ရှမ်းယူနိုက်တက်အသင်း ချန်ပီယံဆုကာကွယ်နိုင်ရေး ဧရာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်မည့်ပွဲ၌ အမှတ်ပြည့်ရယူရန် ပြင်ဆင်ထား

ရန်ကုန်၊ ဘောလုံး

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ လက်ရှိချန်ပီယံ   ရှမ်းယူနိုက်တက်အသင်း အနေဖြင့် ချန်ပီယံဆု ကာကွယ်နိုင်ရေးအတွက် ဧရာဝတီယူနိုက် တက်အသင်းနှင့် ယှဉ်ပြိုင် မည့်ပွဲ၌ အမှတ် ပြည့်ရယူရန် ပြင်ဆင်ထားကြောင်း ရှမ်းယူနိုက်တက် အသင်းနည်းပြချုပ် ဦးအောင်နိုင် ကပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် ပွဲစဉ် (၁၈) အဖြစ် စက်တင်ဘာ ၂၄ ရက်တွင် သုဝဏ္ဏ အားကစားကွင်း၌ အမှတ်ပေးဇယား ထိပ်ဆုံးမှ ဧရာဝတီယူနိုက်တက်အသင်းနှင့် ရင်ဆိုင် ရမည်ဖြစ်သည်။

“လက်ရှိအချိန်မှာ ကျွန်တော်တို့ ချန်ပီယံဆုကာကွယ်ဖို့ လက်ကျန်ပွဲတွေမှာ အမှတ်ပြည့် ရအောင်ယူရပါမယ်။ အမှားအယွင်းမဖြစ်ဖို့ ဂရုစိုက်ယှဉ်ပြိုင်ရပါမယ်။ ပထမအကျော့တုန်းက ရမှတ်တွေ ဆုံးရှုံးထားပေမယ့် ဒုတိယအကျော့ ပြန်စချိန်မှာ ရှစ်ပွဲဆက်အနိုင်ရထားလို့ အသင်းကို အားဖြစ်စေပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ပြိုင်ဘက်အသင်းတွေ ခြေချော်ဖို့ထက် ကိုယ့်အသင်း အမှတ်ပြည့်ရဖို့နဲ့ ရလဒ်ကောင်းဖို့ပဲ အာရုံစိုက်ကြိုးစားပါမယ်။ လာမယ့် ဧရာဝတီ ယူနိုက်တက်အသင်းနဲ့ပွဲ အပါအဝင် ပွဲစဉ်တိုင်းကို ရလဒ်ကောင်းဖို့ ကြိုးစားပါမယ်” ဟု ဦးအောင်နိုင်ကပြော သည်။

ရှမ်းယူနိုက်တက်အသင်းသည် ပြန်လည်ကျင်းပသည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၌ ခြေစွမ်း ကောင်းပြသနေပြီး နောက်ဆုံးရှစ်ပွဲတွင် ရှစ်ပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်ထား နိုင်သည်။

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် (၁၇) အပြီးတွင် ရမှတ် ၃၅  မှတ်ဖြင့်  အမှတ်ပေးဇယား အဆင့် (၃) နေရာ၌ရပ်တည်နေပြီး အမှတ်ပေး ဇယားထိပ်ဆုံးမှ ဧရာဝတီယူနိုက်တက် အသင်းနှင့် လေးမှတ်သာကွာဟ၍ ချန်ပီယံဆုအတွက် ဖိအားပေး လျက်ရှိသည်။

ဧရာဝတီယူနိုက်တက်အသင်းသည်လည်း ပွဲစဉ် (၁၇) အပြီးတွင် ရမှတ် ၃၉ မှတ်ဖြင့်    အမှတ်ပေး ဇယားထိပ်ဆုံး၌ ဦးဆောင်နေပြီး ချန်ပီယံဆုရရှိရန် အခွင့်အလမ်းကောင်း ပိုင်ဆိုင်ထားသည်။ ယင်းနှစ်သင်းသည် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ တွေ့ဆုံ စဉ် ဧရာဝတီယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရ ရှိထားသည်။              

ကိုရဲ