ရေဦးမြို့နယ်၌ ကလေးမွေးဖွားမည့်လူနာအား လိုက်ပါပို့ဆောင်သည့် လူမှုကူညီရေးယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦးသေဆုံး

ရေဦးမြို့နယ်၌ ကလေးမွေးဖွားမည့်လူနာအား လိုက်ပါပို့ဆောင်သည့် လူမှုကူညီရေးယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦးသေဆုံး

နေပြည်တော်၊ ဇန်နဝါရီလ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၌ ကလေးမွေးဖွားမည့်လူနာအား လိုက်ပါပို့ဆောင် သည့် လူမှုကူညီရေးယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး လူမှုကူညီရေးယာဉ် ထိခိုက်ပျက်စီးခဲ့ ကြောင်း  သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တန့်ဆည်မြို့၊ ဗိုလ်မြရပ်ကွက်နေ မအေးမာထွန်း(၂၃)နှစ် (ဘ)ဦးကျောက်လုံးသည် ၎င်း၏အစ်ကိုဖြစ်သူ ကိုရဲအောင်နှင့်အတူ ၎င်း၏ ဇနီး မသန်းသန်းအေး ကလေးမွေးဖွားရန်အတွက် ရေဦးမြို့ပြည်သူ့ဆေးရုံကြီးသို့ တန့်ဆည်မြို့ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ နံနက် ၅ နာရီခွဲအချိန် ရေဦးမြို့နယ်၊ ဆပ်သေ ကျေးရွာအနီးအရောက် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မအေးမာထွန်းတွင် နောက်ကျောမိုင်းစထိမှန် ဒဏ်ရာ၊ ယာခြေသလုံး မိုင်းစထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး လူနာတင်ယာဉ် မှာလည်း အနည်းငယ်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

ထိုကဲ့သို့ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများ၊ နိုင်ငံဝန်ထမ်းများအား ဖမ်းဆီးခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ် ခဲ့သည့်အပြင် ကျန်းမာရေးကိစ္စရပ်များအတွက် ကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေး ယာဉ်များပါ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့်ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်လာသည်ကို တွေ့ရှိရပြီး ထိုသို့ဆောင်ရွက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေလုံခြုံရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများအား တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။