အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘုရားကြီး အား အဘိဓဇဂုဏ ပူဇာသဘင်နှင့် မော်ကျွန်းဆရာတော်၏ သက်တော်(၅၈)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာပြုလုပ်

အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘုရားကြီး အား အဘိဓဇဂုဏ ပူဇာသဘင်နှင့် မော်ကျွန်းဆရာတော်၏ သက်တော်(၅၈)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ကြီး၏ ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် မြတ်ကြီး၏ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ တိလောက ဘိဝံသ အား အဘိဓဇဂုဏ ပူဇာသဘင်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂၆)ရပ်ကွက်ရှိ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်၏ ပဓာနနာယက၊ မော်ကျွန်း ဆရာတော် သုတဗုဒ္ဓ တိပဋက ပါဠိပါရဂူ ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍဂါရိက ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ၏ သက်တော်(၅၈)နှစ်ပြည့် ဝိဇာတ မွေးနေ့မင်္ဂလာနှင့် သက်ကြီးပူဇော်ပွဲကို ယနေ့ညနေပိုင်းတွင် ပိဋကတ်သုံးပုံနိကာယ် စာသင်တိုက်၌ပြုလုပ်ရာ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးထံမှ ဩဝါဒါနှင့် အနုမောဒနာတရားတို့ကို နာယူတော်မူကြပြီး ဆရာတော်ထံသို့ ပညာပူဇာ-ဓမ္မပူဇာ-ဂုဏပူဇာ နဝကမ္မဝတ္ထုငွေများ ဆက်ကပ် လှူဒါန်း၍ အခမ်းအနား ကို ဗုဒ္ဓသာသနံစိရံတိဋ္ဌသတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။
ဆက်လက်၍ မော်ကျွန်းဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ၏ သက်တော် (၅၈)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ဆက်လက် ပြုလုပ်ရာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မော်ကျွန်းဆရာ တော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သာသနာရေးဆိုင်ရာများ လျှောက် ထားပြီး ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌသတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။