တာဝန်ရှိသူများအားမချေမငံပြောဆိုဆက်ဆံသူအား အမှုဖွင့်အရေးယူ

မိုးကောင်း၊ ရမ်းကားမှု

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ထိုပူးကျေးရွာ၌ စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခွဲတွင် ဖားကန့်မှပြန်လာသူအား Quarantine ဝင်ရောက်ရန် သွားရောက် ပြောဆိုရာ တာဝန်ရှိသူများကို မချေမငံပြောဆိုဆက်ဆံခဲ့သူအား ဥပဒေအရ အမှုဖွင့်အရေး ယူထား ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ကုဋေမှော်၌ ရေမဆေးကျောက်သွားရောက် ရှာဖွေပြီး မိုးကောင်းမြို့နယ် ထိုပူးကျေးရွာသို့ပြန်လည်ရောက်ရှိလာသည့် မောင်ပိုင်ချစ်ကိုနှင့် မောင်သိန်းကျော်နိုင် (ခ)မောင်နှောင်းတို့နှစ်ဦးသည် ထိုပူးကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)ရှိ ကျေးရွာအခြေပြုသွားလာစောင့်ကြည့် ကန့်သတ်စင်တာသို့ Quarantine ဝင်ရောက်ရန် ရောက်ရှိခဲ့ပြီးနောက် မိနစ် ၂၀ ခန့်အကြာတွင် မောင်ပိုင်ချစ်ကို၏ ဖခင်ဖြစ်သူ ဦးကျော်ဦးသည် Quarantine Center သို့ရောက်ရှိလာကာ ကျေးရွာအုပ်ချုပ်ရေးမှူး   ဦးမိုးအောင်၊ ကျေးရွာကျန်းမာရေးဝန်ထမ်း ဒေါ်ယဉ်ဝေခိုင်(ကြီးကြပ်-၂)နှင့် သားဖွားဆရာမ ဒေါ်တင်ဇာလင်းတို့အား မချေမငံပြောဆို ဆက်ဆံဟန့်တားပြီး ၎င်း၏သားဖြစ်သူ မောင်ပိုင် ချစ်ကိုနှင့် တူဖြစ်သူ မောင်သိန်းကျော်နိုင်(ခ)မောင်နှောင်းတို့နှစ်ဦးအား Quarantine မဝင်ရန် ပြောဆို၍ ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။

ယင်းနောက် မိုးကောင်းမြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ အတွင်းရေးမှူး မိုးကောင်းမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးချမ်းငြိမ်းသူ၊ အဖွဲ့ဝင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကောင်းမြတ်စံနှင့် အဖွဲ့ဝင် မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှစိုးတို့က ထိုပူးကျေးရွာရှိ ဦးကျော်ဦး၏ နေအိမ်သို့  သွားရောက်၍ Quarantine ဝင်ရောက်ရန် ပြောဆိုရာဦးကျော်ဦးက တာဝန်ရှိသူများအား မချေမငံပြောဆိုဆက်ဆံခြင်းများ  ပြုလုပ်ခဲ့သဖြင့် ဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့် အဖွဲ့အစည်းက  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ် ဆောင်ရွက်နေသည်ကို နှောင့်ယှက်/ဟန့်တားခြင်းများပြုလုပ်ခဲ့သူ ကျော်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် (ပ) ၆၇/၂၀၂၀၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။                        

 (၄၀၃)