နည်းပညာအသုံးပြု အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းများ

ပြည်ထောင်စုမြန်မာနိုင်ငံရှိ နိုင်ငံသားအများပြည်သူတို့အတွင်း ပဒေသရာဇ်စနစ်နှင့် ကိုလိုနီနယ်ချဲ့စနစ်၏ ဆိုးမွေတစ်ရပ်အဖြစ် လွတ်လပ်ရေးမရမီကာလတိုင်အောင် စာမတတ်သူဦးရေ ထုထည်ကြီးမားစွာ ရှိနေခဲ့ကြသည်။ ဤဆိုးမွေကြောင့်ပင်မြို့ပြဒေသများထက် ကျေးလက်ဒေသတို့၌ စာမတတ်သူဦးရေ ပိုမိုများပြားပြီး အမျိုးသားဦးရေနှင့် နှိုင်းယှဉ်ကြည့်ပါက အမျိုးသမီးဦးရေသည် ပိုမိုများပြားနေကြောင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွင်   လေ့လာသိရှိခဲ့ရပါသည်။

နိုင်ငံတစ်နိုင်ငံအတွင်း     စာမတတ်သူဦးရေ ထုထည်ကြီးမားစွာ ရှိနေခြင်းသည် ထိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို  များစွာ အဟန့်အတားဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ပင် ဖြစ်ကြောင်း    တွေ့ရှိရပါသည်။

ထိုသို့သော အကြောင်းကြောင့်လည်း အခြေခံပညာကို လူတိုင်းသင်ယူနိုင်ခွင့်ရရှိစေရမည် ဟူသော နိုင်ငံတော်၏ ပညာရေးမူဝါဒနှင့်အညီ အခြေခံပညာ၏ အရင်းခံပဓာနဖြစ်သော စာဖတ်တတ်မှု၊ စာရေးတတ်မှုနှင့် တွက်ချက်တတ်မှု (Reading, Writing and Arithmetic-3 Rs) ဟူသည့် အ သုံးလုံးကျေရေး သို့မဟုတ် အခြေခံစာတတ်မြောက်ရေးသည် နိုင်ငံသားတိုင်းအတွက်   အမျိုးသားရေးတာဝန် တစ်ရပ်ပင် ဖြစ်လာပေတော့သည်။

မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေး လှုပ်ရှားမှုများကို ပြန်ပြောင်းကြည့်မည်ဆိုပါက လွတ်လပ်ရေးပြီးစအခါက လူထုပညာရေးအက်ဥပဒေကိုပြဋ္ဌာန်းပြီး အ သုံးလုံးကျေသင်တန်းများ ဆောင်ရွက်ခဲ့ကြသည်။

၁၉၅၂ ခုနှစ်မှစ၍ ဘုန်းတော်ကြီးကျောင်းပညာရေး စီမံကိန်းကို ဖော်ဆောင်ပြီး အစိုးရ မူလတန်းကျောင်း မရှိသော ဒေသများတွင် ကလေးငယ်များ ကျောင်းနေနိုင်ရေးနှင့် အခြေခံ  စာတတ်မြောက်ရေးအတွက် ပံ့ပိုးမှုများ   ဆောင်ရွက်ခဲ့ကြသည်ကိုလည်း မြန်မာနိုင်ငံ  စာတတ်မြောက်ရေး မော်ကွန်းမှတ်တမ်းများအရ တွေ့ရှိခဲ့ရပါသည်။

အဆိုပါစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ၁၉၆၄ ခုနှစ်တွင်  မိတ္ထီလာခရိုင်  မိတ္ထီလာမြို့နယ် အရှေ့စံပြကျေးရွာ၌ နွေရာသီ အသုံးလုံး ကျေမျက်ဖွင့်သင်တန်းကို စေတနာ့ဝန်ထမ်း လုပ်အားပေးများဖြင့် ဖွင့်လှစ်ပို့ချခဲ့ကြမှုအပေါ်   စာတတ်မြောက်ရေးလုပ်ငန်း ဖော်ဆောင်မှု၏ ပဏာမ ရှေ့ပြေးဆောင်ရွက်မှု တစ်ရပ်အဖြစ် စံနမူနာ ပြုခဲ့ကြရသည်။

“ကိုလိုနီ ထိုစနစ်က ချန်ရစ်တဲ့ ဆိုးအမွေ ဒို့တစ်တွေ အကျေဆပ်စာတတ်ပြီလေး။” ဟူ၍     မိတ္ထီလာခရိုင်သားတို့၏ ကြွေးကြော်သံများဖြင့် သိုက်သိုက်ဝန်းဝန်း ဆောင်ရွက်ခဲ့ကြသလို ပြည်ခရိုင်အနေဖြင့်လည်း “တစ်အိမ်လုံး စာတတ်တစ်ရပ်လုံး ကူညီ တစ်ပြည်လုံး နိုးကြားဒို့အင် ဒို့အား ပြည်ထွန်းကား။” 

ဖို့ဟူသော လှုံ့ဆော်မှုများဖြင့် ဆော်သြဆောင်ရွက်ခဲ့ကြသည်မှာလည်း ကြည်နူးစရာများအဖြစ် သိရှိခဲ့ရပါသည်။ ထို့နောက် ၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ်အတွင်း သက်ကြီး စာမတတ်သူပပျောက်ရေးလုပ်ငန်း အ သုံးလုံးကျေ သင်တန်းများကို  စေတနာ့ဝန်ထမ်းများဖြင့်ပင် နိုင်ငံနှင့်အဝှမ်း စမ်းသပ်ဆောင်ရွက်ခဲ့ကြပြန်သည်။

ထိုသို့သောနမူနာကောင်းများကို အခြေခံပြီး နွေရာသီ အ သုံးလုံးသင်တန်းများ၊ နယ်စပ်ဒေသ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများနှင့် ပြည်နယ်လုံးကျွတ်၊ ခရိုင်လုံးကျွတ်    အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့်ကာ ဆက်လက်အကောင်အထည်ဖော်   ဆောင်ရွက်ခဲ့ကြသည်ကိုလည်း    တွေ့မြင်ခဲ့ရပါသည်။

ဤသို့ဆောင်ရွက်ခဲ့ကြရာတွင် စာမတတ်သူ(စာသင်သား)များ လေ့လာသင်ယူနိုင်ရေးအတွက် သက်ကြီး မြန်မာဖတ်စာ ဖတ်စာအုပ်များ အသုံးပြု၍ လည်းကောင်း၊ သက်ကြီးမြန်မာဖတ်စာကို အခြေပြုပြီး ဖြည့်စွက်ပြုစုထားသော အခြေခံစာတတ်မြောက်ရေး အခြေခံစာစဉ် အဆင့်(၁)၊အဆင့်(၂)နှင့်အဆင့်(၃)တို့ဖြင့် အသုံးပြု၍လည်းကောင်း အဆင့်ဆင့်ပြောင်းလဲပြင်ဆင်ကာ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း အထောက်အကူပြုသင်ခန်းစာ ဖတ်စာများအဖြစ် အသုံးပြုခဲ့ကြပါသည်။

ထိုမှတစ်ဆင့် ခေတ်ကာလပြောင်းလဲ လာသည်နှင့်အမျှ အဆိုပါ အခြေခံစာစဉ်များ အဆင့်(၁)၊ (၂)နှင့် (၃)တို့ကို ပေါင်းစည်းမွမ်းမံပြီး  အခြေခံစာတတ်မြောက်ရေး မြန်မာစာ စာစဉ် နှင့် အခြေခံသင်္ချာစာစဉ် အဖြစ် စာတတ်မြောက်ရေး စာစဉ်များကို ခွဲခြားပြုစုကာ ယနေ့ထက်တိုင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြု သင်ကြားပေးလျက်ရှိကြောင်း တွေ့ရှိရပေသည်။

မြန်မာစာသင်ပြမှုအတွက် စာဖတ်စာရေးကို မြန်မြန်နှင့်မြဲမြဲစွဲသွားအောင် သင်ယူနိုင်စေရန်နှင့် စာဖတ်စာရေးခြင်း အရေး၊ အဖတ် သင်ယူလေ့ကျင့်စဉ်၌ပင်အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတအတွေးအခေါ်တိုးပွားစေရန် ရည်ရွယ်သတ်မှတ်ပြီး ပြုစုထားခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အခြေခံစာစဉ်များပြုစုရာတွင် သင်စာပိုင်းနှင့် လုပ်ငန်းစာပိုင်း ဟူ၍ ကဏ္ဍခွဲခြားပြုစုထားသည်။ စာမတတ်ကြသူများဖြစ်သော်လည်း လက်တွေ့ဘဝတွင် ဂဏန်းသင်္ချာများကို အနည်းနှင့်အများ အသုံးပြုနေရသည့်အတွက် သင်ယူသူများ၏ စိတ်တွက် ဖြင့် တွက်ချက်မှုမှသည် ရေးတွက် လေ့ကျင့်တတ်ကျွမ်းမှုကိုပါ ကျွမ်းကျင်စေရန်အလို့ငှာ    ကိန်းရေးကိန်းဖတ် အရေး အဖတ် လေ့ကျင့်ခြင်း၊ ကိန်းစနစ်လေ့ကျင့်ခြင်းနှင့်    အခြေခံတွက်ချက်မှု  အတွက် များ ပါဝင်သော အခြေခံသင်္ချာစာစဉ် ကို  တစ်ပါတည်း သင်ယူစေခြင်းဖြစ်ပါသည်။    အဆိုပါစာစဉ်များအပြင် အခြေခံစာစဉ်များသင်နည်းလမ်းညွှန် စာအုပ်ကိုပါ ပြုစုထုတ်ဝေထားပြီး နည်းပြသင်တန်းပို့ချရာတွင် အသုံးပြုဆောင်ရွက်လျက်ရှိနေကြောင်း တွေ့ရှိရပါသည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင်  လုံးဝစာမတတ်သူများ နှင့်  အနည်းအကျဉ်း ရေးတတ်ဖတ်တတ်သူများ ဟူ၍ နှစ်မျိုးပိုင်းခြားနိုင်ပြီး ၎င်းတို့ကို အရေး အဖတ် အတွက် အချက် ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ အသက် ၁၅ နှစ်မှ ၄၅ နှစ်အရွယ်အထိ အသက်အရွယ် အပိုင်းအခြားတွင် လူငယ်လူလတ်ပိုင်းအရွယ်များ အပါအဝင် သက်ကြီးများကို အဓိက သင်ကြားပေး နေကြောင်းနှင့် ထိုသို့ကွဲပြားခြားနားသော သင်ယူသူများကို  စာဖတ်ဝိုင်း၊ စာသင်ဝိုင်းဖွဲ့ရာတွင် အခြေခံ သဘောသဘာဝတူရာ အုပ်စုခွဲ၍ သင်ပြခြင်းဖြင့် သင်ပြမှုပို၍ ထိရောက်နိုင်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။ လုံးဝစာမတတ်သေးသော သူများကို စာတတ်သွားစေရန်နှင့် အနည်းအကျဉ်း ရေးတတ်ဖတ်တတ်သူများကို   ပို၍တတ်မြောက်သွားစေရန်၊ ပို၍ကျွမ်းကျင်စေရန်ကူညီပံ့ပိုးသူ(သင်ပြသူဆရာ၊  ဆရာမများ)က ကူညီလမ်းညွှန်သင်ကြားပေးရန်ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် သင်ယူသူများသည် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ၃ နာရီနှုန်းဖြင့် ရက်ပေါင်း ၄၀ အတွင်း၊ အနည်းဆုံးစာသင်ချိန် နာရီပေါင်း ၁၂၀ ခန့်မျှ မဖြစ်မနေသင်ယူရမည် ဖြစ်ပေသည်။ ထိုသို့သင်ယူရာတွင်   သာမန်ဉာဏ်ရည်ရှိသူဆိုပါက အဆိုပါ နာရီပေါင်း ၁၂၀ ခန့်တွင်မြန်မာစာ အရေးအဖတ်နှင့် အခြေခံသင်္ချာ အတွက်အချက်တို့ကို သင်ယူတတ်မြောက်နိုင်သည့် သာဓကများ ရှိခဲ့သော်လည်း စာကိုစွဲစွဲမြဲမြဲဖတ်တတ်စေရန်နှင့် ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်စေရန်၊ တွက်ချက်တတ်စေရန်အလို့ငှာ ပိုမိုအချိန်ယူသင်ကြားစေသင့်သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

သို့ရာတွင် ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါပိုးကူးစက်ခံရမှုများ စတင်တွေ့ရှိ လာခဲ့ရာမှ လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်လာခဲ့ကြသော အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းသည် ယခင်ကလို   မြို့ပြကျေးလက်ဒေသများသို့ ကွင်းဆင်းသွားရောက်ကာ သင်ကြားသူများနှင့် သင်ယူသူများအကြား လက်ပွန်းတတီးဖြင့် နီးနီးကပ်ကပ် သင်ကြားပို့ချခြင်းများ မဖြစ်နိုင်တော့ဘဲ   တစ်ဦးနှင့် တစ်ဦးကြားသတ်မှတ်အကွာအဝေးတစ်ခုမှ တွေ့ဆုံဆက်ဆံရသည့် အခြေအနေသို့ ဆိုက်ရောက် လာခဲ့ပေတော့သည်။ ယခုအခါ ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း ၁ ဒသမ ၅၃ ရာခိုင်နှုန်းအထိ   လျော့ကျ လာသည်ကိုတော့ မြင်တွေ့နေကြရပြီ ဖြစ်သော်ငြားလည်း ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများအရ ဆက်လက်ကျင့်သုံးရန် လိုအပ်နေဆဲဖြစ်ပါသည်။

ယခုလို    ကမ္ဘာ့ကပ်ဘေးကြုံနေစဉ်ကာလနှင့် ကပ်ဘေးအလွန်ကာလများတွင် ပြည်သူ့အကျိုးပြု လုပ်ငန်း တစ်ခုဖြစ်သော အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို ပြန်လည်အသက်သွင်း လုပ်ဆောင်နိုင်ရန် အတွက် နည်းပညာအကူအညီရယူလျက် Online အသုံးပြုသင်ကြားသင်ယူမှုများကို    ပိုမိုထိရောက်လာစေရန် အလို့ငှာ လက်ရှိအသုံးပြု သင်ကြားနေသော အခြေခံစာတတ်မြောက်ရေး မြန်မာစာနှင့် အခြေခံသင်္ချာဖတ် စာအုပ်ပါ သင်ခန်းစာများကို ရုပ်မြင်သံကြားသင်ခန်းစာများအဖြစ်လည်းကောင်း၊ You Tube, Website များတွင် သင်ခန်းစာ (Video Clip)များအား လွှင့်တင်ခြင်းဖြင့် လည်းကောင်း အသွင်သစ် ဖန်တီးကာ     ရိုက်ကူးထုတ်လုပ်ခြင်းများကို သတ်မှတ် အသုံးပြုလျက်ရှိသော သင်ကြားရေးနည်းစနစ် (Teaching Methodology) များနှင့်အညီ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက စမ်းသပ် ဆောင်ရွက်နေကြပြီ ဖြစ်ပေသည်။

ထိုသို့စမ်းသပ်ရိုက်ကူးပြီး ဖြစ်သော အခြေခံစာတတ်မြောက်ရေး မြန်မာစာနှင့် အခြေခံသင်္ချာ သင်ခန်းစာ အပိုင်းများကို ပညာရေးဝန်ကြီးဌာန မြန်မာ့ပညာရေးရုပ်သံလိုင်း (Myanmar Education Channel ) အစီအစဉ်များတွင် ထုတ်လွှင့်ပြသခြင်းဖြင့် လည်းကောင်း၊ You Tube Channel မှ DAE-Myanmar School Education Lessons (https://www. youtube.com/DAE- Myanmar School Education Lessons) တွင် ဖော်ပြပေးထားခြင်းဖြင့် လည်းကောင်း သင်ယူလေ့လာနိုင်မှု အခွင့်အလမ်းသစ်များ ဖန်တီး လုပ်ဆောင်နေကြပြီလည်း ဖြစ်ပေသည်။

အဆိုပါသင်ခန်းစာများကို ရုပ်သံလိုင်းများက ထုတ်လွှင့်ပြသရုံမျှမက့သက You Tube Channel တွင်ပါ အချိန်မရွေး ဝင်ရောက် လေ့လာနိုင်မည် ဖြစ်သည့်အတွက် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းတွင် ပါဝင်လုပ်အားပေး ဆောင်ရွက်ကြမည့် Facilitators (ကူညီပံ့ပိုးသူ ဆရာ၊ ဆရာမများ) အနေဖြင့်လည်း သင်ကြားမှု အထောက်အကူပြု သင်ခန်းစာများကို ကိုယ်တိုင်လေ့လာပြီး ပြန်လည် အသုံးချနိုင်မည် ဖြစ်ပေရာ မိမိတို့မျှော်မှန်းထားသည့် ရပ်ရွာလူထုအခြေပြု စာတတ်မြောက်ရေး (Community-Based Literacy)၊ လုပ်ငန်းခွင်အခြေပြုစာတတ်မြောက်ရေး (Factory-Based Literacy) နှင့်မိသားစု အခြေပြု စာတတ်မြောက်ရေး  (Family-Based Literacy)  ပုံစံများအသုံးပြု၍    မိမိတို့အသိုက်အဝန်းအတွင်း ကိုယ်ထူကိုယ်ထ သင်ယူနိုင်ကြတော့မည် ဖြစ်ပေသည်။

ယခင်က မျက်နှာချင်းဆိုင် (Face-to-Face) တွေ့ဆုံသင်ကြားခြင်းမှသည် ယခုလို Online နည်းပညာ အသုံးပြု သင်ကြားပေးခြင်းဖြင့် သင်ယူသူများသည် အသက်အရွယ်မရွေး မိမိတို့ အဆင်ပြေမည့် မည်သည့်နေရာတွင်မဆို၊ မည်သည့် အချိန်တွင်မဆို လေ့လာသင်ယူနိုင်ကြမည်ဖြစ်ပေရာ  ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု အန္တရာယ်မှလည်း ကာကွယ်ရာရောက်သလို အချို့သော စာမတတ်သူများအနေဖြင့် မိမိအလိုဆန္ဒအရ ကိုယ်တိုင်လေ့လာ ခြင်းအားဖြင့် ရပ်ရွာအတွင်းနှင့်မိတ်ဆွေများအချင်းချင်း အခြားသူများက မိမိအား စာမတတ်သူအဖြစ် ထင်မြင်ခံရခြင်းမှလည်း အထိုက်အလျောက် အကာအကွယ်ရရှိနိုင်ခြင်းတို့ကြောင့် များစွာ ထိရောက် အကျိုးများမည်ဟု ယုံကြည်မိပေသည်။

သို့ပါ၍ စာမတတ်သူများအနေဖြင့် ယခင်ကလို   အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို  မိမိတို့ဒေသသို့ ကွင်းဆင်း အကောင်အထည်ဖော်ဆောင်ချိန်   ကြုံကြိုက်မှ သာသင်ယူခွင့်ရခြင်း မဟုတ်တော့ဘဲ မိမိအိမ်တွင်ပင် အချိန်မရွေး သင်ယူလာနိုင်ကြတော့မည် ဖြစ်ပေသည်။ အလားတူပင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းသုံး  မြန်မာစာနှင့် အခြေခံသင်္ချာစာစဉ်များ၊ အခြေခံစာစဉ်များ သင်ပြနည်းစာအုပ်များကိုလည်း သင်ခန်းစာ ဠငိနသ များတွင်ဖော်ပြပါရှိသော လိပ်စာဖုန်းနံပါတ်များသို့ ဆက်သွယ်၍ လွယ်ကူစွာ တောင်းခံရရှိနိုင်မည်ဖြစ်ရာ Video မှလည်းကောင်း၊ Myanmar Education Channel မှလည်းကောင်း ထုတ်လွှင့်မည့် သင်ကြားရေး အထောက်အကူပြု Video Clip များနှင့် ဆက်စပ်၍ ရပ်ရွာလူထုအတွင်း၊ လုပ်ငန်းခွင်အတွင်းနှင့် မိသားစုအတွင်း လွယ်ကူစွာသင်ကြား သင်ယူမှု ဆောင်ရွက်နိုင်မည့် အခြေအနေကောင်းတစ်ရပ်အဖြစ်  ဖန်တီးထားကြောင်း တွေ့ရှိရမည် ဖြစ်ပေသည်။

အဆိုပါ မြန်မာစာနှင့် အခြေခံသင်္ချာစာစဉ်များဖြင့်   သတ်မှတ်ထားသော အရေး အဖတ် အတွက်အချက် ဆိုင်ရာစံနှုန်းများ သင်ယူတတ်မြောက်သွားပါက စဉ်ဆက်ပညာရေး အစီအစဉ်(Continuing Education-CE)အရ စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ် (Post Literacy Programme)ကို မဖြစ်မနေ ဆက်လက်သင်ယူရမည် ဖြစ်သည့်အပြင် ဝင်ငွေတိုးပွားရေးအစီအစဉ် (Income Generation Program)(၁)၊ (၂) နှင့် ဘဝသာယာရေး အစီအစဉ် (Quality of Life Improvement Programme) (၁)၊ (၂)တို့ကို ဆက်လက်သင်ယူရန် လိုအပ်မည် ဖြစ်ပါသည်။ သို့ပါ၍ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းအစီအစဉ်များကို နည်းပညာ အကူအညီ ရယူလျက် Online အသုံးပြုသင်ကြားနည်း စနစ်များကို ဆောင်ရွက်ခြင်းဖြင့် အကြောင်းအမျိုးမျိုးကြောင့်   ကျောင်းနေနိုင်ခြင်း မရှိခဲ့၍ စာတတ်မြောက်ခြင်း  မရှိခဲ့ကြသူများ၊ ကျောင်းနေခဲ့ဖူးသော်လည်း ကျောင်းထွက် စောခဲ့ရ၍  စာရေးစာဖတ် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ခြင်း မရှိခဲ့ကြသူများနှင့် လုံးဝစာမတတ်သူများ  ဧကန်

အမှန်ပပျောက်လျက် မိသားစုအကျိုး၊ ရပ်ရွာအကျိုးနှင့် နိုင်ငံ့အကျိုးကို ပို၍ပို၍ ဆောင်ရွက်နိုင်ကြမည်ဟု    ယုံကြည်မျှော်လင့်မိ ပါကြောင်း ရေးသား ဖော်ပြအပ်ပါသည်။   ။

သူရိန်