ရန်ကုန်၊ ဘောလုံး
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည် လာမည့်နှစ်အတွင်း ယှဉ်ပြိုင်ရမည့် အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခု အကြိုပြင်ဆင်မှုအတွက် ပြည်တွင်းပြည်ပ ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရန်မရှိသော်လည်း ၂၀၂၁ ခုနှစ်တွင်ကျင်းပမည့် အာရှခြေစစ်ပွဲ၊ အာဆီယံပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)တို့ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်သည်။
ထို့ကြောင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို အသင်းလိုက် ပုံစံကောင်း ရရှိနိုင်ရေး ပြည်တွင်းပြည်ပခြေစမ်းပွဲများစွာ ကစားနိုင်ရန်စီစဉ် ထားခြင်းဖြစ်ကြောင်း သိရ သည်။
“လက်ရှိ COVID-19 ရောဂါအခြေ အနေကြောင့် လေ့ကျင့်မှုမစနိုင်သေးပါဘူး။ နှစ်ကုန်ပိုင်း လောက်ပြန်စနိုင်ဖို့ ခန့်မှန်းထားပါတယ်။ ဒီနှစ်ထဲ ပြိုင်ပွဲမရှိပေမယ့် လာမယ့်နှစ်မှာ အရေး ကြီးပြိုင်ပွဲတွေရှိလို့ ရေရှည်လေ့ကျင့်မှု လုပ်တဲ့သဘောပါ။ လာမယ့်နှစ်ထဲမှာ အမျိုးသမီး အသင်းက အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခု ကစားဖို့ရှိပါတယ်။ ဒီပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ အတွက် ပြည်တွင်းပြည်ပခြေစမ်းပွဲတွေ ကစားဖို့လည်း စီစဉ်ထားပါတယ်။ အနည်းဆုံး ခြေစမ်းပွဲ ၂၀ ဝန်းကျင်လောက် ကစားနိုင်ဖို့ စီစဉ်ပါမယ်” ဟု ၎င်းကပြောသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းယှဉ်ပြိုင်မည့် ယခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို မူလကဖိလစ်ပိုင်နိုင်ငံ၌ သြဂုတ်လအတွင်း ကျင်းပရန်စီစဉ်ထားသော် လည်း COVID-19 ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံး အသင်းသည် ၂၀၁၉ ခုနှစ်အတွင်း အာဆီယံ အမျိုးသမီးပြိုင်ပွဲနှင့် ဖိလစ်ပိုင်ဆီးဂိမ်းတို့၌ ကြေးတံဆိပ်ဆုများ ရရှိခဲ့သည်။
ကိုရဲ