မြန်မာပြည်မှ ပြည်ပသို့ပို့ကုန်ပဲများတွင် မတ်ပဲသည် ဒုတိယမြောက် ဈေးအကောင်းဆုံးဖြစ်ပါသည်။ မတ်ပဲကို အများအားဖြင့် ဆောင်းဥတုတွင် စိုက်ပျိုးလေ့ရှိကြပြီး မြန်မာနိုင်ငံအချို့ဒေသများတွင် မိုးအခါတွင်လည်း စိုက်ပျိုးကြသည်။ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြကာ နိုင်ငံခြား ဈေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်ပါသည်။
မတ်ပဲထွက်ရှိရာ ဇာစ်မြစ်ဒေသမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက စိုက်ပျိုး လာခဲ့ကြသည့် ဒေသထွက်ကုန် ကောက်ပဲသီးနှံတစ်မျိုးဖြစ်ပါသည်။ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့၏ ဟင်းလျာများထဲတွင် မတ်ပဲက မပါမဖြစ် ဟင်းလျာတစ်ခွက်ဖြစ်ပြီး ၎င်းနိုင်ငံတို့၌ မတ်ပဲကို black beans, black matpe, Vigna mungo သို့မဟုတ် Urad whole black ဟူ၍ အမျိုးမျိုး ခေါ်ဝေါ်ကြသည်။
မတ်ပဲနှင့်ကျန်းမာရေး
မတ်ပဲတွင် ဗီတာမင်၊ ပရိုတင်း၊ သတ္တုဓာတ် စသည့် သက်စောင့်ဓာတ်များ အမြောက်အမြား ပါဝင်နေသောကြောင့် လူသားတို့ ကျန်းမာရေးအတွက် အရေးပါသော ပဲတစ်မျိုး ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံရှိ ဆေးသုတေသီများက ကောက်ပဲသီးနှံတစ်မျိုး ဖြစ်သည့်မတ်ပဲကို ဓာတ်ခွဲစမ်းသပ်ကြည့်ရာမှာ မတ်ပဲ၏ ကျန်းမာရေး အကျိုးကျေးဇူးများကို အောက်ပါအတိုင်း လေ့လာသိရှိခဲ့ကြကြောင်း မှတ်တမ်းတင်ထားပါသည်။
မတ်ပဲသည် သံဓာတ်ပြည့်ဝသော ကောက်ပဲသီးနှံ တစ်မျိုးဖြစ်၍ ခွန်အားကိုဖြစ်စေသည်။ အထူးသဖြင့် သံဓာတ်အားနည်း၍ ဓမ္မတာမမှန်သော အမျိုးသမီးများ မဖြစ်မနေစားပေးသင့်ပါသည်။
မတ်ပဲတွင် ကြေညက်လွယ်သော အမျှင်ဓာတ်နှင့်ကြေညက်ခဲသော အမျှင်ဓာတ်ဟူ၍ အမျှင်ဓာတ်နှစ်မျိုး ကြွယ်ဝစွာပါရှိနေကြပြီး ၎င်းအမျှင်ဓာတ်များက အစာခြေစနစ်ကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။
ဖောလစ်အက်စစ်နှင့် မဂ္ဂနီစီယမ်ဓာတ်တို့က နှလုံးသွေးကြောနံရံတွေမပျက်စီးအောင် ထိန်းသိမ်း ပေးပါသည်။ အထူးသဖြင့် မဂ္ဂနီစီယမ်ဓာတ်က နှလုံးသွေးများကောင်းစွာ လည်ပတ်စီးဆင်းနိုင်စေရန် အကူအညီပေးသည်။ မတ်ပဲတွင် ၎င်းဓာတ်များ ပါရှိနေကြသဖြင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်သည်။ ထို့ပြင် မတ်ပဲက ခန္ဓာကိုယ်ထဲရှိမကောင်းသော LDL ကိုလက်စထရောများကို ကျစေသည်။
မတ်ပဲကို ရေထဲမှာအချိန် ၆ နာရီကျော်စိမ်ပြီးနောက် ထောပတ်ဆီဖြင့်ကြော်စားပါ။ အမျိုးသား များအတွက် အရည်အသွေးပြည့်မီသော သုက်ထွက်အားကောင်းစေပါသည်။ ထို့ပြင် မတ်ပဲထောပတ်ကြော် စားပေးခြင်းဖြင့် နို့တိုက်မိခင်များအတွက် နို့ထွက်အားကောင်းစေသည်။
ကြွက်သားများကို ကောင်းစွာတည်ဆောက်ပေးနိုင်သည်။ ပရိုတင်းဓာတ်ရရှိရာ အရင်းအမြစ် ဖြစ်သည့် မတ်ပဲကိုစားသုံးပြီးနောက် ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားလာကာ ကြွက်သားတစ်ရှုးများကို ခွန်အားဖြစ်စေသည်။
မတ်ပဲက ဆီးချိုရောဂါအတွက် ဆေးကောင်းတစ်လက်ဖြစ်ပါသည်။ ထမင်းကဲ့သို့သော အစားအစာတို့ကို များများစားပြီးနောက် သွေးထဲက ဂလူးကို့စ်ပမာဏကို မတ်ပဲက ထိန်းညှိပေးနိုင်သည်။ ဆီးချိုရောဂါဖြစ်ခါစ လူနာများအနေဖြင့် မတ်ပဲဖြင့်လုပ်ထားသော ပဲပင်ပေါက်လက်တစ်ဆုပ်စာ ပမာဏကို ကြက်ဟင်းခါးသီး အနေတော် အရွယ်တစ်လုံးဖြင့် ကြိတ်၍ ဖျော်သောက်ပေးပါ။ ဤဆေးအား တစ်နေ့ တစ်ကြိမ်နှုန်းဖြင့် အချိန်ကာလ လေးလခန့်ကြာ ဇွဲရှိရှိ သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါကို အမြစ်ပြတ် စေနိုင်သည်။
မတ်ပဲက ဦးနှောက်ကိုအားဖြစ်စေသည်။ မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်ကယောင်ချောက်ချား ဖြစ်ခြင်း၊ သတိမေ့လျော့ခြင်းစသည့် အာရုံခံအင်္ဂါ အဖွဲ့အစည်း ပြဿနာများအတွက် မတ်ပဲက လွန်စွာ ကောင်းကျိုးပြုသည်။
အဆစ်အမျက် ရောင်ရမ်းခြင်းအတွက် မတ်ပဲများများစားပေးပါ။ မတ်ပဲမှ ထုတ်လုပ် ထွက်ရှိသောအဆီ (မတ်ပဲဆီ)ဖြင့် ခန္ဓာကိုယ်၏ ရောင်ရမ်းကိုက်ခဲသော နေရာများကို ပွတ်၍လိမ်းပေးခြင်းဖြင့် ဝေဒနာများ သက်သာပျောက်ကင်းစေနိုင်သည်။ (နောက်တစ်နည်း) မတ်ပဲကို ဆား၊ နှမ်းဆီတို့ဖြင့်ပြုတ်၍ ရလာသော ပြုတ်ရည်ဖြင့် နာကျင်ကိုက်ခဲသော အရိုးအဆစ်များကို လိမ်းပေးပါ။
မတ်ပဲက ကိုယ်ခံအားကောင်းစေသည်။ ဆေးသိပ္ပံနည်းအရ မတ်ပဲမှရရှိသောဓာတ်ပစ္စည်းများဖြင့် စမ်းသပ်ခန်းသုံး ကြွက်ဖြူများဖြင့် စမ်းသပ်ကြည့်ရာ ကြွက်ဖြူများ လန်းဆန်းတက်ကြွလာပြီး ကိုယ်ခံအား ကောင်းမွန်လာကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် အရွယ်သုံးပါးအားလုံး ကိုယ်ခံအားကောင်း စေရန်အတွက် မတ်ပဲကို စားသုံးပေးသင့်ပါသည်။
မတ်ပဲက အဆီကျ၍ ကိုယ်အလေးချိန်တိုးစေသည်။ ခန္ဓာကိုယ်ထဲမှာ အဆီပိုရှိသူများ မတ်ပဲများများ စားခြင်းဖြင့် အဆီကျစေသလို ခန္ဓာကိုယ်ကြံ့ခိုင်ပြီး ကိုယ်အလေးချိန် တက်လိုသူများ အနေဖြင့်လည်း မတ်ပဲကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ် စားပေးသင့်သည်။
မတ်ပဲက ခန္ဓာကိုယ်ထဲရှိ အက်စစ်ဓာတ်တွေကို လျှော့ချပေးနိုင်သည်။
မတ်ပဲက အရိုးအားကောင်းစေသည်။ မတ်ပဲတွင် သဘာဝအလျောက်ပါရှိသော ကယ်လ်စီယမ်၊ မီးစုန်း၊ မဂ္ဂနီစီယမ် စသည့် သတ္တုဓာတ်များက အရိုးကိုကျန်းမာကြံ့ခိုင်စေကာ အရိုးသိပ်သည်းဆကို ခိုင်မာစေပြီး အရိုးပျော့ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။
ကိုယ်ဝန်ဆောင် မိခင်လောင်းများအနေဖြင့် မတ်ပဲကိုဖြည့်စွက်စာအဖြစ် စားသုံးပေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် မတ်ပဲတွင် ကြွယ်ဝစွာ ပါရှိသော သံဓာတ်က ခန္ဓာကိုယ်ထဲ စီးဆင်းလည်ပတ်နေသော သွေးထဲရှိ အရေးပါသည့် ဟေမိုဂလိုဘင်ကို ဖြည့်စွက်ပေးနိုင်သည်။ ထို့ပြင် မတ်ပဲထဲမှာ သဘာဝအလျောက် ပြည့်ဝစွာပါရှိနေသော ဖောလစ်အက်စစ်ကလည်း ကိုယ်ဝန်ဆောင်မိခင်နှင့်သန္ဓေသားလောင်းတို့အတွက် သက်စောင့်ဓာတ်အဖြစ် အထောက်အပံ့ဖြစ်စေနိုင်သည်။ အဆိုပါ ဇီဝဖြစ်စဉ်က သားလျှော၊ သားပျက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
(သတိပြုရန်) မတ်ပဲနှင့်တင်လဲရည်၊ မတ်ပဲနှင့်မုန်လာဥတို့ကို ရော၍ မစားပါနှင့်။ ဘေးသင့်စေတတ်သည်။
မှတ်ချက်
မတ်ပဲအပါအဝင် မည်သည့်ပဲအမျိုးအစားကိုမဆို ရေခဲသေတ္တာထဲ သိမ်းထားဖို့ မလိုအပ်ပေ။ ပဲစေ့များကို ချက်ပြုတ်ပြီးနောက် စားမကုန်ပါက ပလတ်စတစ်ဘူး သို့မဟုတ် ဖန်ဘူးထဲသို့ အဖုံးလုံအောင်ပိတ်၍ ရေခဲသေတ္တာထဲမှာ လေးရက်ခန့်သိမ်းထားခြင်းဖြင့် ပဲ၏အရသာ ပျက်ပြယ်သွားခြင်း မဖြစ်နိုင်ပေ။ ။
ပေါက်ပေါက်