မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်နှင့် ချမ်းအေးသာစံမြို့နယ်ရှိ “ဝိန့်လီ” ရွှေဆိုင် တို့ကို သေနတ်များ ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းနှင့် ငွေများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများကို ဒုစရိုက်မှုမလိုလားသည့် ပြည်သူများ၏ ပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်နှင့် ချမ်းအေးသာစံမြို့နယ်ရှိ “ဝိန့်လီ” ရွှေဆိုင် တို့ကို သေနတ်များ ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းနှင့် ငွေများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများကို ဒုစရိုက်မှုမလိုလားသည့် ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၂၇
    
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်နှင့် ချမ်းအေးသာစံ မြို့နယ်ရှိ “ဝိန့်လီ” ရွှေဆိုင်တို့ကို သေနတ်များ ပစ်ခတ်ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများနှင့် ငွေများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများကို ဒုစရိုက်မှုမလိုလားသည့် ပြည်သူများ၏ ပူးပေါင်း ကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၆၂ လမ်းနှင့် ၁၃၄ လမ်းထောင့်၊ စက်မှု(၁) ဈေးတိုက်တန်း၊ အခန်းအမှတ်(D-3)ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက်သူ အမျိုးသား ၄ ဦး (စိစစ်ဆဲ) က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်း ဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်၍ ဆိုင်အတွင်းရှိ မှန်ဘီဒိုအား ရိုက်ခွဲကာ ဆွဲကြိုး ၃၀ ကုံး၊ လက်ကောက် ၃၄ ကွင်း၊ ဟန်းချိန်း ၁၂ ခု၊ ရွှေကလစ် ၁၇ ခု၊ နားကပ် ၅၂ ရံ၊ ပီချူးရုပ် ၁ ခု၊ စုစုပေါင်းရွှေ ၆၅ ကျပ်သား ၉ ပဲ ၄ ရွေး (ကာလတန်ဖိုး ၁၁၈၀ သိန်းခန့်)တို့အား လုယက်ယူဆောင်သွားသဖြင့် ရွှေထည်ပစ္စည်းများပါဆုံးသွားခဲ့ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ဖြူဖွေး(ခ)ဖြိုးသန္တာအောင်(၃၃)နှစ်တွင် ယာလက်မောင်း ကျည်ရှပ်ထိဒဏ်ရာ ၂ ချက် ရရှိခဲ့သဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့်လည်းကောင်း၊ 
    
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ လမ်း ၈၀၊ ၂၉လမ်းနှင့် ၃၀ လမ်းကြားတွင် ဖွင့်လှစ်ထားရှိသော “ဝိန့်လီ”ရွှေဆိုင်သို့ ဆိုင်ကယ် ၃ စီးဖြင့် အမျိုးသား  ၆ ဦး ရောက်ရှိလာပြီး ပစ္စတိုသေနတ် ၂ လက်ဖြင့် ၅ ချက် ပစ်ဖောက်၍ ရွှေဆိုင်ဝန်ထမ်းများနှင့် ဆိုင်အတွင်းရောက်ရှိနေသူများအား မှောက်ခိုင်းကာ ရွှေရောင်းချသည့် ကောင်တာ ၇ ခုအား ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ရွှေဆွဲကြိုး ၁၈၀ ကုံး၊ ရွှေလက်ကောက် ၆ ကွင်း၊ စိန်လက်ကောက် ၁၁ ကွင်း၊ ဟမ်ချိန်း ၅၄ ကွင်း၊ စိန်ဆွဲသီး ၅ ခု (ကာလတန်ဖိုး ၁၅၀၀၀ သိန်း)အား ယူဆောင်ပြီး ဆိုင်အတွင်းရွှေဝယ်ရန် ရောက်ရှိနေသူ အမျိုးသမီး ၁ ဦးအား သေနတ်ဖြင့် ချိန်းရွယ် ခြိမ်းခြောက်ကာ ငွေ ၁၀ သိန်းကျပ်အား လုယူကာ ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၈)မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။
    
ကျူးလွန်သူများအားဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးအတွက် အထူးအမှုစစ်အဖွဲ့များ ဖွဲ့စည်းကာ  စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ “ဝိန့်လီ” ရွှေဆိုင်အား ဝင်ရောက်ဓားပြတိုက်သူများနှင့် ဆက်စပ်သည့် မသင်္ကာဖွယ်အချက်အလက်များရရှိခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ (၈၆)လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်း ကြားရှိ မြောင်ပွဲရုံပိုင်ရှင် သိန်းနိုင်ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ သိန်းနိုင်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်း၏ ဇနီးဖြစ်သူ မစန်းစန်းဌေးအား စစ်ဆေးအတည်ပြုခဲ့ရာ သိန်းနိုင်ဦးသည် ညီဝမ်းကွဲတော်စပ်သူ  မောင်ဆန်(ခ)ဆန္ဒအောင်နှင့်အတူ ခရီးထွက်သွားကြောင်း သိရှိရသဖြင့်‌ မောင်ဆန် (ခ) ဆန္ဒအောင်ငှါးရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ မောင်ဆန်(ခ) ဆန္ဒအောင်သည် မိသားစုနှင့်အတူ တိမ်းရှောင်လျက်ရှိပြီး နေအိမ်အတွင်းမှ “ဝိန့်လီ”ရွှေဆိုင် ဓားပြတိုက်မှုကျူးလွန်စဉ် ဝတ်ဆင်ခဲ့သည့် အဝတ်အထည်များတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
    
အထူးအမှုစစ်အဖွဲ့သည် “ဝိန့်လီ”ရွှေဆိုင် ဓားပြတိုက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး တာဝန်သိပြည်သူများ၏  ပူးပေါင်းကူညီမှုနှင့်ရရှိသည့် သတင်းအချက်အလက်များအပေါ်အခြေခံကာ ကွင်းဆက်မပြတ် ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါ ဓားပြတိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီး မြောင် မြို့နယ်၌ ကွမ်းယာဆိုင်ဖွင့်လှစ်ရောင်းချနေသူ ကိုမျိုး(ခ)မျိုးလင်းနိုင်(သိန်းနိုင်ဦး၏ တပည့်ဖြစ်သူ)အား စစ်ကိုင်းမြို့၊ ကန်တလူစစ်ဆေးရေးဂိတ်၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးခဲ့ရာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်” ရွှေဆိုင်လုယက်မှုနှင့် ဒီဇင်ဘာလ ၁၈ ရက်နေ့ ချမ်းအေးသာစံမြို့နယ်၊ “ဝိန့်လီ” ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်စဉ်တို့တွင် ၎င်းကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့ကြောင်းနှင့် လုယက်မှုဖြစ်စဉ်များတွင် သိန်းနိုင်ဦး (ခ)မောင်သိန်း၊ မောင်ဆန်(ခ) ဆန္ဒအောင်၊ ထင်အောင်ကျော်၊ ဇော်ဇော်နိုင်၊ ဖြိုးမင်းနိုင်(ခ)ကိုဖြိုး၊ အငယ်လေး(ခ)အောင်ဖြိုးပိုင်၊ မောင်ဟိန်း(ခ)ဟိန်းကိုကို တို့(၇)ဦး ပါဝင်ကျူးလွန်ခဲ့ကြကြောင်း ဖော်ထုတ် သိရှိခဲ့ရပါသည်။

ဆက်လက်၍ အထူးအမှုစစ်အဖွဲ့သည့် ပြစ်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိရေးဆောင်ရွက် ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာနေ မောင်ဟိန်း (ခ) ဟိန်းကိုကို (၂၈)နှစ်အား ဆိုင်ကယ် ၁ စီးနှင့်အတူ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မဟာအောင်မြေမြို့နယ်ရှိ ၎င်း၏နေအိမ်၌ လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ လွပ်လပ်ရေးရပ်ကွက်၊ အမှတ်(၅၈၈)နေ ထင်အောင်ကျော် (၃၁)နှစ်အား ဆိုင်ကယ် ၁ စီး၊ ငွေကျပ် ၃၄၅,၀၀၀ ကျပ်၊ “ဝိန့်လီ”ရွှေဆိုင်ဓားပြတိုက်ရာမှ ရရှိခဲ့သည့် ရွှေဆွဲကြိုး ၂ ကုံးနှင့် လက်ကောက် ၃ ကွင်းအား အရည်ကြိုထားသည့် ရွှေတုံး ၃ တုံးနှင့်အတူ   ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၇ နာရီခွဲ အချိန်တွင် တောင်ကြီးမြို့တွင် လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မြောင်မြို့နယ်၊ မရိုးကုန်းကျေးရွာနေသူများဖြစ်သည့် ဇော်ဇော်နိုင်(၃၀)နှစ်နှင့် ဖြိုးမင်းနိုင်(ခ) ကိုဖြိုး (၂၂)နှစ်တို့အား “မောသစ်”ရွှေဆိုင်လုယက်စဉ်ရရှိခဲ့သည့် ရွှေဆွဲကြိုးအပြတ် ၁ ကုံး၊ “ဝိန့်လီ” ရွှေဆိုင် ဓားပြတိုက်စဉ်ကရရှိခဲ့သည့် ရွှေဆွဲကြိုး ၃ ကုံးတို့နှင့်အတူ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ဇော်ဇော်နိုင်၏ နေအိမ်တွင် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ အကြော်စုရပ်ကွက်၊ (၃၇)လမ်းနှင့် (၃၈)လမ်းကြား (၈၅)လမ်းနှင့် (၈၆)လမ်းကြားနေ သိန်းနိုင်ဦး(ခ)မောင်သိန်း(၃၈)နှစ်နှင့် ၎င်း၏တပည့်ဖြစ်သူ အောင်နိုင်မိုး(၂၅)နှစ်တို့အား ပစ္စတိုသေနတ် (၁)လက်၊ ၎င်းကျည် ၁၅ တောင့်၊ လက်ပစ်ဗုံး (၂)လုံး၊ တိုက်ရာပါရွှေထည်ပစ္စည်းများနှင့်အတူ စစ်ကိုင်း မြို့၊ အိုးဘိုရပ်ကွက်၌ ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ အလယ်ရပ်ကွက်နေ မောင်ဆန်(ခ) ဆန္ဒအောင်(၃၄)နှစ်၊ ဇနီးဖြစ်သူ မြတ်သူဇာ(၃၅)နှစ်နှင့် မြင်းမူမြို့နယ်၊ ကုလားတန်းရပ်ကွက်၊ မင်းရဲကျော်စွာရပ်နေ အောင်ဖြိုးပိုင်(ခ) အငယ်လေး(၂၃)နှစ်တို့ ၂ ဦးအား စစ်ကိုင်းမြို့၊ ဇေယျာတိုးချဲ့ရပ်ကွက်၌ ပစ္စတို သေနတ်(၁)လက်၊ ကျည်ဆံ(၅)တောင့််တို့နှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။ 
    
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ “မောသစ်”ရွှေဆိုင်အား လုယက်မှုကျူးလွန်ရာတွင် သိန်းနိုင်ဦး(ခ)မောင်သိန်းမှ ဦးဆောင်ကာ မောင်ဆန်(ခ)ဆန္ဒအောင်မှ(ဒုခေါင်းဆောင်) အဖြစ် လည်းကောင်း၊ ကိုမျိုး(ခ)မျိုးလင်းနိုင်၊ မောင်ဟိန်း(ခ) ဟိန်းကိုကို၊ ဖြိုးမင်းနိုင်(ခ)ကိုဖြိုးတို့မှ အဖွဲ့ဝင်များ အဖြစ်လည်းကောင်း ပူးပေါင်းပါဝင်၍ လည်းကောင်း၊
     
“ဝိန့်လီ”ရွှေဆိုင်ဓားပြမှုကျူးလွန်ခဲ့ရာတွင် သိန်းနိုင်ဦး(ခ)မောင်သိန်းမှ ဦးဆောင်ခဲ့ကာ မောင်ဆန် (ခ)ဆန္ဒအောင် (ဒုခေါင်းဆောင်)အဖြစ်လည်းကောင်း၊ ထင်အောင်ကျော်၊ ကိုမျိုး(ခ) မျိုးလင်းနိုင်၊ ဇော်ဇော်နိုင်(ခ)ငဇော်၊ ဖြိုးမင်းနိုင်(ခ)ကိုဖြိုး၊ အငယ်လေး(ခ)အောင်ဖြိုးပိုင်တို့က အဖွဲ့ဝင်များဖြစ် လည်းကောင်း ပူးပေါင်းပါဝင်၍ လည်းကောင်း ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူ မြတ်သူဇာနှင့် အောင်နိုင်မိုးတို့မှာ ဓားပြတိုက်/လုယက်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများထုခွဲရောင်းချရာတွင် ပါဝင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
    
ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူတရားခံ ၈ ဦး၊ ပူးပေါင်းပါဝင်သူ ၂ ဦး၊ စုစုပေါင်း တရားခံ ၁၀ ဦးနှင့် ၎င်းတို့ထံမှ ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည် ၂၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ရွှေထည်ပစ္စည်း စုစုပေါင်းအလေးချိန် ၂ ပိဿာ ၄၄ ကျပ်သားခန့်၊ ငွေသား ကျပ်သိန်း ၅၁၀၊ တိုက်ရာပါပစ္စည်းများအား ရောင်းချ၍ ဝယ်ယူထားသော လက်ကိုင်ဖုန်း ၅ လုံး၊ ဆိုင်ကယ် ၅ စီးတို့ကို ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ကာ ကျန်ရှိသည့် သက်သေခံပစ္စည်းများအား ဆက်လက်စစ်ဆေးဖော်ထုတ်သိမ်းဆည်း၍ ဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။