂၂ လမှ ၃၉ လ) ဖြစ်ပြီး ဇီးဆောင်ကာလမှာ ၂၉၆ ရက်ခန့်ရှိသည်။

နွားနောက်မျိုးများသည် မြန်မာနိုင်ငံအတွက် မြန်မာ့အသားစားနွားမျိုးတစ်ခုဖြစ်ပါသည်။

နွားနောက်မွေးမြူရေး   လုပ်ငန်း၏ အားသာချက်မှာ-

          (က)   ရောဂါဒဏ်ခံနိုင်ခြင်း

          (ခ)     ရာသီဥတုဒဏ်ခံနိုင်ခြင်း

          (ဂ)     အစာကြမ်းဒဏ်ခံနိုင်ခြင်း

          (ဃ) ခန္ဓာကိုယ်အရွယ်အစားကြီးမားခြင်း

          (င)     ကျွမ်းကျင်မှု နည်းပညာအကူအညီများဖြင့် မြန်မာနိုင်ငံ၏ နေရာဒေသမရွေး မွေးမြူနိုင်ခြင်း

          (စ)     နွားနောက်မျိုးကို အခြေခံသော နို့စားနွား၊ အသားစားနွားကို မွေးမြူထုတ်လုပ်နိုင်ခြင်း။

အားနည်းချက်များမှာ-

          (က)   မေထုန်မဲ့နည်းဖြင့် မွေးမြူထုတ်လုပ်ရန်အတွက်  ကျွမ်းကျင်မှုနှင့် နည်းပညာများလိုအပ်ခြင်း

          (ခ)     သန္ဓေသားကူးပြောင်း   မွေးမြူထုတ်လုပ်ရေးအတွက် အဆင့်မြင့်နည်းပညာများလိုအပ်ခြင်း

          (ဂ)     ဇီဝလုံခြုံမှုအဆင့်မြင့်သော ဓာတ်ခွဲခန်းများ ဆောင်ရွက်ရန် လိုအပ်ခြင်း။

နွားနောက်မွေးမြူရေး လုပ်ငန်းကို အခြေခံ၍ မြန်မာ့မူပိုင် နို့စားနွား၊ အသားစားနွားများ မွေးမြူထုတ်လုပ်ရေးအတွက် နွားနောက်မျိုးစစ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရန်အတွက်-

          (က)   နွားနောက်မျိုးနွားများကို ချင်းပြည်နယ်တွင် အဓိက ထုတ်လုပ်ဆောင်ရွက်နိုင်ပါသည်။

          (ခ)     F1 နွားနောက်   မျိုးများကို တောင်ပေါ်ကျေးလက်ဒေသတို့တွင် ထုတ်လုပ်ဆောင်ရွက်နိုင်ပါသည်။

          ( ဂ )   F1 နွားနောက်များကို အခြေခံ၍ အသားစားနွား၊ နို့စားနွားများကို မြန်မာနိုင်ငံ၏ ဒေသအားလုံးတွင် ထုတ်လုပ် ဆောင်ရွက်နိုင်ပါမည်။

သို့ဖြစ်ပါ၍   နွားနောက်မျိုးသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် သဘာဝမှ ပေးအပ်ထားသော ရတနာတစ်ပါး ဖြစ်ပါသောကြောင့် နွားနောက်မျိုးရင်းကို အခြေခံ၍ အသားစားနွား၊ နို့စားနွားများ ထုတ်လုပ်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ၊ အဆင့်မြင့် နည်းပညာများဖြင့် ပူးပေါင်းဆောင်ရွက်သွားပါလျှင် မြန်မာ့နွားမွေးမြူရေး ကဏ္ဍသစ်ကို ဖွင့်လှစ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။  ။